ဒဒ္ဒရဇာတ်

From Wikipedia, the free encyclopedia

ဒဒ္ဒရဇာတ်
Remove ads

(၃)ဇာတ် ရှိပါသည်။ ဒုကနိပါတ် - ၃။ ကလျာဏဝဂ် -၁၇၂ - ဒဒ္ဒရဇာတ်။ ။ မိမိအသံဖြင့် မိမိဇာတ်ကို သိစေသော ခြင်္သေ့မာန်တက်နေသည် မြေခွေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တရားဟောချင်လှ ကောကာလိက

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အကြားအမြင်များသော ရဟန်းတို့သည် သံဃာ့ပရိသတ်အလယ်၌ ကြည်ညိုဖွယ်သောအသံဖြင့် တရားဟောလေ့ရှိကုန်၏။

ထိုအခါ ကောကာလိကသည် မိမိညံ့ဖျင်းသေ အဖြစ်ကို မသိဘဲ တရားဟောလိုလှသဖြင့် ရဟန်းတို့အလယ်တွင် ငါတို့လည်း ကြည်ညိုဖွယ်သော အသံဖြင့် တရားဟောလိုပါသည်။ ငါတို့အားလည်း တရားဟောရန် အလှည့်ပေးကြပါ၊ ကြွေးကြော်ကာ နေလေ၏။ သံဃာ့ဘောင်တွင် ကောလာလိက တရားဟောလိုခြင်းသည် ထင်ရှားလေ၏။

Remove ads

ဆန်းကြည်ဝတ်ဆင် တရားပွဲဝင်

ရဟန်းတို့သည် တစ်နေ့သ၌ ကောကာလိက၏ အစွမ်းသတ္တိကို သိလိုကြသဖြင့် ကောကာလိကအား “ ငါ့ရှင် ကောကာလိက ... ယနေ့ သဃာ့အစည်းအဝေးတွင် တရားဟောရန်သင့်ကို အလှည့်ပေးမည် တရားဟောမည်လော” ဟု ပေးလေလျှင် ကောကာလိက “ကောင်းပြီး ဟောပါမည်” ဟု ဝန်ခံလေ၏။

နေဝင်၍ တရားနာရန်အချိန်ကို ကြွေးကြော်လတ်သော် ရဟန်းတို့သည် စည်းဝေးကြကုန်၏။ ထိုအခါ ကောကာလိကသည် လိပ်သရွေးပန်း အဆင်းနှင့်တူသော သင်းပိုင်ကိုဝတ်၍ မဟာလှေကားပန်း အဆင်းနှင့်တူသော ကိုယ်ဝတ်ကိုရုံကာ တရားဟောမဏ္ဍပ်တွင် ခင်းထားအပ်သော ဓမ္မကထိကနေရာ၌ ဆန်းကြယ်သောယပ်တောင်ကို ကိုင်လျက်နေလေ၏။

ပရိသတ် ကြောက်လွဲ အရှက်ကွဲ

ထိုခဏဝယ် ကောကာလိက ကိုယ်မှ ချွေးတို့သည် ယိုထွက်ကုန်၏။ ကြည်ညိုဖွယ်သော အသံဖြင့် တရားဟောမည်ဟု ဟန်ပြင်ကာ ရှေးဦးအစ ပထမပုဒ်ကို ရွတ်ဆိုပြီးသောအခါ ရွတ်ဆိုစရာပုဒ် ရှာမရတော့ဘဲ အရှက်ကွဲကာ တုန်လှုပ်လျက် နေရာမှထပြီးလျှင် မိမိပရိဝုဏ်သို့ ပြန်ရလေ၏။ ထိုအခါ အကြားအမြင်များသော တခြားဓမ္မကထိက တစ်ပါး တက်၍ ဟောရ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ကောကာလိကအကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ “ရဟန်းတို့ .... ကောကာလိကသည် ယခုအခါ၌သာ မိမိပြောဆိုသောစကားဖြင့် မိမိညံ့ဖျင်းသော အဖြစ်ကို ထင်ရှားစေသည်မဟုတ်၊ ရှေးအခါ၌လည်း ထင်ရှားစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

Remove ads

အတိတ်ဝတ္ထု

ခြင်္သေ့တုယူ မြေခွေးအူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခြင်္သေ့မျိုး၌ဖြစ်၍ ခြင်္သေ့များစွာ၏ မင်းဖြစ်ကာ ဟိမဝန္တာအရပ်တွင် ငွေဂူ၍နေလေ၏။ ထိုဂူ၏ အနီးဖြစ်သော ဂူတစ်ခုတွင် မြေခွေးတစ်ကောင်သည် နေလေ၏။

တစ်နေ့သ၌ မိုးရွာသည်ရှိသော် အလုံးစုံသော ခြင်္သေ့တို့သည် ခြင်္သေ့မင်း ဂူတံခါး၌ စည်းဝေးကြကုန်လျက် ခြင်္သေ့သံကိုဟောက်၍ ပျော်မြူး ကစားကြကုန်၏။ ခြင်္သေ့တို့ဟောက်သံကို ကြားလျှင် မြေခွေးသည် အကြောမခံ ဟောင်လေ၏။

Remove ads

ချည်းနှီးညံ့လှ ကဲ့ရဲ့ကြ

မြေခွေး ဟောင်သံကိုကြားလျှင် ခြင်္သေ့တို့သည် မြေခွေးကား ငါတို့ကို ပြိုင်၍ ဟောင်ဘိသည်ဟု ရှက်စနိုးဖြစ်၍ ဆိတ်ဆိတ်သာ နေကြကုန်၏။ ထိုအခါ ခြင်္သေ့မင်း၏သား ဖြစ်သော ခြင်္သေ့ငယ်သည် ဖခင် ခြင်္သေ့မင်းအား -

“ဖခင် ခြင်္သေ့မင်း ... ကျယ်လောင်စွာသော အသံဖြင့် ငွေတောင်ကို ပဲ့တင်ထပ်စေလျက် ဟောင်ကာ မိမိအသံဖြင့် မိမိကိုယ်ကို သိစေသော သတ္တဝါကား အဘယ်မည်သော သတ္တဝါဖြစ်သနည်း။ ထိုအသံကို အတုပြု၍ ခြင်္သေ့တို့သည် မဟောက်ဝံ့ကုန်သလော” - ဟု မေးလ၏။ အဖခြင်္သေ့မင်းလည်း သားဖြစ်သော ခြင်္သေ့ငယ်အား -

“ချစ်သား ... ထိုဟောင်သော သတ္တဝါကား သားမျိုးတို့တွင် ဂုဏ်မရှိသော မြေခွေးဖြစ်၏။ ထိုမြေခွေး၏ အမျိုးဇာတ်ကို စက်ဆုပ်ကုန်သည်ဖြစ်၍ ခြင်္သေ့တို့သည် မဟောက်ဘဲ ဆိတ်ဆိတ်နေကြကုန်၏” ဟု ပြောကြားလေ၏။ ထိုမြေခွေးအား မိမိ ဟိန်းဟောင်သော အသံဖြင့်လျှင် အချည်းနှီး ညံ့ဖျင်းသော အဖြစ်ကို သိစေသည်။

Remove ads

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ကောကာလိက။

ခြင်္သေ့မင်း၏ သားငယ်သည် - ရာဟုလာ

ခြင်္သေ့မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ချည်းနှီးညံ့ဖျင်း၊ ကိုယ့်ရည်ချင်း၊ ကြွားခြင်းဖြင့်ပင်သိ။

(၂) ခြင်္သေ့အယောင်၊ မြေခွေးဆောင်၊ ဟောင်သံဖြင့်ပင်သိ။

ဒဒ္ဒရဇာတ် ပြီး၏။


စတုက္ကနိပါတ် - ၁။ ကာလိင်္ဂဝဂ် -(၃၀၄) ဒဒ္ဒရဇာတ်။ ။ အဖဖြစ်သော ဒဒ္ဒရနဂါးမင်းက နှင်ထုတ်လိုက်သဖြင့် မစင်စွန့်ရာ၌ မြွေ၏အသွင်ပြု၍ နေရရှာသော နဂါးညီနောင်ကို သူငယ်တို့နှိပ်စက်ရာ အမျက်ထွက်သည့် စူဠဒဒ္ဒရအား ဆိုဆုံးမသော မဟာဒဒ္ဒရနဂါးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် အမျက်ထွက်တတ်၏။ ရဟန်းတို့သည် တရားသဘင်၌ ထိုရဟန်း၏အကြောင်းကို စကားစပ်မ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်တို့... ဤရဟန်းသည် ယခုအခါ၌သာ အမျက်ထွက်တတ်သည်မဟုတ်၊ ရှေးအခါ၌လည်း အမျက်ထွက်တတ်သည်သာတည်း၊ အမျက်ထွက်သောကြောင့် ရှေးပညာရှိတို့သည် စင်ကြယ်သော နဂါးမင်း၏အဖြစ်၌ တည်ကုန်လျက် သုံးနှစ်တို့ပတ်လုံး ကျင်ကြီးတို့ဖြင့် ပြည့်သော မသန့်သောမြေ၌ နေရဖူးကုန်ပြီ၊” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

Remove ads

အတိတ်ဝတ္ထု

အမျက်ကြမ်းကြုတ် နဂါးယုတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဟိမဝန္တာအရပ်ဝယ် ဒဒ္ဒရမည်သော တောင်ခြေရင်း၌ ဒဒ္ဒရမည်သော နဂါးပြည်တွင် ဒဒ္ဒရမည်သော နဂါးမင်းသည် မင်းပြုလေ၏။ ထိုနဂါးအား မဟာဒဒ္ဒရနှင့် စူလဒဒ္ဒရမည်သော သားတော် ညီနောင်နှစ်ဦးတို့သည် ရှိကုန်၏။ ထိုညီနောင်နှစ်ဦးတို့တွင် စူဠဒဒ္ဒရနဂါးသည် အမျက်ထွက်တတ်၏။ ကြမ်းကြုတ်၏။ နဂါးလုလင်မတို့ကို ဆဲရေးပုတ်ခတ်တတ်၏။

ခမည်းတော် ဒဒ္ဒရနဂါးမင်းသည် သားတော် စူဠဒဒ္ဒရနဂါး၏ ကြမ်းကြုတ်သော အဖြစ်ကိုသိလျှင် နဂါးပြည်မှနှင်ထုတ်စေ၏။ နောင်တော် မဟာဒဒ္ဒရနဂါးသည် ခမည်းတော်ကိုလည်း သည်းခံစေ၍ နှင်မထုတ်ဘဲ ထားလေ၏။ နှစ်ကြိမ်မြောက် နှင်ထုတ်စေရာ၌လည်း သည်းခံစေ၏။ သုံးကြိမ်မြောက်သောအခါ ဒဒ္ဒရနဂါးမင်းသည် မဟာဒဒ္ဒရရအား “သင်သည် ဤယုတ်မာသောအကျင့်ရှိသော နဂါးကို နှင်ထုတ်စေရာ၌ တားမြစ်ဘိ၏။ သင်တို့နှစ်ယောက်လုံး နဂါးပြည်မှ ထွက်၍ ဗာရာဏသီပြည်တွင် မစင်စွန့်ရာအရပ်၌ သုံးနှစ်ပတ်လုံး နေကြကုန်” ဟု နဂါးပြည်မှ နှင်ထုတ်လေ၏။

မစင်စွန့်ရာ သုံးနှစ်ကြာ

နဂါးညီနောင်တို့သည် ခမည်းတော်၏ အာဏာဖြင့် မစင်စွန့်ရာ မြေအရပ်သို့သွား၍ နေကြရကုန်၏။ ထိုအခါ ရေနား၌ အစာရှာကုန်လတ်သော် ရွာသူသားငယ်တို့မြင်လျှင် ပုတ်ခတ်လိုကုန်ရကား ခဲ၊ တုတ်၊ လှံတံတို့ဖြင့် ပစ်ကြကုန်၏။ “အချင်းတို့ ... ဖားစိမ်းစား ဤရေမွေတို့သည် ဦးခေါင်းကြီးကုန်၏။ အပ်နှင့်တူသောအမြီး ရှိကုန်၏။” အစရှိသော စကားတို့ကိုဆိုကာ ဆဲရေးကြကုန်၏။

သည်းခံတရား ဟောမြက်ကြား

စူဠဒဒ္ဒရနဂါးသည် ကြမ်းကြုတ်သောကြောင့် သူငယ်တို့ မထီမဲ့မြင်ပြုခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ အစ်ကိုအား -

“အစ်ကို ... ဤသူငယ်တို့အား အကျွန်ုပ်တို့ကို ဖားစိမ်းစား ဟူ၍လည်းကောင်း၊ ရေမြွေဟူ၍ လည်းကောင်း ပုတ်ခတ်ဆဲရေးကုန်၏။ လျင်သောအဆိပ်ရှိသည်၏အဖြစ်ကို မသိကြကုန်၊ ဤသူငယ်တို့ မထီမဲ့မြင်ပြုခြင်းကို သည်းမခံနိုင်၊ နှာခေါင်းလေဖြင့်မှုတ်၍ သတ်မည်” –

ဟု ပြောဆိုလေ၏။ စူဠဒဒ္ဒရအား -

“ညီငယ် ... မိမိတို့တိုင်းနိုင်ငံမှ နှင်ထုတ်သဖြင့် တစ်ပါးသော တိုင်းနိုင်ငံသို့ ရောက်နေသူတို့မှာ ကဲ့ရဲ့ရှုတ်ချဆဲရေးသော စကားတို့ကို ထည့်ထားရန် ကြီးစွာသောကျီကျကို ဆောက်လုပ်ရမည်။ အမျိုးဇာတ်အားဖြင့် လည်းကောင်း၊ အကျင့်သီလအားဖြင့် လည်းကောင်း မသိသောသူကို မည်သည့်အရပ်၌ဖြစ်စေ လူတို့သည် ပူဇော်ခြင်း၊ မြတ်နိုးခြင်းကို မပြုကြကုန်၊ ဂုဏ်ကျေးဇူးကိုမသိသော သူတို့အထံ၌နေသောသူသည် သည်းခံရမည်။ အရပ်တစ်ပါး၌နေသော ပညာရှိသည် ကျွန်အမှုလုပ်၏ မီးဘေးဖြင့် ခြိမ်ခြောက်ခြင်းကို သည်းခံရမည်” –

ဟု ပြောဆိုဆုံးမ၏။ ဤသို့လျှင် မဟာဒဒ္ဒရ၊ စူဠဒဒ္ဒရနဂါးညီနောင်တို့သည် ဗာရာဏသီပြည် မစင်စွန့်ရာအရပ်၌ပင် သုံးနှစ်ပတ်လုံး နေကြရကုန်၏။ အဖနဂါးမင်းသည် သုံးနှစ်ပြည့်သောအခါ နဂါးညီနောင်တို့တို့ ခေါ်စေ၏။ နဂါးညီနောင်တို့သည်လည်း ထိုအခါမှစ၍ အမျက်မာန်ကင်းကြကုန်၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာဆိုပြသည်၏အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ စူဠဒဒ္ဒရနဂါးသည် - ယခုအခါ အမျက်ထွက်သောရဟန်း။

မဟာဒဒ္ဒနရဂါးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads