ခရာဒိယဇာတ်
From Wikipedia, the free encyclopedia
Remove ads
ဧကကနိပါတ် - ၂- သီလဝဂ် -၁၅- ခရာဒိယဇာတ်။ ။ မိဂမာယာမသင်သဖြင့် ကျော့ကွင်းတွင် အသက်ဆုံးရှုံးရသော ဆုံးမခက်သည့် သမင်ငယ် အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ဆုံးမ မလိုက် တပည့်မိုက်
နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသောအဆုံးမခက်သော ရဟန်းတစ်ပါး ရှိသတတ်။ ထိုရဟန်းသည် သီတင်းသုံးဖော် ဆရာသမားတို့အဆုံးအမ ဩဝါဒကို နာယူလေ့မရှိ။
မြတ်စွာဘုရား သိတော်မူလျှင် ခေါ်တော်မူ၍“ ရဟန်း ... သင် အဆုံးမခက်၏ ဟူသည်မှန်သလော” ဟု မေးတော်မူလျှင် မှန်ပါ၏ ဟုလေဆာက်ထားရာ “ရဟန်း ... သင်ကား ယခုအခါမှ အဆုံးအမခက်သည် မဟုတ်၊ ရှေးအခါ ပညာရှိတို့အဆုံးအမကို မနာယူသဖြင့် ကျော့ကွင်းတွင်မိ၍ အသက်ဆုံးရှုံးရဖူးပြီ” ဟုမိန့်တော်မူပြီးလျှင် အောက်ပါ အတတ်ဇာတ်ကို ဆောင်တော်မူသတည်း။
Remove ads
အတိတ်ဝတ္ထု
မာယာအတွက် အပ်နှင်းလျက်
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်း သမင်မင်းသည် သမင်အပေါင်း ခြံရံလျက်တောတွင်နေ၏။ သမင်မင်း၌ “ခရာဒိယ” မည်သော နှမ သမင်တစ်ကောင် ရှိသတတ်။
ထိုခရာဒိယ မည်သော သမင်မသည် မိမိ၏ သားသမင်ငယ်ကို ဆောင်ယူကာ အစ်ကို သမင်မင်းထံသွား၍ “အစ်ကိုကြီး ... ဤသမင်ငယ်ကားအစ်ကိုကြီး၏ တူ ဖြစ်သည်၊ ဤ သမင်ငယ်အား မိဂမာယာကို သင်ပေးပါ” ဟု အပ်နှင်းလေ၏။
ဆုံးမလေရာ မလိုက်နာ
သမင်မင်းသည်တူ သမင်ငယ်ကို “ အမောင် ... မိဂမာယာကို သင်ကြားရန် ဤအချိန်၌ လာလော့” ဟုမှာထားချိန်းချက်ပြုသော်လည်း မှာထားသော အချိန်၌မလာ၊ ထိုနေ့ ကဲ့သို့ပင် ခုနစ်ရက်ခုနစ်လီ တိုင်အောင် မလာ၊ အဆုံးအမကို မနာယူဘဲ နေလေ၏။
ထိုသမင်ငယ်သည် မိဂမာယာကိုမသင်ကြားဘဲလျက် ကျက်စားလတ်သော် ကျော့ကွင်း၌ မလေ၏။ ထိုအခါ အမိ သမင်မသည်အစ်ကိုကြီးထံသွား၍ “အစ်ကိုကြီး .... တူဖြစ်သော သမင်ငယ်အား မိဂမာယာကို သင်ကြားပေးပါသလော” ဟု မေးလျှင် “ခရာတိယ မည်သော နှမငယ် ... သင်၏သားသည် ငါ့စကားကို နားမထောင်၊ အလွန်ဆုံးမရန် ခက်၏။ သို့အတွက် သင့်သားကိုဆုံဆုံးမဖို့ စိတ်မကူး” ဟု ပြန်ကြား ပြောဆိုလိုက်၏။
အဆုံးမခက်သော သမင်ငယ်လည်းကျော့ကွင်းတွင် မိ၍ မုဆိုးသတ်သဖြင့် အသက်ဆုံးခြင်းသို့ ရောက်ရလေ၏။
Remove ads
ဇာတ်ပေါင်း
ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-
ရဟန်းတို့ -
ထိုအခါ တူဖြစ်သော သမင်မိုက်သည် - ယခုအခါ အဆုံးမခက်သော ရဟန်း။
ခရာဒိယ သမင်မသည် - ဥပ္ပလဝဏ်ထေရီမ။
အဆုံးအမပေးသော သမင်မင်းသည် - ငါဘုရား ဖြစ်လာပြီ -
ဟုဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁)ဆုံးမမခံ၊ မိုက်သူမှန်၊ ဧကန်ပျက်စီးမည်။
(၂)မာယာမသင်၊ ကျော့ကွင်းတွင်၊ သမင်သေရသည်။
ခရာဒိယဇာတ်ပြီး၏။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
