ဒုတိယကျောင်းသားသပိတ်

From Wikipedia, the free encyclopedia

Remove ads

၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ် ဖြစ်ပေါ်ခဲ့သည့်အချိန်မှ ၁၉၃၅ ခုနှစ် အထိ (၁၅) နှစ်တာကာလတွင်း ရန်ကုန်တက္ကသိုလ်၌ ကျောင်းသားလှုပ်ရှားမှု မရှိခဲ့ပေ။ အမျိုးသားရေးစိတ်ဓာတ်ရှိသည့် သပိတ်မှောက်ကျောင်းသားများက မိမိဆန္ဒအရ ကျောင်းထွက်သွားပြီး ဖြစ်သည်။ အသစ်ရောက်ရှိလာသည့် ကျောင်းသားများကလည်း သပိတ်မှောက်ကျောင်းသားများ ပညာရေးခရီး မဖြောင့်မဖြူးဖြစ်သွားသည်ကို မြင်တွေ့ရသဖြင့် လုံးဝမလှုပ်ရှားရဲသည့် အခြေအနေတွင် ရှိနေခဲ့သည်။

ထိုအချိန်တွင် တက္ကသိုလ်အာဏာပိုင်များက တက္ကသိုလ်ကျောင်းသား များကို ခွဲခြားဆက်ဆံကြသည်။ အလိုတော်ရိကျောင်းသားများကို အခွင့်အရေး ပေးပြီး မြှောက်စားသည်။ အလိုတော်ရိမဟုတ်သည့် ကျောင်းသားများကို ဖိနှိပ်ချုပ်ချယ်သည်။ ဘွဲ့ရပြီး ထောက်ခံစာရေးပေးသည့် အချိန်မှာပင် နှစ်မျိုး ခွဲခြားရေးပေးသည်။ အလိုတော်ရိကျောင်းသားများကို ICS ရာထူး၊ ရဲအရာရှိ ရာထူး၊ BOC အရာရှိကြီး ရာထူးများရရှိအောင် ထောက်ခံစာကို သာသာထိုးထိုး ရေးပေးပြီး၊ အလိုတော်ရိမဟုတ်သည့် ကျောင်းသားများကို ထောက်ခံစာ တစ်မျိုး ရေးပေးသည်။ ထိုထောက်ခံစာနှင့် အလုပ်လျှောက်လျှင် နယ်မြို့လေး တစ်မြို့၌ပင် ကျောင်းဆရာအလုပ်ရရန် ခက်ခဲသည်။ ဤကဲ့သို့ အခြေအနေ တွင် တက္ကသိုလ်ကျောင်းသားများအနေနှင့် လှုပ်ရှားမှု ပြုလုပ်ရန် ခက်ခဲခဲ့သည်။

၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့် ရရှိရေးအတွက် ကြိုးစားကြသည်များကို တွေ့ရသည်။ ၁၉၃၁ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကို တရားဝင်ဖွဲ့စည်း ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံစည်းမျဥ်းကို အောက်စဖိုဒ့်တက္ကသိုလ်ကျောင်းသား သမဂ္ဂဖွဲ့စည်းပုံအား နမူနာယူပြီး ရေးဆွဲ ခဲ့ကြသည်။ အောက်စဖိုဒ့်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ လုပ်ငန်းသည် သာရေးနာရေးအသင်း အဆင့်လောက်သာ ရှိသည်။ တက္ကသိုလ်အာဏာပိုင် များကလည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို သာရေးနာရေးအဆင့် လောက်သာ ခွင့်ပြုသည့်သဘောဖြစ်သည်။ စကားရည်လုပွဲပြုလုပ်ခြင်း၊ ထင်ပေါ်ကျော်ကြားသူများကို ဖိတ်ကြားဟောပြောခြင်းစသည့် လှုပ်ရှားမှု အဆင့်လောက်သာ ရှိသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ပထမ ဥက္ကဋ္ဌများဖြစ်သည့် ဦးကျော်ခင်နှင့် ဦးထွန်းစိန်တို့နောက် တကသ ဥက္ကဋ္ဌ (၄) ဦး သည် အင်္ဂလိပ်အလိုတော်ရိကျောင်းသားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ တကသဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ကာလတစ်လျှောက်တွင် ကျောင်းသား သမဂ္ဂ လှုပ်ရှားမှုများမရှိခဲ့ပဲ စကားရည်လုပွဲနှင့် ဟောပြောပွဲ တချို့လောက်သာ ပြုလုပ်နိုင်ခဲ့သည်။

၁၉၃၄-၃၅ ပညာသင်နှစ်ထဲတွင် တကသ ဒုဥက္ကဋ္ဌတာဝန်ယူသူ တာဝန်မှ နှုတ်ထွက်သွားသဖြင့် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရာ ကိုနု တကသ ဒုဥက္ကဋ္ဌ ဖြစ်လာသည်။ ထို ၁၉၃၄-၃၅ ပညာသင်နှစ်ထဲမှာပင် Roll Call ခေါ်ရာတွင် Sir ထည့်မထူးသည့်အတွက် ကျောင်းသား (၂) ဦးကို တက္ကသိုလ်ကျောင်းအုပ်ကြီး စလော့က ကျောင်းထုတ်ပစ်ခဲ့သည်။ ထိုကျောင်းသား (၂) ဦးကို ကျောင်း မထုတ်ရန် တကသ ဒုဥက္ကဋ္ဌ ကိုနုက ကန့်ကွက်ခဲ့သည်။ ၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီ စာမေးပွဲကျသည်ကို အကြောင်းပြပြီး၊ ကျောင်းအုပ်ကြီး စလော့က ကျောင်းသား (၁၁) ယောက်အား ထပ်မံကျောင်းထုတ်သဖြင့် တကသ ဒုဥက္ကဋ္ဌကိုနုက ကျောင်းမထုတ်ရန် တောင်းဆိုရာ အောင်မြင်မှု မရရှိခဲ့ ပေ။

ကိုနု၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေတို့ တိုင်ပင်ကာ ကိုကျော်ငြိမ်းက ဆာဦးသွင်နှင့် မြို့မိမြို့ဖများ၊ နိုင်ငံရေးခေါင်းဆောင်များကို ရွှေတိဂုံ ရင်ပြင်တော်ပေါ်သို့ ဖိတ်ကြားပြီး ကျောင်းသား (၁၁) ဦး စာမေးပွဲကျသဖြင့် ကျောင်းထုတ်ခံရသည့်ကိစ္စကို ရှင်းလင်းတင်ပြရန် တာဝန်ပေးခဲ့သည်။ ကိုကျော်ငြိမ်းကလည်း တာဝန်ပေးသည့်အတိုင်း ရှင်းလင်းရာ မြို့မိမြို့ဖများနှင့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် တက္ကသိုလ်အခြေအနေကို သိရှိသဘော ပေါက်သွားခဲ့သည်။ ဦးနုတို့အုပ်စု ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ ကျောင်းသား ကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ်ခြင်းသည် ၁၉၂၀ ခုနှစ် ကျောင်းသား သပိတ်ကြီးပြီးနောက် (၁၄) နှစ်အကြာတွင် ပထမဆုံး ပြန်လည်စတင်ခဲ့သည့် ကျောင်းသားလှုပ်ရှားမှု ဖြစ်သည်။ ဤလှုပ်ရှားမှုမှ စတင်၍ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားသပိတ်ကို သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ ကျောင်းသား လှုပ်ရှားမှု စတင်လိုက်သည့်အတွက် ကျောင်းထုတ်ထားသော ကျောင်းသား (၁၁) ယောက်အနက် (၁၀) ယောက် ကျောင်းပြန်ဝင်ခွင့်ရခဲ့သည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်တွင် ပြဿနာတစ်ခုပေါ်လာခဲ့သည်။ ၁၉၃၅ ဒီဇင်ဘာလ ကျောင်းပိတ်ရက်မတိုင်မီတွင် တက္ကသိုလ်အာဏာပိုင်များက ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ၎င်းတွင် ဒီဇင်ဘာကျောင်းပိတ်ရက် မတိုင်မီတွင် အစမ်းစာမေးပွဲစစ်မည်ဖြစ်ကြောင်း၊ အဆိုပါ အစမ်းစာမေးပွဲ အောင်မြင်မှ အတန်းတင်စာမေးပွဲကို ဖြေဆိုခွင့်ရမည်ဖြစ်ကြောင်း ပါရှိသည်။ ထိုအစမ်းစာမေးပွဲသည် ရန်ကုန်တက္ကသိုလ်တွင် အစဥ်အလာမရှိပဲ ယခုနှစ်မှ အသစ်တီထွင်စစ်ဆေးသည့် စာမေးပွဲဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းသားများ အုံကြွလာပြီး တကသအဆောက်အအုံတွင် ကျောင်းသားထုအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ၎င်းတွင် အစမ်းစာမေးပွဲကိစ္စ ကျောင်းအုပ်ကြီးနှင့် ဆွေးနွေးရန်နှင့် ဒီဇင်ဘာကျောင်းပိတ်ရက်မတိုင်မီ ထိုကိစ္စကို ကျောင်းသားထု အစည်းအဝေးတွင် ပြန်လည်တင်ပြရန် တကသ ဥက္ကဋ္ဌ ကိုဖိုးအေးနှင့် တကသ အမှုဆောင် (၂) ဦးကို တာဝန်ပေးအပ်ခဲ့သည်။

ကိုဖိုးအေးသည် ဗြိတိသျှအလိုတော်ရိ ကျောင်းသားဖြစ်၍ ကျောင်းအုပ်ကြီးနှင့် သွားမတွေ့ရဲရာ အချိန်ဆွဲနေခဲ့သည်။ ထို့ကြောင့် တကသ ဒုဥက္ကဋ္ဌ ကိုနုက တကသအမှုဆောင် ကိုကျော်ငြိမ်းအား ကျောင်းအုပ်ကြီး စလော့ထံ သွားရောက်ဆွေးနွေးရန် တာဝန်ပေးခဲ့သည်။ ကိုကျော်ငြိမ်းသည် ကျောင်းအုပ်ကြီးထံ သွားရောက်ဆွေးနွေးရာ ကျောင်းအုပ်ကြီးက မချေမငံ ပြောဆိုခဲ့သည်။ ကိုနုနှင့် အပေါင်းအသင်းများတိုင်ပင်ပြီး ကျောင်းအုပ်ကြီး မချေမငံ‌ပြောဆိုသည့်စကားကို ပြည်သူများသိစေရန် သတင်းစာအယ်ဒီတာ များ၏ အကူအညီဖြင့် သတင်းစာတွင် ဖော်ပြလိုက်သည်။ ထို့နောက် ကိုနု အနေနှင့် မြစ်ဝကျွန်းပေါ်မြို့များသို့ လှည့်လည်စည်းရုံးပြီး မြို့မိမြို့ဖများနှင့် အစည်းအဝေးများပြုလုပ်ကာ ကျောင်းအုပ်ကြီးစလော့ နုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ ထို့အတူ ကိုသိန်းဖေ ကလည်း မြန်မာနိုင်ငံ အထက်ပိုင်းမြို့များသို့ သွားရောက်စည်းရုံးကာ အလားတူဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။ သတင်းစာများကလည်း နယ်မြို့များတွင် ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်များကို ပုံမှန် ဖော်ပြ ပေးနေခဲ့သည်။ ကိုနုနှင့် ကိုသိန်းဖေတို့ ရန်ကုန်ပြန်ရောက်ပြီး သည့်အချိန်တွင် ရန်ကုန်မြို့လုံးကျွတ်အစည်းအဝေးကြီးကို ရွှေတိဂုံဘုရား ရာဟုထောင့်၌ ကျင်းပပြုလုပ်ပြီး လူထုကြီးက ကျောင်းအုပ်ကြီး စလော့ နုတ်ထွက်ပေးရန် တောင်းဆိုကြတော့သည်။ ရန်ကုန်မြို့လုံးကျွတ်အစည်းအဝေး ဆုံးဖြတ်ချက် များ သတင်းစာတွင် ပါလာပြီး နောက်တစ်နေ့တွင် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး အစမ်းစာမေးပွဲကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

၁၉၃၅-၃၆ ပညာသင်နှစ်အတွက် တကသ အမှုဆောင်သစ် ရွေးကောက်ပွဲ ၌ ကိုနုက ဥက္ကဋ္ဌနေရာတွင် ပြိုင်ဘက်မရှိ အနိုင်ရပြီး၊ ကျန်အမှုဆောင် အဖွဲ့ဝင် နေရာများတွင်လည်း ကိုနု၏အပေါင်းအသင်းများ အနိုင်ရသည်။ ဗြိတိသျှ အလိုတော်ရိကျောင်းသားများ ရွေးကောက်ပွဲ ရှုံးနိမ့်သွားသည်။ ကိုနုနှင့် အပေါင်းအသင်းများ တကသအမှုဆောင်ဖြစ် လာပြီးနောက် တကသ အမှုဆောင်အဖွဲ့သည် ကျောင်းသားရေးရာကိစ္စများကိုသာမက ကိုလိုနီစနစ် ဆန့်ကျင်ရေးနှင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေး လုပ်ငန်းများကိုပါ လုပ်ဆောင်ခဲ့ကြသည်။

ကိုနု တကသဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ပြီးနောက် တကသ အမှုဆောင် များ ကျမ်းသစ္စာကျိန်ဆိုသော အခမ်းအနားနှင့် စကားရည်လုပွဲ အခမ်းအနား များ၊ ဟောပြောပွဲများတွင် သဘာပတိမိန့်ခွန်း ပြောကြားတိုင်း ကိုနုက ကျောင်းအုပ်ကြီးစလော့၏ ဖိနှိပ်ချုပ်ချယ်မှုများ၊ ကျောင်းသားများအား အုပ်စုခွဲ ပြီး တစ်ဖက်ကို အခွင့်အရေးပေး၊ တစ်ဖက်ကို ဖိနှိပ်ဆက်ဆံမှုများကို သွယ်ဝိုက် ပြီး အများသိရှိအောင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့ကြောင့် ကိုနုကို ကျောင်းအုပ်ကြီးက ကျောင်းထုတ်ပစ်ချင်နေပါသည်။

ဤအခြေအနေတွင် တကသက တစ်နှစ်တစ်ကြိမ် ထုတ်ဝေသည့် တကသကြွေးကြော်သံ အိုးဝေမဂ္ဂဇင်းတွင် “ငရဲခွေးကြီးလွတ်နေသည်” ဆောင်းပါးပါလာသည့်အတွက် ကျောင်းအုပ်ကြီးက ထိုဆောင်းပါးကို အကြောင်းပြပြီး ကိုနုကို ၁၉၃၆ ခု၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ကျောင်းထုတ်ပစ်လိုက်သည်။ အယ်ဒီတာ ကိုအောင်ဆန်းကိုလည်း ဆောင်းပါး ရေးသူ၏ အမည်ကို ဖော်ထုတ်မပြောသည့်အတွက် ကျောင်းမှထုတ်ပယ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ကိုနုကို ကျောင်းထုတ်သည့်အတွက် ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ ကျင်းပ ပြုလုပ်သည့် ကျောင်းသားထုအစည်းအဝေးကြီးက ကိုနုကို ထောက်ခံသည့်အနေနှင့် သပိတ်မှောက်ကြသည်။ ဤကျောင်းသားသပိတ်ကြီး သည် ၁၉၂၀ ခုနှစ် ပထမကျောင်းသားသပိတ်ကြီးဖြစ်ပေါ်ခဲ့ပြီး (၁၆) နှစ် အကြာတွင် ပေါ်ပေါက်ခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် ဒုတိယ ကျောင်းသား သပိတ်ကြီး ဖြစ်သည်။

ထိုကျောင်းသားသပိတ်ကြီးကို တကသ ဒုဥက္ကဋ္ဌ ဦးရာရှစ်က သပိတ် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သည်။ ကိုနုကို ကျောင်းထုတ်ထားပြီး ဖြစ်သည့်အတွက် ကိုနုသည် သပိတ်ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် တရားဝင် ပါဝင် ဦးဆောင်ခွင့်မရှိတော့ပေ။ အဆိုပါ သပိတ် ကော်မတီက တောင်းဆိုချက် (၁၀) ချက်ကို တောင်းဆိုခဲ့ပါသည်။

ထိုတောင်းဆိုချက်များထဲက အဓိကတောင်းဆိုချက်တစ်ခုသည် ရန်ကုန် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ပေးရန် ဖြစ်သည်။ နောက်ထပ်အရေးကြီးသော တောင်းဆိုချက်တစ်ခုမှာ ကျောင်းအုပ်ကြီး၏ ကျောင်းသားများကို ကျောင်းထုတ်ပိုင်ခွင့်အာဏာအား ပြန်ရုပ်သိမ်းပြီး၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့၌ သာ ထိုအာဏာကို ထားရှိရန် ဖြစ်သည်။ အစိုးရနှင့် တက္ကသိုလ် အာဏာပိုင်များ သည် ကျောင်းသားများတောင်းဆိုသည့် တောင်းဆိုချက် (၁၀) ချက်ကို ဥပေက္ခာပြုထားပြီး သပိတ်မှောက် ကျောင်းသားများကို စာမေးပွဲဖြေခွင့် ပိတ်ပင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဧပြီလအထိ ကျောင်းသားများ သပိတ်မလှန်သည့်အတွက် အစိုးရသည် ဗဟိုတရားရုံးမှ တရားသူကြီးဦးမြဘူးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး သပိတ် ကိစ္စစုံစမ်းရေးကော်မတီကို ဖွဲ့ခဲ့သည်။ မေလအတွင်းတွင် အစိုးရနှင့် သပိတ် မှောက်ကျောင်းသားများ တွေ့ဆုံဆွေးနွေးကြသည်။ ကျောင်းသားများ တောင်းဆိုသော အချက် (၁၀) ချက်လုံး မရရှိသော်လည်း အချက်တချို့ လိုက်လျောသည့်အတွက် သပိတ်ကော်မတီက သပိတ်လှန်ရန် သဘောတူခဲ့ သည်။ ၁၉၃၆ ခု၊ မေလ (၁၀) ရက်နေ့တွင် သပိတ်လှန်လိုက်သည်။ သပိတ်၏ အကျိုးဆက်အနေဖြင့် ကျောင်းအုပ်ကြီးစလော့နေရာတွင် မြန်မာလူမျိုး ပါမောက္ခ ဦးဖေမောင်တင်ကို ကျောင်းအုပ်ကြီးအဖြစ် ခန့်ခဲ့ရသည်။[]

  1. ဘိုးသိမ်း၊ (၂၀၂၃)၊ ကျောင်းသားလှုပ်ရှားမှုနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4366
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads