ဒုဗ္ဗစဇာတ်
From Wikipedia, the free encyclopedia
Remove ads
ဧကကနိပါတ် - ၁၂။ ဟံစိဝဂ် -၁၁၆ - ဒုဗ္ဗစဇာတ်။ ။ သေရည်မူး၍ မိမိတတ်သော ပညာထက် ကျော်လွန်ပြသဖြင့် လှံဖျား၌ အသက်ဆုံးရှုံးရသော လှံခုန်ဆရာအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ဆုံးမစကား မနာကြား
နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမခက်သော ရဟန်းတစ်ပါး ရှိလေ၏။ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ဆောင်ယူ၍လာကြသောအခါ မြတ်စွာဘုရားသည် “ရဟန်း ... သင်သည် ယခုအခါ၌သာ အဆုံးမခက်သည်မဟုတ်၊ ရှေးအခါ၌လည်း အဆုံးမခက်ဖူးပြီ၊ ပညာရှိတို့သည် အဆုံးအမကို မလိုက်နာသဖြင့် လှံစူး၍သေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
သတိပေးရှာ မလိုက်နာ
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် လှံခုန်သော အတတ်ကို သင်ယူကာ ဆရာနှင့်တကွ အတတ်ပညာကိုပြလျက် မြို့ရွာအနှံ့အပြား လှည့်လည်လေ၏။ ဆရာသည် လှံလေးစင်းကို ခုန်နိုင်သော အတတ်ပညာကို တတ်မြောက်၍ လှံငါးစင်းကို ခုန်နိုင်သော အတတ်ပညာကို မတတ်မြောက်လေ။
တစ်နေ့သ၌ ဆရာသည် ရွာငယ်တစ်ခုဝယ် အတတ်ပညာကို ပြသသည်ရှိသော် သေရည်မူးယစ်သည်ဖြစ်၍ ငါးစင်းသောလှံတို့ကို ခုန်၍ပြမည်ဟု ပြောဆိုကာ အစဉ်အတိုင်း လှံငါးစင်းကိုစိုက်၍ ထားလေ၏။ ထိုအခါ တပည့်လုလင်သည် ဆရာအား “ဆရာတို့သည် လှံငါးစင်းကို ခုန်နိုင်သော အတတ်ပညာကို မတတ်ကုန်၊ တစ်စင်းကို ပယ်ပါ၊ အကယ်၍ ခုန်လျှင် ငါးစင်းမြောက်လှံစူး၍ သေလိမ့်မည်” ဟု သတိပေးစကား ပြောကြားလေ၏။
Remove ads
မူးယစ်သောက်စား ဘေးထိငြား
ဆရာလည်း သေရည်မူးယစ်နေသောကြောင့် တပည့်လုလင်အား “အမောင် ... အမောင်ကား ငါ၏ အစွမ်းကိုမသိ” ဟု ပြောဆိုကာ တပည့်လုလင်၏ စကားကို မနာယူဘဲ လှံလေးစင်းကို ခုန်ပြီးလျှင် ငါးစင်းမြောက်လှံကို ခုန်ရာဝယ် သစ်မည်စည်ပွင့်ကို သီတန်ဖြင့် သီထားသည့်အလား ငါးခုမြောက်လှံစူးသဖြင့် မြည်တမ်းကာ သေရရှာလေ၏။
ထိုအခါ တပည့်လုလင်သည် ဆရာအား -
“ဆရာ ... သင်ကား ယနေ့ခါတိုင်းထက်လွန်၍ ပြုသောအမှုကို အကျွန်ုပ် မနှစ်သက်၊ အကျွန်ု်ပ်ပြော စကားကို မနာယူဘဲ လှံလေးစင်းကို ခုန်ပြီးလျှင် ငါးစင်းမြောက်လှံဖြင့် သီလျက်သေရ၏” ဟု ပြောဆိုပြီးလဆင် ဆရာ၏ အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်လေ၏။
Remove ads
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ လှံခုန်ဆရာသည် - ယခုအခါ အဆုံးမခက်သော ရဟန်း။
တပည့်ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) ပညာရှိစကား၊ မနာကြား၊ ယွင်းမှားပျက်စီးမြဲ။
(၂) ငါးစင်းလှံချက်၊ ဆရာပျက်၊ စူးလျက်သေသည့်နဲ။
ဒုဗ္ဗစဇာတ် ပြီး၏။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
