ဇနသန္ဓဇာတ်
From Wikipedia, the free encyclopedia
Remove ads
ဒွါဒသကနိပါတ် - ၄၆၈။ ဇနသန္ဓဇာတ်
နေ့စဉ်နေ့တိုင်း တစ်နေ့လျှင် ခြောက်သိန်းကုန်လှူဒါန်းလျက် တိုင်းသူပြည်သားများအား ကုသိုလ်ကမ္မပထ တရား ပွားများအားထုတ်ရန် ဟောကြား၍ နတ်ရွာ သို့လားစေသော ဇနသန္ဓမင်းကြီးအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
မင်းမာန်ယစ်လျက် မေ့လျော့ချက်
နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးသည် အစိုးရခြင်းမာန်ယစ်သဖြင့် ကိလေသာ မြူး၏။ တရားလည်း မဆုံးဖြတ်၊ မြတ်စွာဘုရားထံလည်း ဆည်းကပ်မကပ်လေ။ တစ်နေ့သ၌ သတိရ၍ မြတ်စွာဘုရားထံသို့ ဆည်းကပ်လေ၏။
ထိုအခါ မြတ်စွာဘုရားသည် ကောသလမင်းကြီးအား ကြာမြင့်မှ လာခြင်းအကြောင်းကို မေးတော်မူပြီးလျှင် “မြတ်သောမင်းကြီး အဆုံးအမပေးတတ်သော ငါဘုရား ရှိပါလျက် အဘယ်ကြောင့် မလာသနည်း၊ ငါဘုရားဆုံးမအပ်သည်ဖြစ်၍ သင်မင်းကြီးသည် တရားနှင့်အညီ မင်းပြုပေ၏။ ထိုသို့ တရားနှင့်အညီ မင်းပြုခြင်းကား အံ့ဘွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ဆုံးမတတ်သောသူ မရှိသော်လည်း မိမိတို့ပကတိသဘောအားဖြင့် သုစရိုက်သုံးပါး၌ တည်ကာ တရားနှင့်အညီ မင်းပြုဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
Remove ads
အတိတ်ဝတ္ထု
အလှူဝတ်ပြည့်စုံ ၆-သိန်းကုန်
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ သားတော်ဖြစ်၍ ဇနသန္ဓအမည်ရှိသတတ်။ ထိုဇနသန္ဓမင်းသားသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာသင်ကြားပြီးလျှင် ခမည်းတော်မင်းကြီးထံ ပြန်ရောက်လာသောအခါ ခမည်းတော်မင်းကြီးသည် အိမ်ရှေ့မင်းအဖြစ်ကို ပေးလေ၏။
ခမည်းတော်မင်းကြီး နတ်ရွာစံသောအခါ မင်းအဖြစ်ကိုရ၍ ဇနသန္ဓမင်းဟု ထင်ရှားလေ၏။ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော်တံခါး ဤခြောက်ဌာနတို့၌ အလှူတင်းကုပ်တို့ကို ဆောက်လုပ်စေပြီးလျှင် နေ့တိုင်း နေ့တိုင်း ခြောက်သိန်းသော အသပြာတို့ကို အကုန်အကျခံကာ အလှူကြီးကို ပေးလှူလေ၏။ နှောင်အိမ်တို့ကိုလည်း အမြဲဟင်းလင်းပွင့်စေ၏။ သင်္ဂဟတရားလေးပါးတို့ဖြင့် လူအပေါင်းတို့အား သင်္ဂြိုဟ်ထောက်ပံ့တော်မူ၏။ ငါးပါးသီလ၊ ရှစ်ပါးသီလကို ဆောက်တည်လျက် တရားနှင့်အညီ မင်းပြုလေ၏။
Remove ads
နောက်ဖြစ်ဆင်ခြင် သတိဝင်
လူအပေါင်းတို့ကိုလည်း “အလှူပေးကြကုန်၊ သီလဆောက်တည်ကြကုန်၊ ဘာဝနာကို ပွားများကြကုန်၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို ကြိုးစားအားထုတ်ကြကုန်” ဟု ဆုံးမ၏၊ တရားဟော၏။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသောအခါ၌ ဇနသန္ဓမင်းကြီး ဟောအပ်သော တရားတို့ကို ကောသလမင်းကြီးအား ထင်ရှားစွာဟောပြတော်မူ၏။
“မြတ်သောမင်းကြီး... ဤဆယ်ပါးသော အကြောင်းအရာ လုပ်ငန်းကိစ္စတို့ကို ရှေးအခါ၌ မပြုလုပ်ခဲ့မိသောသူသည် နောက်အခါ၌ စိုးရိမ်ပူပန်ရတတ်၏”ဟု ဇနသန္ဓမင်းကြီး ဟောခဲ့သတတ်။ “ရသင့်ရထိုက်သော ဥစ္စာပစ္စည်းကို မရသည်ရှိသော် စိုးရိမ်ပူပန်ရ၏။ ငါသည် ငယ်ရွယ်စဉ်အခါ ပစ္စည်းဥစ္စာကို မဆည်းပူး၊ မစုဆောင်းမိဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏”။
Remove ads
သတိဖြစ်မှု သံဝေပြု
အတတ်ပညာမရှိသူအား အသက်မွေးရခြင်းသည် ဆင်းရဲငြိုငြင်လှ၏။ “ငါသည် ငယ်ရွယ်စဉ်အခါ၌ အတတ်ပညာကို မသင်ကြားခဲ့မိပေ”ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။
“ငါသည် ငယ်ရွယ်စဉ်အခါ၌ ကောက်ကျစ်စဉ်းလဲသောအမှုကို ပြုခဲ့မိ၏။ သူတစ်ပါးကျောကုန်းသားကို စားသကဲ့သို့ ချောပစ်ကုန်းတိုက်သော စကားကိုဆိုမိခဲ့၏၊ ကြမ်းကြုတ်သောစကားကို ဆိုမိခဲ့၏”ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။
“ငါသည် ငယ်ရွယ်စဉ်အခါ သူ့အသက်ကို သတ်မိ၏၊ ရက်စက်ကြမ်းကြုတ်ခဲ့၏၊ ယုတ်မာခဲ့၏၊ သတ္တဝါတို့၌ သနားခြင်းကို မပြုခဲ့မိ”ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။
“ငါသည် ငယ်ရွယ်စဉ်အခါ သူ့တစ်ပါးတို့ မသိမ်းဆည်းအပ်သော မိန်းမအများရှိပါလျက် သူတစ်ပါးမယားကို မှီဝဲကျူးလွန်မိ၏”ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။
Remove ads
ကိုယ်ကျင့်မရှိမူ စိုးရိမ်ပူ
“ငါသည် ငယ်ရွယ်စဉ်အခါ ထမင်းအဖျော် ဥစ္စာစီးပွားများရှိပါလျက် အလှူဒါနကို မလှူဒါန်းမိခဲ့”ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။
“ငါသည် ငယ်ရွယ်စဉ်အခါ၌ ဥစ္စာအား၊ ကိုယ်အားဖြင့် စွမ်းနိုင်ပါလျက် အိုမင်းသော အမိအဘတို့ကို မကျွေးမွေးမိခဲ့”ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။
“ငါသည် လက်ဦးဆရာဖြစ်၍ ဆုံးမပဲ့ပြင်လျက် အလုံးစုံသော ဝတ္ထုကာမအရသာကို ဆောင်၍ ကျွေးမွေးပေသော အဘကို မထေမဲ့မြင် ပြုမိခဲ့၏”ဟု နောက်အခါ စိုးရိမ်ပူပန်ရ၏။
Remove ads
ကောင်းမှုပြုရာ စိုးရိမ်ကွာ
“ငါသည် ရှေးအခါ သီလရှိ၍ ဗဟုဿုတများသော ရဟန်းပုဏ္ဏားတို့ကို မဆည်းကပ်မိခဲ့”ဟု နောက်အခါ စိုးရိမ်ပူပန်၏။
“ငါသည် ရှေးအခါ ငြိမ်သက်သော ဆည်းကပ်အပ်သော ခြိုးခြံသောအကျင့်ရှိပါလျက် မကျင့်မိခဲ့”ဟု နောက်အခါ စိုးရိမ်ပူပန်ရ၏။ “မြတ်သောမင်းကြီး... ဤဆယ်ပါးသော အကြောင်းအရာ လုပ်ငန်းကိစ္စတို့ကို ပြုလုပ်ခဲ့မိသောသူသည် နောက်အခါ၌ စိုးရိမ်ပူပန်ခြင်းမရှိပါ”—
ဟု လခွဲ တစ်ကြိမ် လူအများအား တရားဟော၏။ လူအများလည်း ဇနသန္ဓမင်းကြီး၏ အဆုံးအမ၌ တည်လျက် ဆယ်ပါးသော အကြောင်းအရာ လုပ်ငန်းကိစ္စတို့ကို ပြုလုပ်ဆည်းပူးကြသဖြင့် သေလွန်သောအခါ နတ်ပြည်သို့ လားကြရ၏။
Remove ads
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်– ရဟန်းတို့...
- ရှေ့အခါ ဇနသန္ဓမင်းကြီး၏ ပရိသတ်သည်-ယခုအခါ ငါဘုရား၏ ပရိသတ်။
- ဇနသန္ဓမင်းကြီးသည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
(၁) ဥစ္စာမရ၊ ငယ်စဉ်က၊ နောင်တပူပန်မည်။
(၂) ပညာမရ၊ ငယ်စဉ်က၊ နောင်တပူပန်မည်။
(၃) စဉ်းလဲတဖြာ၊ ကုန်းချောလာ၊ နောင်ခါပူပန်မည်။
(၄) သနားမညှာ၊ သတ်ပုတ်လာ၊ နောင်ခါပူပန်မည်။
(၅) သူ့မယားသာ၊ လွန်ကျူးသာ၊ နောင်ခါပူပန်မည်။
(၆) ဥစ္စာရှိခိုက်၊ မလှူလိုက်၊ နောင်၌ပူပန်မည်။
(၇) အမိအဘ၊ မကျွေးက၊ နောင်တပူပန်မည်။
(၈) မထေပြလျှင်၊ ဆရာရှင်၊ နောင်တွင်ပူပန်မည်။
(၉) ရဟန်းပုဏ္ဏား၊ မကပ်ငြား၊ နောင်ကားပူပန်မည်။
(၁၀) ခြိုးခြံကျင့်ကောင်း၊ မကျင့်တောင်း၊ နောင်နှောင်းပူပန်မည်။
ဇနသန္ဓဇာတ်ပြီး၏။
ဆောင်ပုဒ်
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
