ဒူတဇာတ်
From Wikipedia, the free encyclopedia
Remove ads
ဇာတ်တော် (၂)ဇာတ်ရှိပါသည်။
တိကနိပါတ် - ၁။ သင်္ကပ္ပဝဂ် -၂၆၀ - ဒူတဇာတ်။ ။ တစ်သိန်းတန်သော မင်း၏ ပွဲတော်စာစားလို၍ ပရိယာယ်ဆောင်ကာ မင်းခွင့်ရသဖြင့် စားသောက်ပြီးလျှင် “အရှင်မင်းကြီး ... သတ္တဝါများသည် ဝမ်း၏တမန်ဖြစ်ကြသည်” ဟု လျှောက်ထားကောင်းသဖြင့် စည်းစိမ်များစွာခံစားရသော လုလင်အကြောင်း။
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လျှပ်ပေါ်လော်လည်သော ရဟန်းတစ်ပါးရှိလေ၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ “ချစ်သားရဟန်း ... သင်သည် ယခုအခါ၌သာလျှင်လျှပ်ပေါ်လော်လည်သည် မဟုတ်၊ ရှေးအခါ၌လည်း လျှပ်ပေါ်လော်လည်ဖူးပြီ၊ လျှပ်ပေါ်လော်လည်ခြင်းကြောင့် သန်လျက်ဖြင့် ဦးခေါင်းကို အဖြတ်ခံရမည်ဆဲဆဲ ဖြစ်ခဲ့ဖူးပြီ” ဟု - မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
Remove ads
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏သားဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အလုံးစုံသောအတတ်တို့ကို သင်ယူပြီးလျှင် အဖမင်းကြီး သေလွန်သဖြင့် မင်းအဖြစ်သို့ရောက်လေ၏။ စင်ကြယ် သန့်ရှင်းသော ဘောဇဉ်ရှိသည်အဖြစ်ကြောင့် ဘောဇနသုဒ္ဓိကမင်းဟု အမည်တွင်လေ၏။
ထိုဘောဇနသုဒ္ဓိကမင်းသည် တစ်ခုသော စားတော်ထမင်းခွက်၌ အဖိုးတစ်သိန်းထိုက်တန်အောင် ပြုပြင်စီရင်ကာ စားလေ့ရှိသတတ်၊ စားသောအခါလည်း အိမ်၌ စာလေ့မရှိ၊ မိမိစားသော အစီအရင်ကို မြင်သောသူများကို ကုသိုလ်ကောင်းမှုပြုစေလိုသောကြောင့် အိမ်တံခါးဝယ် မဏ္ဍပ်ဆောက်လုပ်ကာ တန်ဆာဆင်စေပြီးလျှင် ထီးဖြူဆောင်းမိုးထားသော ရွှေရာဇပလ္လင်ထက်၌နေ၍ အဖိုးတစ်သိန်းထိုက်တန်သော ရွှေခွက်၌ထည့်ကာ မင်းသမီးအပေါင်း ခြံရံလျက်စားတော်မူ၏။
Remove ads
ထိုအခါ လျှပ်ပေါ်လော်လည်သော ယောကျ်ားတစ်ယောက်သည် မင်းကြီးစားသော အစီအရင်ကို ကြည့်ရှုကာ အလွန်စားလိုသော ချင်ခြင်းကို ဖြေဖျောက်သည်းခံခြင်းငှာ မတတ်နိုင်ရကား - တစ်ခုသော ဥပါယ်သည်ရှိ၏ဟု ကြံစည်ပြီးလျှင် မြဲမြံစွာဝတ်၍ လက်တို့ကို မြှောက်ပြီးလျှင် “ငါတမန်တည်း”ဟု ကျယ်လောင်စွာ အော်ဟစ်လျက် မင်းကြီးထံသို့ သွားလေ၏။ [ထိုစဉ်အခါ ထိုအရပ်ဝယ် “ငါတမန်တည်း” ဟု ဆိုလတ်သော် မတားမြစ်ရ] ထိုကြောင့် လူတို့သည် နှစ်ဖြာကွဲကာ လမ်းဖွင့်၍ပေး၏။
ထိုယောကျာ်းသည် လျင်မြန်စွာသွား၍ မင်းကြီး စားတော်ခွက်၌ တစ်ခုသော ထမင်းဆုပ်ကိုယူကာ ပါးစပ်တွင် ခွံလေ၏။ ထိုအခါ သန်လျက်စွဲသော အစောင့်အရှောက်တို့သည် ထိုသူဦးခေါင်းကိုဖြတ်ရန် သန်လျက်ကို မိုးကြကုန်၏။ မင်းကြီးသည် မဖြတ်ရန် တားမြစ်တော်မူရ၏။ မကြောက်လင့်၊ စားပါဟု ဆိုပြီးလျှင် မင်းကြီးသည် လက်တို့ကို ဆေးကာ ထိုင်နေတော်မူ၏။ ထမင်းစားပြီးသောအခါ မိမိ၏ သောက်တော်ရေကို လည်းကောင်း၊ ရေခွက်ကိုလည်းကောင်း ပေးတော်မူ၏။
Remove ads
ရေသောက်ပြီးလျှင် မင်းကြီးသည် ထိုယောကျ်ားအား “အချင်း ... သင်ကား တမန်ဟုဆို၏။ အဘယ်သူ၏ တမန်နည်း” ဟု မေးတော်မူသည်ရှိသော - ထိုယောကျ်ားသည် မင်းကြီးအား -
“မြတ်သောမင်းကြီး ... သတ္တဝါတို့သည် ဝမ်းပြည့်ရန်အကျိုးငှာ ရန်သူ့ထံကိုလည်း တောင်းခြင်းငှာ အရပ်ဝေးသို့လည်း သွားကြရ၏။ အကျွန်ုပ်ကား ဝမ်း၏တမန် ဖြစ်ပါ၏။ အမျက်မထွက်ပါလင့်။
မြတ်သောမင်းကြီး ... သတ္တဝါတို့သည် နေ့ညဉ့်တို့ပတ်လုံး ဝမ်း၏အလို နိုင်ငံသို့ လိုက်ကြရ၏။ အကျွန်ုပ်ကား ဝမ်း၏တမန် ဖြစ်ပါ၏။ အမျက်မထွက်ပါလင့်”
ဟု မကြောက်မရွံ့ လျှောက်ထားလေ၏။
မင်းကြီးသည် ထိုယောကျ်ား စကားကိုကြားလျှင် ထိုစကားသည် မှန်ပေ၏။ သတ္တဝါတို့ကား ဝမ်း၏ တမန် ဖြစ်ကြသဖြင့် တဏှာစီရင်ခြင်းကို ခံကြရကုန်။ ထိုယောကျ်ားကား အလွန်နှစ်သက်ဖွယ်သောစကားကို ဆိုပေ၏ဟု အလွန်နှစ်သက်ဝမ်းမြောက်ကာ -
“ပုဏ္ဏား ... သင်အား နွားလားဥသဘနှင့်တကွ နီမြန်းသော အဆင်းရှိသော နွားတစ်ထောင်ကို ငါပေးပါ၏။ ငါတို့အလုံးစုံသည် ဝမ်း၏တမန် ဖြစ်ကြသောကြောင့် တမန်ဖြစ်သောငါသည် တမန်ဖြစ်သော သင်ပုဏ္ဏားအား အဘယ်ကြောင့် မပေးဘဲရှိအံ့နည်း၊ မုချပေးမည်သာဖြစ်၏” –
ဟု မိန့်ဆိုတော်မူပြီးလျှင် သင်ကဲ့သို့သော သူသည် ငါ့အား မကြားစဖူးသောအကြောင်းကို ပြောဆိုပေသည်ဟု အလွန်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ထိုယောကျ်ားအား များစွာသောစည်းစိမ်ကို ပေးတော်မူ၏။
ဤဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကိုပြသည်၏အဆုံး၌ လျှပ်ပေါ်လော်လည်သော ရဟန်းသည် သကဒါဂါမိဖိုလ်၌ တည်လေ၏။ များစွာသောရဟန်းတို့သည် သေတာပတ္ထိဖိုလ်စသည်တို့၌ တည်ကြကုန်၏။
Remove ads
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ လော်လည်သောယောကျ်ားသည် - ယခုအခါ လော်လည်သောရဟန်း။
ဘောဇနသုဒ္ဓိကမင်းသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
(၁) တဏှာစီမံ၊ ဝမ်းကြောင်းခံ၊ နိယံတောင်းရှာဖွေ။
(၂) သတ္တဝါမှန်၊ ဝမ်းတမန်၊ ဧကန်မည်တော့ပေ။
(၃) လျှပ်ပေါ်သောမှု၊ လော်လည်မှု၊ မပြုရှောင်ကြဉ်လေ။
ဒူတဇာတ် ပြီး၏။[၁]
တေရသကနိပါတ် -၄၇၈-ဒူတဇာတ်
ပစ္စုပ္ပန်ဝတ္ထု
ညီတော်မင်းနန် အကြောင်းခံ
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရား၏ ပညာတော်ကို ချီးကျူးကြကုန်၏။ တရားသဘင်၌ ရဟန်းတို့သည် “ငါ့ရှင်တို့... မြတ်စွာဘုရားသည် ဥပါယ်တမျဉ်၌လိမ္မာတော်မူ၏၊ ညီတော်နန္ဒအား နတ်သမီးတို့ကို ပြကာ အရဟတ္တဖိုလ်ကို ပေးတော်မူ၏၊ စူဠပန်အား ပုဆိုးပိုင်းဖြင့် ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်ကို ပေးတော်မူ၏၊ ရွှေပန်းထိမ်သည်သားအား ပဒုမ္မာကြာပန်းဖြင့် အရဟတ္တဖိုလ်ကို ပေးတော်မူ၏” စသည်ဖြင့် မြတ်စွာဘုရား၏ပညာတော်ကို ချီးကျူးကြကုန်၏။
ထိုအခိုက်မြတ်စွာဘုရားကြွလာတော်မူ၍ ထိုအကြောင်းကိုသိတော်မူလျှင်– “ရဟန်းတို့... ငါဘုရားသည် ယခုအခါ၌သာ သတ္တဝါတို့၌ဥပါယ်တမျဉ်ဖြင့် လိမ္မာသည်မဟုတ်၊ ရှေးအခါ၌လည်း လိမ္မာသည်သာတည်း”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
---
Remove ads
အတိတ်ဝတ္ထု
သိပ္ပံအတတ် ကျေးဇူးဆပ်
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဇနပုဒ်တစ်ခုလုံး၌ ငွေမရှိ။ ထိုမင်းသည် ဇနပုဒ်ကိုနှိပ်စက်လျက် ဥစ္စာကိုသာ စုဆောင်းလေ့ရှိ၏။ ထိုအခါ ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်သို့သွား၍ ဆရာကြီးကို “ဆရာ... ကျွန်တော်သည် ယခုအခါ ဆရာအဖို့ကိုမပေးနိုင်ပါ၊ အတတ်သင်ပြီးသောအခါမှ တရားသဖြင့်အလှူခံ၍ ပေးပါမည်”ဟု တောင်းပန်ကာ အတတ်ပညာကိုသင်ကြားလေ၏။ တတ်မြောက်လျှင် ဆရာထံခွင့်ပန်၍ ဆရာအဖို့ဥစ္စာရရန် တက္ကသိုလ်ပြည်မှထွက်ခဲ့၍ ဇနပုဒ်သို့လှည့်လည်လေ၏။
ရွှေစင်ခုနစ်နိက္ခ ရလတ်သော် ဆရာထံသွား၍ ပူဇော်မည်ဟုသွားရာ ခရီးအကြား၌ လှေဖြင့် ဂင်္ဂါမြစ်ကိုကူးရ၏။ လှေကိုလှည့်လတ်သော် ရွှေစင်ခုနစ်နိက္ခသည် ရေတွင်ကျဆုံးလေ၏။ ထိုအခါ ပုဏ္ဏားသည် “ရှေ့ကားအလွန်ရခဲ၏၊ တစ်ဖန်ရှာဖွေလတ်သော် အလွန်ကြာမြင့်လတံ့၊ ငါသည် ဂင်္ဂါမြစ်သဲအပြင်၌ အစာမစားဘဲနေငြားအံ့၊ ထိုအကြောင်းကို အစဉ်အတိုင်း မင်းကြီးသိလတ်သော် ပျောက်ဆုံးသော ရွှေစင်ခုနစ်နိက္ခ အစားရလတံ့”ဟု ကြံစည်ဆုံးဖြတ်ပြီးလျှင် ကိုယ်ဝတ်ပုဆိုးကိုရုံလျက် စလွယ်ကိုအပ၌ထားကာ သဲပြင်၌ ရွှေဆင်းတုကဲ့သို့ မတုန်မလှုပ်အစာမစားဘဲ နေလေ၏။
မင်းကြီးမေးမှ အကြောင်းပြ
လူတို့သည်... ပုဏ္ဏားကို မြင်လျှင် အကြောင်းကိုမေးကုန်၏၊ ပုဏ္ဏားလည်း တစ်စုံတစ်ခုသောစကားကိုမျှမဆို။ နက်ဖြန် ရွာနေလူတို့လာ၍မေးကြကုန်၏၊ စကားမဆို။ ပုဏ္ဏားပင်ပန်းသည်ကိုမြင်လျှင် ငိုကြွေးကြကုန်၏။ ငါးရက်တိုင်အောင် မေးလာသူတို့ကိုစကားမပြောလ။ ခြောက်ရက်တိုင်သောအခါ... မင်းအမတ်တို့လာ၍ မေးကြကုန်၏၊ စကားမပြောလေ။ ခုနစ်ရက်တိုင်သောအခါ... မင်းကြီးသည် အလွန်ကြောက်လန့်ရကား ပုဏ္ဏားထံလာ၍ “အို-ပုဏ္ဏား...ဂင်္ဂါမြစ်နား၌ ကြံမှိုင်နေသော သင့်ထံသို့ အကျွန်ုပ်သည် တမန်တို့ကိုစေလွှတ်ပါ၏၊ အကြောင်းကိုမေးသောအခါ စကားမပြောခဲ့၊ သင်၏ဆင်းရဲကို သင်တစ်ယောက်တည်း သိကောင်းသလော”—
ဟု မေးလေ၏။ ထိုအခါပုဏ္ဏားသည်–
“မြတ်သောမင်းကြီး... အကယ်၍ သင်မင်းကြီးအား ဆင်းရဲဒုက္ခဖြစ်လာအံ့၊ သင်မင်းကြီး၏ ဆင်းရဲဒုက္ခကို မလွတ်စေနိုင်သောသူအား ထိုဖြစ်လာသောဆင်းရဲဒုက္ခကို ပြောကြားတော်မမူသင့်၊ ထိုဆင်းရဲဒုက္ခအလုံးစုံကို၎င်း၊ တစ်စိပ်တစ်ဒေသကို၎င်း၊ တရားနှင့်အညီ လွတ်မြောက်စေနိုင်သောသူအားသာ စင်စစ်ပြောကြားသင့်၏။
“မြတ်သောမင်းကြီး...ဆင်းရဲဒုက္ခကို အဖန်ဖန်မေးသည်ရှိသော် အခါမဟုတ်သည်၌ပြောကြားမိသောသူအား ဝမ်းမြောက်သောအဆွေခင်ပွန်းတို့လည်း ရှိကုန်၏၊ အကျိုးစီးပွားကို လိုလားသဖြင့် ဆင်းရဲသောအဆွေခင်ပွန်းတို့လည်းရှိကုန်၏”
“ပညာရှိသည် ပြောသင့်သောအခါကာလကိုသိ၍ တူမျှသောစိတ်ရှိသည်ကိုသိလျက် ပညာရှိတို့အား... မိမိ၏ဆင်းရဲဒုက္ခတို့ကို ပြောကြားရာ၏၊ သိမ်မွေ့နူးညံ့၍ အကျိုးရှိသောစကားကိုပြောကြားရာ၏”။
“အကယ်၍ မိမိအား မနှိပ်စက်မူ၍ လွန်ပြီးသောအမှုကိစ္စတို့ကို သိငြားအံ့၊ လောကဓံတရားရှစ်ပါးတို့သည် ငါ့အားချမ်းသာကိုမဖြစ်စေနိုင်ဟု သိခဲ့ငြားအံ့၊ အရှက်အကြောက်ကို ငဲ့သော ပညာရှိသည် တစ်ယောက်ထီးတည်းသာ ထိုဆင်းရဲဒုက္ခတို့ကို သည်းခံရာ၏”။
ဟု ခုနစ်ဂါထာတို့ဖြင့် မင်းကြီးအား တရားဟောပြီးလျှင်-
“မြတ်သောမင်းကြီး... အကျွန်ုပ်သည် ဇနပုဒ်၊ နိဂုံး၊ မင်းနေပြည်သို့လှည့်လည်လျက် ဆရာအဖို့ဥစ္စာကိုအလိုရှိ၍ သူကြွယ်၊ မင်းချင်းဗြာဟ္မဏမဟာသာလတို့ကို တောင်းရမ်းအလှူခံ၍ ရွှေစင်ခုနစ်နိက္ခကိုရခဲ့ပြီ”။
“မြတ်သောမင်းကြီး... အကျွန်ုပ်အား ထိုရွှေစင်ခုနစ်နိက္ခတို့သည် ယခုအခါပြောက်ဆုံးခဲ့ကုန်ပြီ၊ သို့အတွက် အကျွန်ုပ်သည် ပြင်းထန်စွာ စိုးရိမ်ပူဆွေးပါ၏။
“မြတ်သောမင်းကြီး... သင်၏မင်းချင်းယောက်ျားတို့သည် အကျွန်ုပ်၏ဆင်းရဲဒုက္ခမှ လွတ်စေခြင်းငှာ မစွမ်းနိုင်ကုန်ဟု စိတ်ဖြင့်သိအပ်ပါ၏၊ ထို့ကြောင့် ထိုမင်းချင်းယောက်ျားတို့အား မပြောကြားပါ”
“မြတ်သောမင်းကြီး သင်သည်သာ အကျွန်ုပ်၏ဆင်းရဲဒုက္ခမှ လွတ်စေခြင်းငှာစွမ်းနိုင်ပါ၏ဟု စိတ်ဖြင့်သိအပ်ပါ၏၊ ထို့ကြောင့် အရှင်မင်းကြီးကိုသာ အကျွန်ုပ်ကြားလျှောက်ပါ၏၊ မိမိဥစ္စာပျောက်ဆုံးခဲ့ရ၍ ရလိုကြောင်းကို အကုန်အစင် ပြောကြားလေ၏။
လိုအင်ပြည့်ဝ ဆိုဆုံးမ
ထိုအခါမင်းကြီးသည် ပုဏ္ဏား၏စကားကိုကြားရလျှင် အလွန်ကြည်ညိုသည်ဖြစ်၍-
“အိုပုဏ္ဏား... မစိုးရိမ်လင့်၊ မပူဆွေးလင့်၊ ငါသည်သင်ပုဏ္ဏားအား ဆရာအဖို့ဖြစ်သောဥစ္စာကို ပေးမည်”—
ဟုဆို၍ ရွှေစင်တစ်ဆယ့်လေးနိက္ခတို့ကို ပေးလေ၏။
ပုဏ္ဏားလည်း အလွန်ဝမ်းမြောက်လျက် မင်းကြီးအား အဆုံးအမကိုပေးပြီးလျှင် ဆရာအဖို့ကိုပေး၍ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုတို့ကို ပြုလေ၏၊ မင်းကြီးလည်း ပုဏ္ဏား၏အဆုံးအမ၌တည်လျက် တရားနှင့်အညီ မင်းပြု၍ ဒါနသီလစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလေ၏၊ ထိုနှစ်ယောက်သော မင်းပုဏ္ဏားတို့သည် သေသည်၏အခြားမဲ့၌ ကံအားလျော်စွာ လားကြကုန်၏။
---
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-ရဟန်းတို့...
- ထိုအခါဗာရာဏသီမင်းသည်-ယခုအခါအာနန္ဒာ။
- တက္ကသိုလ်ဆရာကြီးသည်-သာရိပုတ္တရာ။
- ပုဏ္ဏားလုလင်သည်-ငါဘုရားဖြစ်လာပြီ–
ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။
---
(၁) ဒုက္ခအပေါင်း၊ ရောက်တုံရှောင်း၊ လွတ်ကြောင်းဥပါယ်ရှာ။
(၂) မကယ်နိုင်မူ၊ မလိုမူ၊ ထိုသူမပြောရာ။
(၃) ပြောချိန်ရောက်လျှင်၊ ပညာရှင်၊ အလျင်ပြောဆိုရာ။
(၄) နိက္ခခုနစ်၊ ပျောက်ဆုံးလစ်၊ နွမ်းညစ်စိတ်ပူဆာ။
(၅) ဆယ့်လေးနိက္ခ၊ ရွှေစင်ရ၊ ရှေးကပုဏ္ဏားမှာ။
(၆) ဒုက္ခလွတ်ဘိ၊ ဥပါယ်သိ၊ ကဝိပညဝါ။
ဒူတဇာတ်ပြီး၏။
ဆောင်ပုဒ်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads