ဖန္ဒနဇာတ်
From Wikipedia, the free encyclopedia
Remove ads
တေရသကနိပါတ် -၄၇၅-ဖန္ဒနဇာတ်
အကြောင်းမဲ့ ကြို့ပင်စောင့်နတ်ကို ရန်ငြိုးဖွဲ့သော ဝံအား ကြို့ပင်စောင့်နတ်က တစ်ဖန်ပြန်၍ ရန်ငြိုးဖွဲ့သဖြင့် နှစ်ဦးလုံး အကျိုးမဲ့ပျက်စီးဆုံးရှုံးရသော အကြောင်း။
---
ပစ္စုပ္ပန်ဝတ္ထု
ချင်းချင်းရန်ပြု ဟောကြားပြု
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆွေတော်မျိုးတော်တို့ ခိုက်ရန်ဖြစ်ခြင်းကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
[ဤပစ္စုပ္ပန်ဝတ္ထုသည် မဟာကုဏာလဇာတ်၌ ထင်စွာဖြစ်လတံ့။]
---
အတိတ်ဝတ္ထု
ချင်းချင်းကြောင်းမဲ့ ရန်ငြိုးပွဲ
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် တစ်ခုသော လက်သမားရွာရှိလေ၏။ ထိုရွာ၌ လက်သမားပုဏ္ဏားတစ်ယောက်သည် တောမှသစ်တို့ကိုယူကာ ရထားလုပ်၍ အသက်မွေး၏။
ထိုအခါ ဟိမဝန္တာအရပ်ဝယ် ကြို့ပင်တစ်ပင်သည်ရှိလေ၏။ ဝံတစ်ကောင်သည် အစာရှာဖွေစားသောက်ကာ ကြို့ပင်ရင်း၌ အိပ်လေ့ရှိ၏။
တစ်နေ့သ၌ လေတိုက်သည်ရှိသော် ကြို့ကိုင်းချောက်သည် အိပ်နေသောဝံ၏ ကျောကုန်းပေါ်သို့ ကျလေ၏။ ဝံသည် ကျောကုန်းနာသဖြင့် အနည်းငယ်ထ၍ပြေးပြီးလျှင် တစ်ဖန်ပြန်၍ ကြည့်ရှုလတ်သော် တစ်စုံတစ်ယောက်ကိုမျှမမြင်။ ထိုအခါ ဝံသည် “ငါ့ကိုတစ်ပါးသောသူသည် ပြုလုပ်သည်မဟုတ်၊ ဤကြို့ပင်စောင့်နတ်သည် ငါအိပ်သည်ကို သည်းမခံနိုင်သဖြင့် ငါ့ကျောကုန်းပေါ်သို့ ကြို့ကိုင်းကို ချိုး၍ချယောင်တကား၊ ရှိစေဦး၊ ငါ့အကြောင်းကို သိရမည်”ဟု အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့ကာ ကြို့ပင်ကိုပုတ်ခတ်လျက် “နင့်သစ်ရွက်ကိုလည်း ငါမစား၊ အခက်ကိုလည်း ငါမချိုး၊ တစ်ပါးသော သတ္တဝါတို့နေသည်ကို သည်းခံနိုင်ပါလျက် ငါ့ကိုသည်းမခံနိုင်၊ ဘယ်အပြစ်ရှိသနည်း၊ နှစ်ရက်သုံးရက်ရှိလျှင် နင့်သစ်ပင်ကို အမြစ်ပါတူးစေမည်”ဟု ကြိမ်းမောင်းကာ သွားလေ၏။
Remove ads
ရန်သူပျက်မှာ ဝမ်းမြောက်စွာ
ထိုအခိုက် ပုဏ္ဏားလက်သမားသည် အဘော်နှစ်ယောက်သုံးယောက်ကိုခေါ်၍ ရထားသစ်ယူရန် လှည်းဖြင့် လာ၏။ တစ်နေရာတွင် လှည်းကိုချွတ်၍ ဓားမ၊ ပဲခွပ်၊ ပုဆိန် လက်စွဲကာ စုံစမ်းရှာဖွေရာ ကြို့ပင်အနီးသို့ရောက်လေ၏။ ဝံသည် လက်သမားကိုမြင်လျှင် “ငါ့ရန်သူပျက်စီးခြင်းကို မြင်ရတော့မည်”ဟု ဝမ်းမြောက်ဝမ်းသာ အနီးသို့ချဉ်းကပ်လျက်–
“အို-ယောက်ျားဓားမ၊ ပဲခွပ်၊ ပုဆိန်လက်စွဲကာတောသို့ လာဘိ၏၊ အဆွေယောက်ျား... ငါမေးအပ်သည်ကို ပြောကြားပါ၊ သင်သည် အဘယ်သစ်ကို ခုတ်ဖြတ်လိုသနည်း”—
ဟု မေးလေ၏။ လက်သမားပုဏ္ဏားသည် ဝံစကားကိုကြားလျှင်– “အို-လုလင်တို့... ငါသည် တစ်သက်လုံး လူတို့စကားကိုပြောဆိုသော ဝံကို မမြင်စဖူး၊ အံ့ဘွယ်ရှိစွ၊ ဤဝံသည် လျောက်ပတ်သောသစ်ကို သိတန်ရာ၏”ဟု ပြောဆိုပြီးလျှင်–
“အဆွေခံ သင်ကား ညီညွတ်သောတော... မညီညွတ်သောတောသို့ လှည့်လည်ပါ၏၊ ငါမေးအပ်သည်ကို ပြောကြားပါ၊ အဘယ်သစ်သည် ရထားအကွပ်လုပ်ဘို့ရန် ခိုင်ခန့်ပါသနည်း”ဟု သစ်အကြောင်းကို မေးလေ၏။
Remove ads
ရန်သူပျက်ရေး အကြံပေး
ဝံလည်း “အချက်ကောင်းကို ရပေပြီ၊ ငါ၏ရန်သူ ပျက်စီးခြင်းကို မြင်ရတော့မည်”ဟုကြံစည်ကာ–
“အဆွေလက်သမား... ပိတောက်ပင်၊ ရှားပင်၊ အင်ကြင်းပင်၊ ဖောက်ကြံ့ပင်တို့သည် မခိုင်ခန့်ကုန်၊ ကြို့ပင်သည် ရထားအကွပ်လုပ်ရန် ခိုင်ခန့်လှ၏”—
ဟု ပြောကြားလေ၏။ လက်သမားသည် ဝံ၏စကားကိုကြားလျှင် အလွန်နှစ်သက်ဝမ်းသာ၍ “ရှေးနေ့တို့၌ ငါ့အား တိရစ္ဆာန်တို့သည် လျောက်ပတ်သောသစ်ကို မပြောကြားစဖူး၊ ယနေ့ကား ထူးထူးခြားခြား ပြောကြားပေ၏၊ ကောင်းလေစွ”ဟု ပြောဆိုပြီးလျှင်–
“အဆွေဝံ... သင်ပြောသော ကြို့ပင်၏အရွက်၊ ပင်စည်တို့သည် အဘယ်သို့သဘောရှိသနည်း၊ ငါတို့ ကြို့ပင်ကိုမသိကြပါ၊ သိရအောင် ငါတို့အား ပြောကြားပါ”—
ဟု မေးမြန်းတောင်းပန်လေ၏။ ထိုအခါ ဝံသည်–
“အဆွေလက်သမား... ကြို့ပင်၏အကိုင်းအခက်တို့သည် တွဲလျားကျကုန်၏၊ အောက်သို့ညွတ်ကုန်၏၊ မကျိုးကုန်၊ ယခုငါတည်နေသော သစ်ပင်ကား ကြို့ပင်ဖြစ်၏၊ ရထား၏အကန့်-လှည်းဘီး ပုံတောင်း-ဝက်စွယ်-အကွပ် အလုံးစုံပြုလုပ်ရန် ခိုင်ခန့်လှ၏”—
ဟု လက်သမားတို့ကို ပြောကြားပြီးလျှင် မိမိအလိုရှိရာအရပ်သို့သွားလေ၏။
လက်သမားတို့လည်း ကြို့ပင်ကိုခုတ်ဖြတ်ရန် ကြိုးစားကြ၏။ ထိုအခါ ကြို့ပင်စောင့်နတ်သည် “ငါကား ဝံ၏အပေါ်၌ တစ်စုံတစ်ခုကိုမျှမချရ၊ ဤဝံသည် အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့ကာ ငါ့ဗိမာန်ကိုဖျက်ဆီးဘိ၏၊ တစ်ခုသောဥပါယ်ဖြင့် ဤဝံအား လက်သမားတို့ကိုပင်သတ်စေမည်”ဟုကြံစည်၍ ယောက်ျားအသွင် ဖန်ဆင်းပြီးလျှင် လက်သမားတို့ထံ လာ၍– “အို-လက်သမားတို့... ဤသစ်ပင်ကား ကောင်းလှ၏၊ ခုတ်ဖြတ်၍ အဘယ်ကို ပြုလုပ်အံ့နည်း”ဟု မေး၏။ “အဆွေ... ရထားအကွပ်ပြုလုပ်မည်”ဟု ပြော၏။ “သင်တို့ကို အဘယ်သူပြောကြားသနည်း”ဟု မေးသောအခါ “ဝံတစ်ကောင်ပြောကြားပါ၏”ဟုပြော၏။ “ဝံသည် ကောင်းစွာပြောကြားပေသည်”ဟုပြော၏။
Remove ads
ချင်းချင်းမုန်းချက် ကျိုးမထွက်
ထိုအခါ ရုက္ခစိုးနတ်သည် လက်သမားတို့အား “အမောင်တို့... ဝံရေကိုခွါ၍ လက်လေးသစ်မျှ ဖြတ်ပြီးလျှင် ရထားအကွပ်၌ သံပတ်သကဲ့သို့ပတ်လျှင် အလွန်ခိုင်ခန့်လှသည်၊ အဘိုးလည်းထိုက်တန်လှသည်၊ ဝံရေကို အဘယ်မှာရအံ့နည်း၊ သင်တို့သည်မိုက်လှ၏၊ ကြို့ပင်ကား ဘယ်မှပြေးမည်မဟုတ်၊ သင်တို့အား ပြောကြားသော ဝံထံသွား၍ သင်ပြသောသစ်ပင်ကို ဘယ်အရပ်၌ ဖြတ်ရမည်နည်း၊ လိုက်၍ပြပါဟု လှည့်စား၍ခေါ်ချေ၊ လိုက်လာ၍ ဤအရပ်၌ဖြတ်လောဟု နှုတ်သီးဖြင့်ပြသောအခါ ထက်လှစွာသောပုဆိန်ဖြင့် ဖြတ်၍သတ်ပြီးလျှင် အရေကိုခွါ၍ ကောင်းသောအသားကိုစားပြီးမှ ကြို့ပင်ကိုဖြတ်လော”ဟု ရန်တုံ့မူကာ နည်းပေးပြန်၏။
ထိုအခါ လက်သမားသည် ကြို့ပင်စောင့်နတ်စကားကိုကြားပြန်လျှင် “ဩ...အံ့ဘွယ်ရှိပေစွ၊ ယနေ့ ငါ့အား မင်္ဂလာရှိသောနေ့ ဖြစ်ပေသည်”ဟု ပြောဆိုကာ ကြို့ပင်စောင့်နတ်ပေးသောနည်းဖြင့် ဝံကိုသတ်ပြီးလျှင် ဝံပေးသောနည်းဖြင့် ကြို့ပင်ကိုခုတ်ဖြတ်ခါ ယူ၍သွားလေ၏။ ဤသို့လျှင် ဝံနှင့်ကြို့ပင်စောင့်နတ်တို့သည် အချင်းချင်းရန်ငြိုးဖွဲ့ကြသဖြင့် ပျက်စီးကြကုန်၏။
ဤသို့လျှင် မြတ်စွာဘုရားသည် သာကီဝင်မင်းတို့အား ဝံနှင့်ကြို့ပင်စောင့်နတ်ကို ပမာပြုကာ ဆုံးမတော်မူ၏။ သာကီဝင်မင်းတို့လည်း မြတ်စွာဘုရားအဆုံးအမ၌တည်၍ ညီညွတ်ကြကုန်၏၊ ခိုက်ရန်ပြေငြိမ်းကြကုန်၏၊ ဝမ်းမြောက်ဝမ်းသာရှိကြကုန်၏။
---
Remove ads
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်– ရဟန်းတို့...
- ထိုအခါ ထိုတောအုပ်၌ နေသော ရုက္ခစိုးနတ်သည်-ငါဘုရားဖြစ်လာပြီ–
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
---
(၁) ငြင်းခုံခိုက်ရန်၊ ဒေါသထန်၊ ဧကန်ပျက်စီးမည်။
(၂) ရာမဟုတ်ပေ၊ ခိုက်ရန်ဖွေ၊ နှစ်ထွေပျက်စီးမည်။
(၃) ဝံနှင့်ကြို့ပင်၊ ပမာတင်၊ အစဉ်မှတ်အပ်သည်။
(၄) ဝံကိုလည်းသတ်၊ ကြို့ပင်ဖြတ်၊ နတ်လည်းပျက်တော့သည်။
ဖန္ဒနဇာတ်ပြီး၏။
ဆောင်ပုဒ်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads