တစ္ဆကသူကရဇာတ်
From Wikipedia, the free encyclopedia
Remove ads
ပကိဏ္ဏကနိပါတ် -၄၉၂-တစ္ဆကသူကရဇာတ် ဆွေမျိုးအပေါင်း၏ ရန်သူဖြစ်သော ကျားနှင့် ရသေ့အား ပဒုမဗျူဟာစစ်ဆင်နည်းဖြင့် ဆင်၍ အောင်ပွဲရအောင် ဆောင်ရွက်သော တစ္ဆေကသူကရဝက်မင်းအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
စစ်ရေးရှုံးမှု စုံစမ်းပြု
နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မဟာကောသလမင်းကြီးသည် “သမီးတော်ဝေဒေဟီကို ဗိမ္ဗိသာရမင်းအားပေးသည်ရှိသော် ရေချိုးကသယ်မှုန့်တို့အတွက် သမီးတော်အား ကာသိကရွာကိုပေးခဲ့၏။ သားတော်ပသေနဒီကောသလမင်းလက်ထက်သို့ရောက်သောအခါ သားတော်အဇာတသတ်မင်းသတ်၍ ဗိမ္ဗိသာရမင်းကြီးသေလွန်သည်ရှိသော် ခမည်းတော်လက်ထက်ကပေးခဲ့သော ကာသိကရွာကိုပြန်၍လုယူရန် တူတော်အဇာတသတ်မင်းနှင့်စစ်တိုက်ခဲ့၏၊ ကောသလမင်းကြီးသည် ရှုံးလေ၏။
ထိုအခါ ကောသလမင်းကြီးသည် အမတ်တို့ကိုခေါ်၍ အဇာတသတ်မင်းကိုဖမ်းရန်အကြောင်းကိုမေး၏။ အမတ်တို့သည် “ရဟန်းတို့ကား အတိုင်အပင်၌အလွန်လိမ်မာကုန်၏၊ သူလျှိုတို့ကိုလွှတ်၍စုံစမ်းတော်မူရန်”လျှောက်ထားကုန်၏။ မင်းကြီးသည်သဘောကျသဖြင့် သူလျှိုတို့ကိုလွှတ်ကာ ရဟန်းတို့ထံစုံစမ်းစေ၏။ သူလျှိုတို့လည်း ညအခါ ရဟန်းကျောင်းတို့၌ အနှံ့အပြားစုံစမ်းကုန်၏။
Remove ads
မထရ်အိုဆွေးနွေး စစ်ဆင်ရေး
ထိုအခိုက် ဓနုဂ္ဂဟတိဿမည်သော မထေရ်အိုနှင့် မန္တိဒတ္တမည်သော မထေရ်အိုနှစ်ပါးတို့သည် ကျောင်းတို့၏အစွန်ဆုံးကျောင်း၌ အတူတကွနေကုန်၏။ ထိုနှစ်ပါးတို့တွင် ဓနုဂ္ဂဟတိဿမထေရ်အိုသည် နံနက်မိုးသောက်ထအခါ မီးမွေး၍ မီးလှုံနေရင်း “အို-မန္တိဒတ္တ... အိပ်ပျော်နေသေးသလော”ဟုမေး၏။ “အရှင်ဘုရားမပျော်ပါ၊ အသို့ပြုရအံ့နည်း”ဟုမေးပြန်၏။ “အရှင်ဘုရား... ဤကောသလမင်းကြီးကား မိုက်စွတကား၊ တစ်အိုးချက်မျှ ထမင်းကိုစားရန်သာသိသည်၊ သားငယ်မျှလောက်ရှိသောအဇာတသတ်မင်းကိုစစ်ရှုံးဘိ၏၊” “အရှင်ဘုရားနိုင်အောင်အဘယ်သို့တိုက်သင့်သနည်း”ဟုမေး၏။ “အရှင်ဘုရား... စစ်ဆင်နည်းကား သကဋဗျူဟာ၊ စက္ကဗျူဟာ၊ ပဒုမဗျူဟာဟူ၍သုံးမျိုးရှိသည်၊ ထိုသုံးမျိုးတို့တွင် အင်အားတူသော အဇာတသတ်မင်းကိုဖမ်းယူလိုလျှင် သကဋဗျူဟာစစ်ဆင်နည်းဖြင့်ဖမ်းယူရမည်၊ ဤမည်သောတောင်ကွေ့ဝယ် နံဘေးနှစ်ဘက်တို့၌ စစ်သည်တို့ကိုထားကာ မှဗိုလ်ထုကိုပြ၍ အတွင်းသို့ရွှေလာသည်ကိုသိလျှင် ဟစ်ကြွေးကြော်ငြာကာ ပြုံးဝင်မှားသောငါးကဲ့သို့ နှစ်ဘက်ပိတ်၍ဖမ်းလျှင်ခံနိုင်ရိုးလား၊ မုချမိရမည်”ဟု တိုင်ပင်ပြောဆိုလေ၏။
စစ်ရေးပိုင်ပိုင် ကောသလနိုင်
ထိုအခါ မင်းချင်းသူလျှိုတို့သည် သေချာစွာမှတ်သား၍ မင်းကြီးအားလျှောက်ထားကုန်၏။ မင်းကြီးလည်း စစ်သည်ဗိုလ်ထုဖြင့် မြို့တော်မှထွက်၍ မထေရ်အိုတို့ပြောဆိုသောနည်းအတိုင်း သကဋဗျူဟာစစ်ဆင်နည်းမျိုးဖြင့် အဇာတသတ်မင်းကိုဖမ်းရာ မိလေ၏။ နှစ်ရက်သုံးရက် သံခြေကျဉ်းခတ်လျက် နှောင်အိမ်၌သွင်းကာညှဉ်းဆဲလေ၏။ တစ်ဖန် “ဤသို့သောအမှုကိုမပြုလင့်”ဟုပြောဆိုခြိမ်းချောက်၍ နှောင်အိမ်မှလွှတ်ပြီးလျှင် ဝဇီရကိုမည်သောသမီးတော်ကိုပေး၍ များစွာသောအခြံအရံဖြင့်လွှတ်လိုက်၏။ ကောသလမင်းကြီးသည် ဓနုဂ္ဂဟတိဿမထေရ်အို၏ အစီအရင်ဖြင့် အဇာတသတ်မင်းကိုဖမ်းယူသည်ဟူသောစကားမှာ သံဃာ့ဘောင်ဝယ် အလွန်ထင်ရှား၏။
တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် ဓနုဂ္ဂဟတိဿမထေရ်အို၏အကြောင်းကို စကားစပ်မိ၍ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ ထိုအကြောင်းကိုသိတော်မူလျှင်– “ရဟန်းတို့... ဓနုဂ္ဂဟတိဿမထေရ်သည် ယခုအခါ၌သာ စစ်ဆင်နည်း၌လိမ်မာသည်မဟုတ်၊ ရှေးအခါ၌လည်းလိမ်မာခဲ့ပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
---
Remove ads
အတိတ်ဝတ္ထု
ကူညီလုပ်ဘက် အိမ်မွေးဝက်
လွန်လေပြီးသောအခါ ဗာရာဏသီပြည် မြို့တံခါးအနီး ရွာငယ်၌နေသော လက်သမားတစ်ဦးသည် သစ်ယူရန်တောသို့သွားရာ တွင်းထဲသို့ကျ၍နေသောဝက်ငယ်တစ်ကောင်ကိုမြင်လျှင် အိမ်သို့ဆောင်ယူကာကျွေးမွေး၍ထား၏။ အမည်ကို တစ္ဆေကသူကရဟုမှည့်ခေါ်၏၊ ထိုဝက်သည် လက်သမားအား အလွန်ကျေးဇူးများ၏၊ နှုတ်သီးဖြင့်သစ်တို့ကိုလှိမ့်၍ပေး၏၊ အစွယ်ဖြင့်ရစ်ကာမျဉ်းကြိုးကိုကိုင်၏၊ နှုတ်သီးဖြင့်ကိုက်ချီကာ ပဲခွပ်ပုဆိန်တို့ကိုဆောင်ယူ၏။
အရွယ်သို့ရောက်လတ်သော် ကိုယ်လုံးကိုယ်ပေါက်ကြီးထွား၏၊ အလွန်အားကောင်း၏၊ လက်သမားလည်း ထိုဝက်ကိုသားသမီးကဲ့သို့ချစ်ခင်၏။ တစ်နေ့သ၌ လက်သမားသည် ထိုဝက်ကိုဤအိမ်၌ထားသည်ရှိသော် တစ်စုံတစ်ယောက်သောသူသည် သတ်ဖြတ်ညှဉ်းဆဲရာ၏ဟုကြံစည်ပြီးလျှင် ဝက်ကိုတော၌လွှတ်လေ၏။
Remove ads
ဝက်တွေပေါင်းစု ကျားအံတု
ဝက်လည်း “ငါသည်ဤတော၌တစ်ကောင်တည်းနေခြင်းငှါမတတ်နိုင်၊ အဆွေအမျိုးတို့ကိုရှာ၍၎င်းတို့နှင့်အတူတကွနေမည်”ဟုကြံစည်လျက် ဝက်တို့ကိုရှာလတ်သော် ဝက်တို့ကိုမြင်လျှင် ဝမ်းသာသည်ဖြစ်၍—
“အဆွေတို့... အဆွေတို့ကိုရှာဖွေသောငါသည် တောတောင်အနှံ့လှည့်လည်ခဲ့ပြီ၊ ယခုအခါ ငါသည်အဆွေတို့ကိုရခဲ့ပြီ၊ ဤသစ်မြစ်သစ်သီးအစာတို့လည်းပေါများကုန်၏၊ ဤတောင်ဤမြစ်တို့လည်း မွေ့လျော်ဖွယ်ရှိကုန်၏၊ ချမ်းချမ်းသာသာဖြစ်လိမ့်မည်၊ ငါသည်ဤအရပ်၌လျှင် အလုံးစုံသောအဆွေတို့နှင့် မကြောင့်ကြဘဲ မန္ဈရှားဘဲ မစိုးရိမ်ဘဲ ဘေးရန်မရှိဘဲနေရပေလတ္တံ့”—
ဟု ရှေးဦးစွာစတင်၍ ပဋိသန္ဓာရစကားပြောကြားလေ၏၊ ထိုဘစ္ဆကသူကရ၏စကားကို ဝက်အပေါင်းတို့ကြားလျှင်—
“အဆွေတစ္ဆေက... အခြားပုန်းကွယ်ရာအရပ်ကိုရှာပါ၊ ဤအရပ်၌ ငါတို့အား ရန်သူရှိသည်၊ ထိုရန်သူသည်လာလတ်၍ ဆူနိုးရာရာဝက်တို့ကိုသတ်၍စား၏”—
ဟု ရန်သူရှိကြောင်းကိုပြောကြားကုန်၏၊ ထိုအခါ တစ္ဆေကသူကရသည်–
“အဆွေတို့... ဤအရပ်၌ငါတို့ရန်သူကား အဘယ်သူနည်း၊ ညီညွတ်နေသောငါတို့အားဖျက်ဆီးသောရန်သူကိုပြောကြားပါ”—
ဟု ရန်သူကိုမေးလေ၏။ ထိုအခါ ဝက်တို့သည်–
“အဆွေတစ္ဆေက... တက်သောနီမြန်းသောအရေးအကြောင်းရှိ၍ ခွန်အားကြီးမားလျက် ထက်သောအစွယ်ရှိသောသားမင်းဖြစ်သောကျားသည် ဤအရပ်သို့လာလတ်၍ ဆူနိုးရာရာဝက်တို့ကိုသတ်၍စား၏”—
ဟု ရန်သူကျားရှိကြောင်းကိုပြောကြားကုန်၏။
“အဆွေတို့... ငါတို့အားလည်း အစွယ်ရှိသည်မဟုတ်ကုန်လော၊ အပေါင်းအစုဖြစ်သောဝက်တို့၏ဗိုလ်ထု၌ ငါတို့အလုံးစုံသည် အညီအညွတ်ဖြစ်ကြ၍ တစ်ကောင်တည်းသောကျားကို ငါတို့အလိုသို့လိုက်အောင်ပြုမည်”—
ဟု အကြံပေးလေ၏။ ထိုအခါ ဝက်အပေါင်းတို့သည် တစ္ဆေကဝက်၏စကားကိုအလွန်နှစ်သက်ကုန်သည်ဖြစ်၍–
“အို-ဝက်မင်း... သင်သည် နားချမ်းသာ၍စိတ်နှလုံးသို့သက်ဝင်သောစကားကိုပြောဆိုပေ၏၊ စစ်ထိုးရာ၌ထွက်ပြေးသောဝက်ကို ငါတို့နောက်မှသတ်ကုန်အံ့”—
ဟုအညီအညွတ် ဝက်မင်းအားဝန်ခံကုန်၏။ ထို့နောက် ဝက်မင်းသည် “အချင်းတို့... ကျားဘယ်အခါလာသနည်း”ဟုမေး၏။ “အရှင်တစ္ဆေက... ယနေ့နံနက်ကပင် ဝက်တစ်ကောင်ကိုယူသွားခဲ့ပြီ၊ နက်ဖြန်နံနက်အခါ လာပါလိမ့်ဦးမည်”ဟုပြောဆိုကုန်၏။
Remove ads
အောင်မြေပေါ်မှ စစ်ဆင်ကြ
တစ္ဆေကဝက်ကား စစ်ထိုးခြင်း၌ အလွန်လိမ်မာ၏၊ စစ်အောင်ရာဘူမိနက်သံမြေကြန်အတတ်ကို ကောင်းစွာတတ်မြောက်၏၊ ထို့ကြောင့် တစ်ခုသောအရပ်ကိုမှတ်ပြီးလျှင် ညဉ့်အခါ၌ပင် ဝက်တို့ကိုအစာကိုဝအောင်စားစေ၍ နံနက်စောစောကလျှင် စစ်ဆင်နည်းသုံးမျိုးတို့တွင် ပဒုမဗျူဟာစစ်ဆင်နည်းကိုစီရင်၏။
ပဒုမဗျူဟာစစ်ဆင်နည်း
ဝက်တို့ကို အညီအညွတ်စည်းဝေးစေပြီးလျှင် အလယ်အရပ်၌ ဝက်ငယ်တို့ကိုထား၏၊ ဝက်ငယ်တို့ကိုရံ၍ မိခင်ဝက်မတို့ကိုထား၏၊ ဝက်မတို့ကိုရံ၍ ဝက်ပျိုမတို့ကိုထား၏၊ ဝက်ပျိုမတို့၏အကြားအကြား၌ အစွယ်ရှိသောဝက်ပျိုတို့ကိုထား၏၊ ဝက်ပျိုတို့၏အကြားအကြား၌ ဝက်အိုတို့ကိုထား၏၊ ဝက်အိုတို့ကိုဝန်းရံကာ ဆယ်စီး၊ နှစ်ဆယ်၊ သုံးဆယ်အစုအစုပြု၍ ဗိုလ်စုကိုထား၏၊ မိမိအောင်းရန်တွင်းတစ်ခုကိုတူး၏၊ ကျားလာသောအခါကျရန် မန်းဆန်ကောသဏ္ဌာန်တွင်းကောက်တစ်ခုကို အောက်ကျယ်အဝကျဉ်းပြု၍တူး၏၊ တွင်းနှစ်ခုတို့အကြား၌ မိမိနေရာမြေပလ္လင်ကိုပြု၍ထား၏၊ ထို့နောက် တစ္ဆေကဝက်သည်အားအစွမ်းနှင့်ပြည့်စုံသောဝက်သူရဲကောင်းတို့ကိုခေါ်၍ လှည့်လည်ကာဝက်တို့ကိုအားပေး၏၊ အလုံးစုံစီရင်၍ပြီးလျှင်နေသည်ထွက်လေ၏။
ထိုအခါ ကျားသည် ရသေ့စဉ်းလဲကျောင်းမှထွက်၍ တောင်ထိပ်သို့တက်ကာ မတ်တတ်ရပ်လာ၏၊ ဝက်တို့သည် ကျားကိုမြင်လျှင် “ရန်သူလာပြီ၊ ရန်သူလာပြီ”ဟု တစ္ဆေကဝက်အားပြောကြားကုန်၏။ တစ္ဆေကဝက်လည်း “အဆွေတို့... မကြောက်ကြကုန်လင့်၊ ကျားပြုလုပ်သကဲ့သို့ အတုပြုကာမခံ့လေးစားပြုကြကုန်”ဟု နည်းပေးလေ၏၊ ကျားသည် ကိုယ်ကိုခါ၍ နောက်သို့ဆုတ်သကဲ့သို့ပြုလျက် ကျင်ငယ်စွန့်၏၊ ဝက်တို့ကျားအတူပြုလုပ်ကုန်၏၊ ကျားသည်ကျယ်စွာသောအသံကိုမြည်၏၊ ဝက်တို့လည်းကျယ်စွာသောအသံကိုမြည်ကုန်၏၊ ဝက်တို့သည် ကျားပြုတိုင်းအတုလိုက်၍ပြုကြကုန်၏။
ရသေ့စဉ်းလဲ ကျားနှင့်တွဲ
ထို့နောက် ကျားသည် ဝက်တို့အမူအရာကိုမြင်လျှင် “ဝက်တို့ကားရှေးအခါနှင့်မတူကုန်၊ ယနေ့ ငါ့ရန်သူဖြစ်ကုန်၏၊ အစုအစုတည်ကုန်၏၊ ထိုဝက်တို့အားစစ်ထိုးရန်စီမံပေးသောအကြီးအမှူးလည်းရှိတန်ရာ၏၊ ယနေ့ငါဝက်တို့ထံသွားခြင်းငှါမသင့်”ဟုကြံစည်၍ သေဘေးမှကြောက်သဖြင့် ရသေ့စဉ်းလဲထံပြန်လေ၏။ ရသေ့စဉ်းလဲသည် လက်ချည်းအချည်းနှီးပြန်လာသောကျားကိုမြင်လျှင်–
“အို-ကျား... ယနေ့သင်သည်သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ထားသလော၊ အလုံးစုံသောသတ္တဝါတို့၌ ဘေးမဲ့ပေး၍ထားသလော၊ ဝက်အပေါင်းထံရောက်ပါလျက် လက်ချည်းပြန်ကာ ကြံမှိုင်ဘိ၏၊ သင့်အားသားတို့ကိုသတ်ဘို့အစွယ်တို့မရှိကုန်သလော့”—
ဟု မေးမြန်းကာ ပြက်ရယ်စကားပြောကြားလေ၏၊ ထိုအခါကျားသည်–
“အို-ရှင်ရသေ့... ငါ့အားသတ်ဘို့အစွယ်တို့သည်ရှိပါကုန်၏၊ ဝက်တို့သည်ဗိုလ်ပါစုဝေးလျက်ရှိ၏၊ ငါသည်ဝက်တို့အညီအညွတ် တပေါင်းတည်းနေသည်ကိုမြင်ရသောကြောင့် တော၌တစ်ကောင်တည်းကြံမှိုင်ပါ၏။
ဤဝက်တို့သည် ရှေးအခါငါ့ကိုမြင်လျှင်တော်မိတော်ရာဒလကြမ်းပြေးကုန်၏၊ သေဘေးမှကြောက်သဖြင့် အသီးအသီးပုန်းအောင်းရာကိုရှာကုန်၏၊ ယခုကားတပေါင်းတည်းစုဝေးကာနေကုန်၏၊ ထို့ကြောင့်ငါသည်ဝက်တို့ကိုမနှိပ်စက်ဝံ့ပါ။
အကြီးအမှူးနှင့်ပြည့်စုံလျက် တပေါင်းတစုတည်းအတူတကွသွားလာကုန်၏၊ ထိုဝက်တို့သည်အညီအညွတ် ငါ့ကိုညှင်းဆဲကုန်ရာ၏၊ ထို့ကြောင့် ထိုဝက်တို့ကိုငါသည်မတောင့်တတော့ပြီ”—
ဟု မိမိပြန်လာခဲ့ရခြင်းအကြောင်းကိုပြောကြားလေ၏၊ ထိုအခါ ရသေ့စဉ်းလဲသည်–
“အဆွေကျား... သိကြားမင်းသည် တစ်ယောက်တည်းအသုရာတို့ကိုအောင်နိုင်၏၊ သိန်းငှက်သည် တစ်ကောင်တည်းငှက်အပေါင်းကိုသတ်နိုင်၏၊ ကျားသည်တစ်ကောင်တည်းဝက်အပေါင်းကိုသတ်နိုင်၏၊ အမှန်မှာ ဝက်အပေါင်းကိုသတ်နိုင်သောကျား၏ခွန်အားဗလကား သင်ကဲ့သို့ပင်တည်း”—
ဟု ကျားကိုမြှောက်ပင့်၍အားပေးပြန်၏၊ ထိုအခါကျားသည်–
“အို-ရှင်ရသေ့ အညီအညွတ်တပေါင်းတည်းဖြစ်ကုန်သောသူတို့ကို သိကြားမင်းသည်၎င်း၊ သိန်းငှက်သည်၎င်း၊ ကျားသည်၎င်း၊ မအောင်မြင်နိုင် မိမိအလိုသို့လိုက်သည်ကိုမပြုနိုင်”—
ဟု အကြောင်းကိုရှင်းလင်း၍ပြောပြန်၏။ ထိုအခါ ရသေ့စဉ်းလဲသည် တစ်ဖန်–
“အဆွေကျား... ကုမ္ဘိလကအမည်ရှိသောငှက်တို့သည် ကောင်းကင်၌အညီအညွတ်တပေါင်းတည်းသွားကြကုန်၏၊ ထိုပျံသွားသောငှက်အပေါင်းတို့တွင် တစ်ကောင်သောငှက်ငယ်သည် အစွန်းတစ်ဘက်ဖြင့်ပျံသွား၏၊ ထိုငှက်ကိုသိန်းသည် ရေဖမ်းယူနိုင်၏၊ ထိုအတူ သင်လည်း အစွန်းကျသောဝက်ကိုဖမ်းယူနိုင်၏”—
ဟု အကြောင်းပြကာအားပေးတိုက်တွန်းပြန်၏။
Remove ads
ကျားနှင့်စစ်ပြိုင် ဝက်တို့နိုင်
ကျားသည် ရသေ့စဉ်းလဲ၏အားပေးစကားကိုကြားပြန်လျှင် အားတက်လာ၍ အရဖမ်းမည်ဟု တောင်ထိပ်သို့တက်ကာရပ်ပြန်၏။ ဝက်တို့မြင်လျှင် “ကျားသူခိုးကြီးလာပြန်ပြီ”ဟု တစ္ဆေကဝက်အားပြောကြားပြန်ကုန်၏။ တစ္ဆေကဝက်လည်း “လာပါစေမကြောက်ကြကုန်လင့်”ဟု အားပေး၍ တွင်းနှစ်ခုကြား မြေပလ္လင်ပေါ်သို့တက်ကာ စောင့်လင့်၏။ ကျားသည် ... တစ္ဆေကဝက်ရှိရာသို့တဟုန်တည်းပြေးဆင်းလာ၏၊ တစ္ဆေကဝက်သည် ပြန်လည်၍နောက်သို့မျက်နှာပြုလျက် ရွှေတွင်း၌ဆင်း၏၊ ကျားလည်းအဟုန်ကိုမသတ်နိုင်သဖြင့် မန်းဆန်ကောနှင့်တူသောတွင်းသို့ကျရာ လက်အုပ်ချီသကဲ့သို့ဖြစ်၍တည်၏။
ထိုအခိုက် တစ္ဆေကဝက်သည် လျှင်မြန်စွာထ၍ ကျား၏ပေါင်ကြားမှနှလုံးကျောက်ကပ်တိုင်အောင် အစွယ်ဖြင့်ခွဲကာ အသားကိုစားပြီးလျှင် နှုတ်သီးဖြင့်ချီကိုက်၍ တွင်းအဝ၌ချပြီးလျှင် “ဤကျွန်စုတ်ကိုယူကြကုန်လော”ဟုပြောလေ၏၊ ဝက်တို့သည်လာ၍ ကျားသားကိုစားကုန်၏၊ ရှေးဦးစွာလာလေသောဝက်တို့သည် နှုတ်သီးစွတ်လောက်ရုံမျှစားရကုန်၏၊ နောက်မှလာသောဝက်တို့ကား မစားရသဖြင့် စားရသောဝက်တို့နှုတ်သီးကိုသာနမ်းကြရကုန်၏။
Remove ads
အကြံပေးရသေ့ ဝက်ဘေးတွေ့
တစ္ဆေကဝက်လည်း တွင်းမှတက်ပြီးလျှင် ဝက်တို့ကိုကြည့်၍ “အချင်းတို့... အသို့နည်း၊ နှစ်သက်ကြကုန်၏လော”ဟုမေး၏။ “အရှင်... ကျားကိုဖမ်းပြီးရုံဖြင့် မနှစ်သက်နိုင်သေးပါ၊ ကျား၏ကျွန်ရှိသေးသည်”ဟုပြော၏။ “အချင်းတို့... ကျား၏ကျွန်ကားအဘယ်သူနည်း”ဟုမေး၏။ “အရှင်ကျား-ဆောင်ခဲ့တိုင်းဆောင်ခဲ့တိုင်းအသားကိုစားနေသော ရသေ့စဉ်းလဲဖြစ်ပါသည်”ဟုပြောကြ၏။ “အချင်းတို့လာကြကုန်ရသေ့စဉ်းလဲကိုလည်းဖမ်းကြကုန်အံ့”ဟု ဝက်တို့နှင့်အတူလျင်မြန်စွာပြေးလေ၏၊ ရသေ့စဉ်းလဲလည်း ကျားသည်ကြာမြင့်လှ၏ကျားလာမည့်လမ်းခရီးကိုမြှော်၍ကြည့်လတ်သော် “ဤဝက်တို့ကား ကျားကိုသတ်ပြီး၍ ငါ့ကိုသတ်ရန်လာကြယောင်တကား”ဟု သေဘေးမှကြောက်သဖြင့် အတင်းပြေးလွှားကာနီးရာရေသဖန်းပင်သို့တက်လေ၏။
ဝက်တို့မြင်လျှင် ရေသဖန်းပင်သို့လိုက်ကုန်၏၊ တစ္ဆေကဝက်သည် ဝက်ပျိုတို့ကိုခေါ်၍ သစ်ပင်ရင်းမှမြေတို့ကိုယက်စေကုန်၏၊ ဝက်မတို့ကိုမြစ်မှရေကိုငုံ၍ထွေးစေကုန်၏၊ မကြာမီ ရေသန်းမြစ်တို့သည်ပေါ်လာကုန်၏၊ ထိုအခါ အစွယ်ထက်သောဝက်တို့ကိုအမြစ်တို့ကိုဖြတ်စေ၏ အားလုံးအမြစ်တို့ပြတ်၍ ခေါင်မြစ်ကြီးတစ်မြစ်သာကျန်တော့၏၊ ထိုအခါ တစ္ဆေကဝက်သည် ဝက်တို့ကိုဖယ်စေ၍ ကိုယ်တိုင်တစ်ချက်တည်းကိုက်ဖြတ်လေ၏၊ ခေါင်မြစ်ပြတ်လျှင် ရေသဖန်းပင်သည်လဲ၍ ရသေ့စဉ်းလဲမြေသို့ကျလေ၏၊ ဝက်တို့ပြေးလာကြ၍ ရသေ့စဉ်းလဲ၏အသားကိုစားကြကုန်၏။ ထိုအံ့ဘွယ်သရဲကိုမြင်၍ ရုက္ခစိုးနတ်သည်–
“အချင်းတို့များစွာစည်းရုံးကုန်သောဆွေမျိုးတို့သည်ကောင်းကုန်၏၊ တော၌ဖြစ်၍ များစွာစည်းရုံးကုန်သောသစ်ပင်တို့သည်ကောင်းကုန်၏၊ ညီညွတ်သောဝက်တို့သည် တစ်ကောင်တည်းသွားသောကျားကိုသတ်အပ်၏”—
ဟုချီးကျူးလေ၏၊ ထို့နောက် ဝက်တို့သည် ကျားနှင့်ရသေ့စဉ်းလဲနှစ်ယောက်လုံးသေလျှင် အလွန်နှစ်သက်ကုန်လျက် ဝမ်းမြောက်ဝမ်းသာအသံကျယ်စွာမြည်ကုန်၏၊ တစ္ဆေကဝက်သည် တစ်ဖန် “သင်တို့ရန်သူရှိသေးသလော”ဟုမေးပြန်၏၊ ဝက်တို့သည် “မရှိပါ”ဟုဖြေဆိုကုန်၏၊ ရန်သူကိုအောင်မြင်ပြီးသောအခါ ဝက်တို့သည် တစ္ဆေကဝက်ကိုရေသဖန်းတုံးပေါ်၌ထိုင်စေလျက် သင့်လျော်သောဝက်မတစ်ကောင်နှင့်အတူ ရသေ့စဉ်းလဲသောက်သော လက်ျာရစ်ခရုသင်းဖြင့် ဂင်္ဂါမြစ်ရေကိုယူဆောင်ကြလျက် တစ္ဆေက၏ထိပ်၌အဘိသိက်သွန်း၍ မင်းမြှောက်ကြကုန်၏၊ ဝက်မကိုလည်း မိဖုရားမြှောက်ကြကုန်၏၊ [ထိုအခါမှစ၍ မင်းတို့ကို ရေသဖန်းပျဉ်၌ ဂင်္ဂါမြစ်ရေကို လက်ျာရစ်ခရုသင်းဖြင့် ဘိသိက်သွန်းရသောအလေ့အထဖြစ်သတတ်။]
[ဤဇာတ်သည် အောက်၌ပြခဲ့သောဝဍ္ဎကီသူကရဇာတ်နှင့်တူ၏၊ စကားအစဉ်အနည်းငယ်သာကျယ်ဝန်းမည်။]
---
ဇာတ်ပေါင်း
ဤသို့လျှင်မြတ်စွာဘုရားသည်အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သာဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
ရဟန်းတို့...
- ထိုအခါရသေ့စဉ်းလဲသည်-ယခုအခါဒေဝဒတ်။
- တစ္ဆေကသူကရဝက်မင်းသည်-ဓနုဂ္ဂဟတိဿ။
- ရုက္ခစိုးနတ်သည်-ငါဘုရားဖြစ်လာပြီ–
ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။
---
(၁) စစ်ဆင်တတ်ပြန်၊ တစ်ပါးရန်၊ အမှန်အောင်ရမည်။
ဆောင်ပုဒ်
(၂) ညီညွတ်ကြပြန်၊ တစ်ပါးရန်၊ အမှန်အောင်ရမည်။
(၃) ဝက်တွေညီ၍၊ ကျားရသေ့၊ ရှုး၍သေရသည်။
(၄) ပျဉ်ရေသဖန်း၊ ဘိသိက်ဖျန်း၊ ထုံးတမ်းဖြစ်ခဲ့သည်။
တစ္ဆေကသူကရဇာတ်ပြီး၏။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads