ဘဒ္ဒသာလဇာတ်
From Wikipedia, the free encyclopedia
Remove ads
ဒွါဒသကနိပါတ် - ၄၆၅- ဘဒ္ဒသာလဇာတ်
ပစ္စုပ္ပန်ဝတ္ထု
ကျွမ်းဝင်သူ ကျွေးက မွန်မြတ်လှ
နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆွေတော်မျိုးတော်တို့ အကျိုးစီးပွားကို ကျင့်တော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့။ သာဝတ္ထိပြည်ဝယ် အနာထပိဏ်သူဌေးအိမ်၌ ရဟန်းငါးရာတို့အား အမြဲဆွမ်းလုပ်ကျွေး၏။ ဝိသာခါဒါယိကာမအိမ်, ကောသလမင်းကြီး နန်းတော်၌လည်း ထို့အတူ ရဟန်းငါးရာတို့အား အမြဲဆွမ်းလုပ်ကျွေးကုန်၏။
တစ်နေ့သ၌ ကောသလမင်းကြီးသည် ထူးမြတ်သော လက်ဆောင်ပဏ္ဏာရ၍ ရဟန်းတို့အား လှူဒါန်းကြကုန်ဟု ဆွမ်းစားစရပ်သို့ ပို့စေ၏။ ရဟန်းတို့ မရှိပါကုန်ဟု လျှောက်ထား၏။ အဘယ်သို့ ကြွကုန်သနည်းဟု မေးသောအခါ မိမိတို့ အကျွမ်းဝင်ရာအိမ်သို့ ကြွပါကုန်၏ဟု လျှောက်ထား၏။ ထိုအခါ ကောသလမင်းကြီးသည် မြတ်စွာဘုရားထံ သွား၍ “အရှင်ဘုရား... အဘယ်သို့သော ဘောဇဉ်သည် အရသာရှိပါသနည်း”ဟု လျှောက်၏။ “မင်းကြီး အကျွမ်းဝင်သော ဘောဇဉ်သည် အလွန်အရသာရှိ၏။ ရဟန်းတို့အား အဘယ်သူတို့နှင့် အကျွမ်းဝင်ပါသနည်း။ မိမိတို့ဆွေမျိုးတို့နှင့်၎င်း၊ သာကီဝင်မင်းမျိုးတို့နှင့်၎င်း အကျွမ်းဝင်ကုန်၏” ဟု မိန့်တော်မူ၏။
Remove ads
မျိုးတော်လိုကြောင်း သမီးတောင်း
ထိုအခါ ကောသလမင်းကြီးသည် သာကီဝင်မင်းသမီးတစ်ယောက်ကို ဆောင်စေ၍ မိဖုရားကြီး ပြုမည်။ ထိုသို့ ပြုသော် ရဟန်းတို့နှင့် ဆွေမျိုးဖြစ်ရလတ္တံ့ဟု ကြံစည်ပြီးလျှင် နန်းတော်သို့ ပြန်ပြီးလျှင် တမန်တို့ကိုခေါ်၍ “ငါ့အား သာကီဝင်မင်းသမီး တစ်ယောက်ကို ပေးကုန်လော့။ သင်တို့နှင့် ဆွေမျိုးတော်လိုသည်”ဟု သဝဏ်စာရေးပြီးလျှင် ကပိလဝတ်ပြည်သို့ စေလွှတ်၏။ သာကီဝင်မင်းတို့လည်း တမန်တို့စကားကို ကြားရလျှင် စည်းဝေးကုန်၍ “အချင်းတို့... ငါတို့ကား ကောသလမင်းကြီး၏ အာဏာပြန့်နှံ့ရာအရပ်၌ နေရကုန်၏။ သာကီဝင်မင်းသမီးကို မပေးသော် စစ်ကြီးဖြစ်ရလတ္တံ့။ ပေးသော် အမျိုးပျက်လတ္တံ့။ ထို့ကြောင့် အဘယ်သို့ ပြုရအံ့နည်း”ဟု တိုင်ပင်ကြကုန်၏။
မျိုးဂုဏ်ကဲခပ် လျှောက်တင်အပ်
မဟာနာမ်မင်းကြီးသည် “အမောင်တို့... မစိုးရိမ်ကြလင့်။ နာဂမုဏ္ဍာမည်သော ကျွန်မမှ မွေးဖွားသော ငါ့သမီး ဝသဘခတ္တိယာသည် ဆယ့်ခြောက်နှစ်အရွယ်ရှိပြီ။ အလွန်အဆင်းလှ၏။ အဘ၏အစွမ်းဖြင့်ကား မင်းမျိုးဖြစ်၏။ ၎င်းကို ပေးမည်”ဟု ပြောဆိုတိုင်ပင်ပြီးလျှင် တမန်တို့ကိုခေါ်၍ “အမတ်မင်းတို့ ...ကောင်းပြီ။ သာကီဝင်မင်းသမီးကို ပေးမည်။ ယခုပင် ယူ၍သွားကြကုန်လော့”ဟု ပြောလေ၏။
ထိုအခါ တမန်တို့သည် “ဤသာကီဝင်မင်းတို့ကား အမျိုးကိုမှီ၍ အလွန်မာန်တက်ကုန်၏။ ကျွန်မသမီးကို ပေးမည်ကိုလည်း မသိကုန်။ သာကီဝင်မင်းတို့နှင့် ထမင်းတစ်ပွဲတည်း စားသော မင်းသမီးကိုသာ ယူမည်”ဟု ကြံစည်ကာ “အရှင်တို့... သာကီဝင်မင်းတို့နှင့် ထမင်းတစ်ပွဲတည်း စားသော မင်းသမီးကိုသာ ယူလိုကုန်၏။ သို့အတွက် ပေးမည့်မင်းသမီးကို သာကီဝင်မင်းတို့နှင့် ထမင်းတစ်ပွဲတည်း စား၍ ပြပါ”ဟု လျှောက်ထားကြကုန်၏။
Remove ads
ကျွန်မကိုပင် သာကီဝင်ထင်
ထိုအခါ သာကီဝင်မင်းတို့သည် “အဘယ်သို့ ပြုရကုန်အံ့နည်း”ဟု တိုင်ပင်ကြပြန်၏။ မဟာနာမ်မင်းကြီးသည် “မစိုးရိမ်ကြလင့်။ ငါစီမံမည်။ ငါထမင်းစားသောအခါ ဝါသဘခတ္တိယာကို ထမင်းစားရန် တန်ဆာဆင်၍ ခေါ်ခဲ့ကြ။ ငါထမင်းလုပ်ကို ယူကာမျှ၌ ဤမည်သောမင်းထံမှ သဝဏ်စာ ရောက်လာသည်ဟုဆိုကာ စာကို ပြုကြကုန်”ဟု မှာထား၏။
ထို့နောက် မဟာနာမ်မင်းကြီးသည် တမန်တို့ရှေ့မှာပင် ထမင်းစားလတ်သော် “အမောင်တို့... ငါ့သမီးတော် ဝါသဘခတ္တိယာကို ခေါ်ခဲ့ကြကုန်။ ငါနှင့်အတူ ထမင်းစားမည်”ဟု အမိန့်ပေးလေ၏။ ထိုအခါ ဝါသဘခတ္တိယာကို တန်ဆာဆင်၍ အတန်ကြာမှ ခေါ်ခဲ့ကြ၏။ ဝါသဘခတ္တိယာလည်း ခမည်းတော်နှင့်အတူ ထမင်းစားမည်ပြောဆိုကာ ထမင်းတစ်ပွဲတည်း၌ လက်ကို ချ၏။ မဟာနာမ်မင်းကြီးလည်း သမီးနှင့်အတူ ထမင်းတစ်ဆုပ်ကို ကိုင်၍ ခံတွင်း၌ ထား၏။
Remove ads
ကျွန်မ လိမ်ညာ သမီးဆက်ရာ
ဒုတိယထမင်းလုပ်ကို ယူရန် လက်ချစဉ် ချိန်းချက်ထားသော သာကီဝင်မင်းတို့သည် လာလတ်ကုန်၍ “အရှင်မင်းကြီး... ဤမည်သောမင်းထံမှ အလွန်အရေးကြီးသော သဝဏ်စာ ရောက်လာသည်၊ ကြည့်ရှုပါဦးလော့”ဟု ဆက်သကြကုန်၏။ မဟာနာမ်မင်းကြီးလည်း “ချစ်သမီး... စားလော့”ဟုဆိုကာ လက်ယာလက်ကို ထမင်းစားပွဲ၌ ချထား လက်ဝဲလက်ဖြင့် မှာစာကိုကိုင်ကာ ကြည့်ရှု၍ နေ၏။ ထိုအခိုက်တွင် မင်းသမီးသည် ထမင်းစား၍ ပြီးနှင့်၏။ ထိုအခါ မဟာနာမ်မင်းကြီးသည် သမီးတော် ထမင်းစားပြီးလျှင် လက်ကိုဆေး၍ ခံတွင်းကို ဆေး၏။ တမန်တို့လည်း ထမင်းစားသည်ကိုမြင်လျှင် မဟာနာမ်မင်းကြီး၏ သမီးတော် မှန်ပေသည်ဟု ဆုံးဖြတ်ကြကုန်၏။
Remove ads
မိဖုရား မြှောက်တင် သားဖွားမြင်
မဟာနာမ်မင်းကြီးလည်း များစွာသော ပူဇော်သက္ကာရ အခြံအရံတို့ဖြင့် သမီးတော်ကို ကောသလမင်းကြီးထံ ပို့စေ၏။ တမန်တို့လည်း မင်းသမီးကို ဆောင်ယူကာ ကောသလမင်းကြီးထံ ရောက်လျှင်—
“အရှင်မင်းကြီး ဤမင်းသမီးကား အမျိုးနှင့် ပြည့်စုံ၏။ မဟာနာမ်မင်းကြီး၏ သမီးတော်ရင်း ဖြစ်သည်”ဟု လျှောက်ထားကုန်၏။ ကောသလမင်းကြီးလည်း အလွန်နှစ်သက်တော်မူသဖြင့် ဝါသဘခတ္တိယာကို ရတနာအစု၌ထားကာ အဘိသိက်သွန်း၍ မိဖုရားကြီး မြှောက်လေ၏။ နောက်အခါ ရွှေအဆင်းနှင့်တူသော သားတော်ကို ဖွားမြင်လေ၏။
Remove ads
ဘိုးတော်အမည်ရ ဝိဍဍူဘ
ကောသလမင်းကြီးသည် သားတော်ကို အမည်မှည့်ပေးရန် မဟာနာမ်မင်းကြီးထံ အမတ်တို့ကို စေလွှတ်၏။ အမတ်တို့သည် အတန်ငယ် နားပင်းကုန်၏။ အမတ်တို့လည်း မဟာနာမ်မင်းကြီးထံရောက်လျှင် သမီးတော်ဝါသဘခတ္တိယာမှာ သားတော်ဖွားမြင်ကြောင်း အမည်မှည့်ပေးရန် စေလွှတ်လိုက်ကြောင်းကို လျှောက်ထားကုန်၏။ မဟာနာမ်မင်းကြီးလည်း ထိုသတင်းစကားကို ကြားလျှင် (ဝါသဘခတ္တိယာကား သားမဖွားဘဲလျှင်လည်း သာကီဝင်မင်းမျိုး အလုံးစုံကို လွှမ်း၏။ ယခုကား မင်းနှင့် အလွန်အကျွမ်းဝင်သည့် (ဝလ္လဘ) ဖြစ်လတ္တံ့)ဟု ပြောဆိုလေ၏။
ထိုအခါ နားပင်းသော အမတ်တို့သည် ဝလ္လဘ-ဟူသော စကားကို ဝိဘဟု မှတ်၍ ပြန်လာကာ ကောသလမင်းထံ ရောက်ပြန်လျှင် ဘိုးတော် မဟာနာမ်မင်းကြီးက ဝိဍဍူဘဟု မှည့်လိုက်ကြောင်း လျှောက်ထားကုန်၏။ ကောသလမင်းကြီးလည်း ရှေးမင်းတို့အမည် ဖြစ်လိမ့်မည်ဟု အောက်မေ့ကာ ဝိဍဍူဘပင် မှည့်တော်မူ၏။
Remove ads
ဆွေမျိုးတော်များ ဖူးမျှော်သွား
ဝိဍဍူဘသည် ခုနစ်နှစ်အရွယ်သို့ ရောက်သောအခါ အခြားမင်းသားတို့ထံ အဘိုးအဘွားတို့ထံမှ ဆင်ရုပ်၊ မြင်းရုပ် စသည်တို့ကို ပို့လာသည်ကိုမြင်လျှင် မိခင်အား မိမိ အဘိုးအဘွားတို့ ဘယ်မှာနည်းဟု မေး၏။ မိခင်လည်း သာကီဝင်မင်းတို့သည် ဘိုးတော်တို့ဖြစ်သည်၊ ဝေး၍ မပို့နိုင်ကြဟု ပြောဆိုဖျောင်းဖျထား၏။ တစ်ဖန် ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ ဘိုးတော်တို့ထံ အဖူးအမျှော် သွားလိုသည်ဟု မယ်တော်ထံ ခွင့်ပန်၏။ မယ်တော်လည်း အဖန်ဖန် တားမြစ်၍မရသဖြင့် ခွင့်ပြုရလေ၏။ တစ်ဖန် ခမည်းတော်ထံ ခွင့်ပန်ကာ များစွာသော အခြံအရံဖြင့် ထွက်လေ၏။ ဝါသဘခတ္တိယာလည်း “အရှင်တို့... ဤအရပ်၌ အလွန်ချမ်းသာစွာ နေရပါ၏။ တစ်စုံတစ်ရာအထူးကို မပြကြပါလင့်”ဟု ရှေးဦးစွာ သာကီဝင်မင်းတို့ထံ မှာစာ ပေး၍ ထားနှင့်၏။
ဆွေမျိုးကုန်စင် ဖူးမျှော်ဝင်
သာကီဝင်မင်းတို့လည်း ဝိဍဍူဘ လာသည်ဟု ကြားလျှင် ရှိမခိုးနိုင်ရကား ဝိဍဍူဘအောက် ငယ်ကုန်သော သာကီဝင်မင်းတို့ကို ဇနပုဒ်သို့ လွှတ်လိုက်ကုန်၏။ ဝိဍဍူဘမင်းသားလည်း ကပိလဝတ်ပြည်သို့ ရောက်လျှင် သာကီဝင်မင်းတို့ စည်းဝေးရာအရပ်သို့ သွား၏။ ထိုအခါ သာကီဝင်မင်းတို့သည် ဝိဍဍူဘမင်းသားကို “ချစ်သား ... ဤသူကား သင့်ဘိုးတော်တည်း၊ ဤသူကား သင့်ဦးရီးတော်တည်း” စသည်ဖြင့် ဆွေမျိုးစပ်၍ ပေးကုန်၏။ ဝိဍဍူဘလည်း ဝမ်းမြောက်ဝမ်းသာ လှည့်လည်၍ ရှိခိုး၏။
ထို့နောက် မိမိကို ရှိခိုးသူ တစ်စုံတစ်ယောက်မျှကို မမြင်လျှင်—
“အဘယ်ကြောင့် အကျွန်ုပ်ကို ရှိခိုးသူ မရှိသနည်း”ဟု မေး၏။ ထိုအခါ သာကီဝင်မင်းတို့သည် “ချစ်သား... သင့်ညီတော်ဖြစ်သော သာကီဝင်မင်းသားတို့သည် ဇနပုဒ်သို့ သွားနေခိုက်ဖြစ်သည်”ဟု ပြောဆိုကုန်၏။ ဝိဍဍူဘမင်းသားအား များစွာသော ပူဇော်သက္ကာရကို ပြုကြကုန်၏။
Remove ads
ဆဲရေးကဲ့ရဲ့ ရန်ငြိုးဖွဲ့
ဝိဍဍူဘလည်း နှစ်ရက် သုံးရက်နေပြီးလျှင် အခြံအရံနှင့်တကွ ထွက်ခဲ့၏။ ထိုအခါ ကျွန်မတစ်ယောက်သည် ဝိဍဍူဘမင်းသား ထိုင်သောပျဉ်ချပ်ကို “ဤနေရာကား ကျွန်မသား ထိုင်သောပျဉ်ချပ်တည်း”ဟု ဆဲရေးကာ နို့ရည်ဖြင့် ဆေး၏။ ထိုအခိုက် မင်းချင်းယောက်ျားတစ်ယောက်သည် လက်နက်မေ့ကျန်ရစ်သဖြင့် ပြန်၍ယူစဉ် ဆဲရေးသံကို ကြားရ၍ မေးမြန်းရာ “ဝါသဘခတ္တိယာ၏ အမိကား နာဂပုဏ္ဍမည်သော ကျွန်မတည်း။ အဘကား မဟာနာမ်မင်းကြီးတည်း”ဟု ပြောလေ၏။ ထိုမင်းချင်းယောက်ျားလည်း ဗိုလ်ထုသို့ ရောက်၍ ပြောပြန်ရာ “ဝါသဘခတ္တိယာကား ကျွန်မသမီးဖြစ်သည်”ဟု အုတ်အုတ်ကျက်ကျက် ဖြစ်လေ၏။ ဝိဍဍူဘကြားလျှင် “သာကီဝင်မင်းတို့သည် ယခုအခါ ငါထိုင်သောနေရာကို နို့ရည်ဖြင့် ဆေးဘိသည်၊ ရှိစေဦး။ ငါမင်းဖြစ်သောအခါ သာကီဝင်မင်းတို့ လည်ချောင်းသွေးဖြင့် ဆေးမည်”ဟု ရန်ငြိုးထားလေ၏။
Remove ads
မှူးတော် မိဖုရားအရာချ ဘုရားဆုံးမ
သာဝတ္ထိပြည်သို့ ရောက်လျှင် မှူးတော်မတ်တော်တို့သည် ဖြစ်သမျှအကြောင်းစုံကို ကောသလမင်းကြီးအား လျှောက်ထားကုန်၏။ ကောသလမင်းကြီးသိလျှင် “ငါကဲ့သို့သောမင်းအား ကျွန်မကို ပေးရာသလော”ဟု အမျက်ထွက်၍ ဝါသဘခတ္တိယာနှင့် သားတော်ဝိဍဍူဘတို့အား စည်းစိမ် အဆောင်အယောင်ကို ရုပ်သိမ်း၍ ကျွန်တို့အတန်းအစားတွင် ချထားလေ၏။
နှစ်ရက် သုံးရက်လွန်၍ မြတ်စွာဘုရား သိတော်မူလျှင် ကောသလမင်းကြီး၏ နန်းတော်သို့ ကြွ၍ သာကီဝင်တို့ကို အပြစ်တင်တော်မူပြီးလျှင်—
“မြတ်သောမင်းကြီး... အမိမျိုးကား ပဓာနမဟုတ်၊ အဘမျိုးသာ ပဓာနဖြစ်ကြောင်း၊ ထင်းနွေမိန်းမမှ မွေးဖွားသောသားတော်ကိုပင် မင်းအဖြစ်ကို ပေးဖူးကြောင်းကို ဟောပြောဆုံးမတော်မူ၏။ ကောသလမင်းကြီးလည်း ကျေနပ်တော်မူပြန်သဖြင့် ဝါသဘခတ္တိယာနှင့် သားတော်ဝိဍဍူဘတို့အား ပေးမြဲတိုင်း အဆောင်အယောင်ကို ပြန်၍ပေးတော်မူ၏။
ဗန္ဓုလမယားနှင့် အတိတ်မြင်
ကောသလမင်းကြီး၌ကား ဗန္ဓုလမည်သော စစ်သူကြီးသည် ရှိသတတ်။ ထိုစစ်သူကြီး၏ မယားကား မလ္လိကာမည်၏။ သားမဖွားသတတ်။ ထိုအခါ ဗန္ဓုလစစ်သူကြီးသည် မိမိမယား မလ္လိကာကို “ရှင်မ... သင်သည် မြုံ၏၊ သင့်မိဘထံ ကုသိန္နာရုံပြည်သို့ ပြန်လော့”ဟု စေလွှတ်၏။ မလ္လိကာလည်း မြတ်စွာဘုရားကို ဖူးမျှော်ပြီးမှ သွားမည်ဟု မြတ်စွာဘုရားထံ ဆည်းကပ်ရာ မြတ်စွာဘုရားက မေးတော်မူ၍ “အကျွန်ုပ်မှာ မြုံ၍ မိဘများထံသွားရမည် စေလွှတ်သည့်အတွက် ကုသိန္နာရုံပြည်သို့ သွားမည်”ဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် “မလ္လိကာ... ဤအကြောင်းကြောင့် မသွားလေနှင့်။ သွားဘို့ကိစ္စမရှိ”ဟု မိန့်တော်မူ၍ အိမ်သို့ ပြန်လေ၏။ ဗန္ဓုလစစ်သူကြီးသည် မလ္လိကာကို မြင်လျှင် အကြောင်းကို မေးမြန်းပြန်ရာ မြတ်စွာဘုရား အမိန့်တော်ရှိကြောင်းကို ပြောကြားလျှင် သားရမည့်အကြောင်းကို မြင်တော်မူ၍ မိန့်ဆိုဟန်တူသည်ဟု ဆိတ်ဆိတ်သာ နေ၏။
ချင်ခြင်းတပ်ငြား စစ်သူကြီးမယား
မကြာမီ မလ္လိကာ၌ ကိုယ်ဝန်တည်၍ လိစ္ဆဝီမင်းတို့ အဘိသိက်သွန်းရာ မင်္ဂလာရေကန်၌ ချိုးလို သောက်လိုသော ချင်ခြင်းဖြစ်သည်ဟု ဗန္ဓုလအား ပြောကြား၏။ ဗန္ဓုလလည်း “ရှင်မ ရစေမည်”ဆို၍ ဗိုလ်ပေါက်နိုင်သောလေးကိုယူကာ မလ္လိကာကို ရထား၌တင်ပြီးလျှင် ဝေသာလီပြည်သို့ သွားလေ၏။ ကောသလမင်းကြီးနှင့်၎င်း၊ ဗန္ဓုလနှင့်၎င်း ပညာသင်ဘက်ဖြစ်သော မဟာလိလိစ္ဆဝီမင်းသည် မျက်စိမမြင်သဖြင့် လိစ္ဆဝီမင်းတို့ကို ဆုံးမကာ မြို့တံခါးအနီး၌ နေ၏။ ထိုမဟာလိလိစ္ဆဝီမင်းသည် မြို့တံခါး၌ ထိခိုက်သော ရထားသံကိုကြားလျှင် “ဤရထားကား ဗန္ဓုလ၏ ရထားဖြစ်သည်၊ ယနေ့ လိစ္ဆဝီမင်းတို့ မုချ ဘေးဖြစ်လတ္တံ့”ဟု ပြောဆိုလေ၏။ မင်္ဂလာရေကန်၌ကား အစောင့်အရှောက်ကိုထား၍ အထက်၌လည်း သံကွန်ရက်ကို ကြက်၍ထား၏။ အယုတ်သဖြင့် ငှက်တို့မျှလည်း မဝင်နိုင်ကုန်။
ချင်ခြင်းဆန္ဒ ပြုလုပ်ကြ
ဗန္ဓုလသည် ရေကန်သို့ ရောက်လျှင် အစောင့်အရှောက်တို့ကို သတ်ဖြတ် ပြေးလွှားစေ၍ သံကွန်ရက်ကိုဖြတ်ကာ မလ္လိကာကို အလိုရှိတိုင်း ရေချိုးစေ သောက်စေ၍ မိမိကိုယ်တိုင်လည်း ရေချိုးပြီးလျှင် မလ္လိကာကို ရထား၌တင်ကာ ဝေသာလီပြည်မှ ထွက်၍ လာမြဲလမ်းဖြင့် ပြန်လေ၏။
လိစ္ဆဝီမင်းတို့သည် အစောင့်အရှောက်တို့ လျှောက်ထားသဖြင့် ထိုအကြောင်းကိုသိလျှင် အလွန်အမျက်ထွက်သဖြင့် ဗန္ဓုလကို ဖမ်းရန် ရထားငါးရာဖြင့် လိုက်ကုန်၏။ မဟာလိစ္ဆဝီမင်း ကြားလျှင် “မလိုက်ကြနှင့်။ ဗန္ဓုလသည် အလုံးစုံသော လိစ္ဆဝီမင်းတို့ကို သတ်လိမ့်မည်။ ရထားဘီး ပန်းတောင်းတိုင်နစ်သော နေရာကိုမြင်လျှင် ပြန်ခဲ့ကြ။ အသက်ရှင်ကြဦးမည်။ နောက် မိုးကြိုးသံကဲ့သို့ ကြားရာအရပ်မှ ပြန်ခဲ့ကြ။ အသက်ရှင်ကြဦးမည်။ ရွှေ့သို့ လိုက်လျှင် သင်တို့ ရထားဦးတို့၌ အပေါက်တို့ကို မြင်ရလိမ့်မည်။ ထိုအခါ အလုံးစုံ သေကြပြီ”ဟု ပြောဆို၍ တားမြစ်၏။ လိစ္ဆဝီမင်းတို့လည်း နားမထောင်ဘဲ လိုက်ကြကုန်၏။
စစ်သူကြီး မြှားချက် အသက်ထွက်
မလ္လိကာသည် ဗန္ဓုလအား ရထားတို့ လိုက်လာကြောင်းကို ပြောကြားလေ၏။ ဗန္ဓုလသည် “ရှင်မ... ရထားတို့မှကြည့်လျှင် တစ်စီးတည်းကဲ့သို့ မြင်ရသောအခါ ငါ့ကိုပြောပါ”ဟု မှာထား၏။ မကြာမီ ရထားတို့သည် တစ်စီးတည်းကဲ့သို့ မြင်ရ၏။ ထိုအခါ မလ္လိကာသည် ပြောကြားလေ၏။ ဗန္ဓုလသည် မလ္လိကာအား ရထားကြိုးကို အကိုင်ခိုင်းပြီးလျှင် ရထား၌ ရပ်လျက် လေးကိုတင်၏။ ရထားဘီးသည် ပန်းတောင်းတိုင်အောင် မြေသို့ဝင်၏။ လိစ္ဆဝီမင်းတို့သည် ထိုအရပ်ကို မြင်၍လည်း မပြန်ကြကုန်။ နောက် အတန်ငယ် သွားပြီးလျှင် လေးညှို့ကို ဖြန့်၏။ မိုးကြိုးသံကဲ့သို့ မြည်၏။ ထိုကြားရာအရပ်မှလည်း မပြန်ကြကုန်။ ဗန္ဓုလသည် မြှားတစ်စင်းတည်းဖြင့် ပစ်လေ၏။ မြှားသည် ရထားငါးရာလုံး ရထားဦးတို့ကို ဖောက်ကာ လိစ္ဆဝီမင်းငါးရာကိုလည်း ဖောက်၍ မြေသို့ဝင်လေ၏။
လိစ္ဆဝီငါးရာ သေဆုံးရှာ
လိစ္ဆဝီမင်းသည် မြှားမှန်သည်ကို မသိသေးဘဲ အတင်းလိုက်ကာ “ဟယ် လူပျက်... ရပ်လော့”ဟု ဆိုကုန်၏။
ထိုအခါ ဗန္ဓုလသည် ရထားကို ရပ်၍ “သင်တို့ သေကုန်ပြီ။ သူသေတို့နှင့် စစ်မဆိုးလို။ မယုံလျှင် နောက်ဆုံးလိစ္ဆဝီမင်း၏ ချပ်ဝတ်တန်ဆာကို ဖြေ၍ကြည့်ကြ။ သိလိမ့်မည်”ဟု ပြောလေ၏။ ဗန္ဓုလပြောတိုင်း ဖြေ၍ကြည့်ရာ ဖြေလျှင်ဖြေချင်း လဲ၍ သေလေ၏။ ဗန္ဓုလသည် “လိစ္ဆဝီမင်း အလုံးစုံတို့လည်း ဤလိစ္ဆဝီမင်းကဲ့သို့ပင် သေကြကုန်ပြီ။ သားမယားတို့ကို မှာထားကြလိုသေးလျှင် အမြန်ပြန်ကြကုန်၊ မှာထားပြီးမှ ချပ်ဝတ်တန်ဆာကို ချွတ်ကြကုန်”ဟု ပြောလေ၏။ လိစ္ဆဝီမင်းတို့လည်း ပြန်၍ မိမိတို့အိမ်သို့ ရောက်လျှင် သေကြကုန်၏။
စဉ်းလဲတရားမှု ဆုံးဖြတ်ပြု
ဗန္ဓုလလည်း မလ္လိကာကို အိမ်သို့ ဆောင်ယူခဲ့၏။ မလ္လိကာသည် သားနှစ်ယောက်စီ နှစ်ယောက်စီ အမွှာပူးဆယ့်ခြောက်ကြိမ် ဖွားမြင်ရာ သားပေါင်း သုံးကျိပ်နှစ်ယောက် ဖြစ်ကုန်၏။ ထိုသားတို့သည် ရဲရင့်ကုန်၏။ ခွန်အားနှင့် ပြည့်စုံကုန်၏။ အဘတ်ပညာကို တတ်မြောက်ကုန်၏။ ယောက်ျားတစ်ထောင်စီ အခြံအရံရှိကုန်၏။ ဗန္ဓုလသည် သားတို့နှင့်အတူ မင်းခစားသွားသည်ရှိသော် အခြံအရံဖြင့် မင်းရပြင်တစ်လုံး ပြည့်လေ၏။
တစ်နေ့သ၌ ဗန္ဓုလစစ်သူကြီးသည် မင်းခစားသွားရာ တရားသူကြီးတို့သည် ကောက်ကျစ်စဉ်းလဲကာ တရားစီရင်ကြသဖြင့် တရားရှုံးသောသူတို့ မြင်လျှင် တစာစာ ငိုကြွေးကုန်လျက် တရားသူကြီးတို့ ကောက်ကျစ်စဉ်းလဲသော အဖြစ်ကို လျှောက်ထားကုန်၏။ ထိုအခါ ဗန္ဓုလသည် တရားစီရင်ရာသို့သွား၍ တစ်ဖန် စစ်ဆေးပြီးလျှင် ဥစ္စာရှင်ကို ဥစ္စာရှင်ပြုကာ အမှန်အတိုင်း ဆုံးဖြတ်စီရင်၏။ ထိုအခါ လူတို့သည် အလွန်ဝမ်းမြောက်သဖြင့် တစာစာ ကောင်းချီးပေးကြကုန်၏။
ပုဏ္ဏားယုတ် ပြောပုံ မင်းကြီးယုံ
ကောသလမင်းကြီးသည် ထိုအကြောင်းကို သိလျှင် တရားသူကြီးတို့ကို ရာထူးမှ ချ၍ ဗန္ဓုလကို တရားသူကြီးအရာ၌ ထားတော်မူ၏။ ဗန္ဓုလသည် ထိုနေ့မှစ၍ ကောင်းစွာ တရားစီရင်ဆုံးဖြတ်ရ၏။
ထိုအခါ တရားသူကြီးဟောင်းတို့သည် တံစိုးလက်ဆောင် မရကြသဖြင့် “ဗန္ဓုလစစ်သူကြီးကား ထီးနန်းကို လုရန် ကြံစည်သည်”ဟု ကောသလမင်းကြီးထံ ကုန်းတိုက်ကုန်၏။ ကောသလမင်းကြီးလည်း မစုံစမ်း မဆင်ခြင်ဘဲ ယုံကြည်သဖြင့် “ဤဗန္ဓုလကို အကြောင်းမဲ့ ဤအရပ်၌ သတ်ခြင်းငှာ မသင့်။ ပစ္စန္တရစ်သို့ လွှတ်ကာ... အပြန်တွင် သားသုံးကျိပ်နှစ်ယောက်နှင့်တကွ သတ်ရလျှင် ကောင်းမည်”ဟု ကြံစည်မိလေ၏။ ထို့နောက် မင်းကြီးသည် အစွမ်းသတ္တိရှိသော သူရဲကောင်းတို့ကိုခေါ်၍ “အမောင်တို့...ပစ္စန္တရစ်သို့ သွားကာ သူခိုးဖျက်ဟန်ပြု၍ ဗန္ဓုလစစ်သူကြီးကို လွှတ်လိုက်သောအခါ အပြန်တွင် ခေါင်းကိုဖြတ်၍ သတ်ကြရမည်”ဟု တိတ်တဆိတ် မှာကြားကာ လွှတ်လိုက်၏။
မင်းအထင်မှားလတ် စစ်သူကြီးသတ်၍
မင်းစေသူခိုးတို့လည်း ပစ္စန္တရစ်သို့ သွား၍ ဖျက်ဆီးကုန်၏။ မင်းကြီးသည် ဗန္ဓုလကို ခေါ်၍ “ပစ္စန္တရစ်၌ သူခိုးတို့ ဖျက်ဆီးကြသည်၊ သင့်သားတို့နှင့်တကွ သွား၍ သူခိုးတို့ကို ဖမ်းချေ” ဟု စေလွှတ်၏။ ဗန္ဓုလလည်း သားသုံးကျိပ်နှစ်ယောက်နှင့်တကွ သူရဲကောင်းတို့ကိုခေါ်၍ သူခိုးဖမ်းရန် ပစ္စန္တရစ်သို့ သွားကုန်၏။ ဗန္ဓုလလာသည်ကြားလျှင်... မင်းစေသူခိုးတို့လည်း ပြေးကြကုန်၏။ ဗန္ဓုလလည်း ပစ္စန္တရစ်ကို အေးချမ်းအောင် ပြုပြီးလျှင် ပြန်ခဲ့၏။ မြို့နှင့်မနီးမဝေးအရပ်သို့ ရောက်လျှင် မင်းကြီးလွှတ်ထားသော သူရဲကောင်းတို့သည် ဗန္ဓုလစစ်သူကြီးနှင့် သားသုံးကျိပ်နှစ်ယောက်တို့ကို ဦးခေါင်းကိုဖြတ်၍ သတ်ကြကုန်၏။
သာဝကနှစ်ပါးပင် ဆွမ်းကျွေးစဉ်
ထိုနေ့မှာပင် မလ္လိကာလည်း အဂ္ဂသာဝကနှစ်ပါးနှင့်တကွ သံဃာငါးရာကို အိမ်သို့ပင့်ဖိတ်ကာ ဆွမ်းကျွေးလျက် ရှိ၏။ ထိုအခိုက်မှာ လင်နှင့်သားတို့ ဦးခေါင်းကိုဖြတ်၍ သတ်ကြပြီဟူသော မှာစာလည်း ရောက်၍လာ၏။ မလ္လိကာလည်း တစ်စုံတစ်ယောက်ကိုမျှ မပြောဘဲ ဆွမ်းကျွေးမြဲ ကျွေး၍သာ နေ၏။ သံဃာတော်တို့ ဆွမ်းဘုဉ်းပေးပြီးသောအခါ အလုပ်အကျွေးမတစ်ယောက်သည် ထောပတ်အိုးကို ယူ၍ လာရာ ကျကွဲလေ၏။ ရှင်သာရိပုတ္တရာသည် “ဒါယိကာမ ကွဲပြိုတတ်သောသဘောသည် ကွဲပြို၏၊ မစိုးရိမ်လင့်”ဟု မိန့်တော်မူ၏။ ထိုအခါ မလ္လိကာသည် အိတ်တွင်းမှ မှာစာကို ထုတ်ကာ “အရှင်ဘုရား... လင်နှင့်သားတို့ ဦးခေါင်းကိုဖြတ်၍ သတ်ကြပြီဆိုသော သတင်းစကားကို ကြားလျက်လည်း မစိုးရိမ်ပါ၊ ထောပတ်အိုးကွဲကာမျှဖြင့် အဘယ်ကြောင့် စိုးရိမ်မည်နည်း”ဟု လျှောက်ထား၏။ ရှင်သာရိပုတ္တရာလည်း တရားဟောပြီးလျှင် သံဃာတော်တို့နှင့်တကွ ကြွလေ၏။
လင်သားသေပြန် ရပ်ထံပြန်
ထို့နောက် မလ္လိကာလည်း ချွေးမသုံးကျိပ်နှစ်ယောက်တို့ကိုခေါ်၍ “သမီးတို့... သင်တို့သည် ရှေးကံ၏အကျိုးဆက်ကို ရကြကုန်၏။ မစိုးရိမ်ကြကုန်လင့်။ မင်းကြီးအပေါ်၌လည်း စိတ်မပြစ်မှားကြလင့်”ဟု ဆုံးမ၏။ ထိုအကြောင်းကို ကောသလမင်းကြီးသိလျှင် အလွန်ထိတ်လန့်လျက် မလ္လိကာအိမ်သို့ သွားကာ မလ္လိကာနှင့် ချွေးမတို့ကို သည်းခံစေ၍ မလ္လိကာအား ဆုကို ပေးတော်မူ၏။ မလ္လိကာလည်း ယူ၍ထား၏။ မလ္လိကာလည်း လင်နှင့်သားတို့အတွက် တစ်ပတ်ဆွမ်း လှူပြီးလျှင် မင်းကြီးထံသွား၍ “အရှင်မင်းကြီး တစ်ပါးသောဆုကို မယူလိုပါ၊ အကျွန်ုပ်နှင့်တကွ ချွေးမသုံးကျိပ်နှစ်ယောက်တို့အား မိဘတို့အိမ် ပြန်ခွင့်ပြုပါ”ဟု တောင်းပန်၏။ မင်းကြီးလည်း ခွင့်ပြုတော်မူ၏။ မလ္လိကာလည်း မင်းကြီးထံမှ ခွင့်ရလျှင် ချွေးမတို့အား မိဘများအိမ်သို့ ပို့စေပြီးလျှင် ကုသိန္နာရုံပြည်သို့ ပြန်လေ၏။
ဦးရီးသတ်မှု ရန်ငြိုးပြု
ကောသလမင်းကြီးလည်း ဗန္ဓုလစစ်သူကြီး၏ ရာထူးကို တူဖြစ်သော ဒီဃကာရာယနအား ပေးတော်မူ၏။ ထိုဒီဃကာရာယနလည်း “အပြစ်မရှိသော ငါ့ဦးရီးတော်ကို သတ်သည်”ဟု ရန်ငြိုးထားကာ ကောသလမင်းကြီးအား သတ်ခွင့်ကိုသာ ရှာ၍နေ၏။ ကောသလမင်းကြီးလည်း ဗန္ဓုလကို သတ်သောနေ့မှစ၍ စိတ်ချမ်းသာခြင်းကို မရ၊ စည်းစိမ်ကို မခံစားနိုင်။
ထိုအခါ မြတ်စွာဘုရားသည် သာကီဝင်မင်းမျိုးတို့၏ ဝေဠုမည်သော နိဂုံးကို အမှီပြု၍ နေတော်မူ၏။ ကောသလမင်းကြီးလည်း ဝေဠုနိဂုံးသို့ အခြံအရံများစွာဖြင့် သွား၍ သစ်တပ်ချကာ မြတ်စွာဘုရားကို ရှိခိုးမည်ဟု မင်းမြှောက်တန်ဆာ ငါးပါးကို ဒီဃကာရာယနစစ်သူကြီးထံ အပ်နှင်းလျက် တစ်ယောက်တည်းသာ ဂန္ဓကုဋိတိုက်သို့ ဝင်လေ၏။
ထိုအခါ ဒီဃကာရာယနစစ်သူကြီးသည် “အချက်ကောင်း ရပြီ”ဟု ကြံစည်ပြီးလျှင် မင်းမြှောက်တန်ဆာ ငါးပါးဖြင့် သားတော်ဝိဍဍူဘအား အဘိသိက်သွန်း၍ မင်းမြှောက်ပြီးလျှင် ကိုယ်လုပ်တော်တစ်ယောက်ကိုသာ ထားခဲ့၍ သာဝတ္ထိပြည်သို့ သွားလေ၏။
လမ်းခရီးအကြား နတ်ရွာလား
မင်းကြီးလည်း မြတ်စွာဘုရားကို ဖူးမြင်ပြီးလျှင် ဂန္ဓကုဋိမှ ထွက်လတ်သော် စစ်သည်ဗိုလ်ပါတို့ကို မမြင်၊ ကိုယ်လုပ်တော်တစ်ယောက်ကိုသာ မြင်သဖြင့် စုံစမ်းရာ အကြောင်းကို သိရလျှင် “ဝိဍဍူဘအား ငါ့တူတော် အဇာတသတ်မင်းကို ဖမ်းစေမည်”ဟု ရာဇဂြိုဟ်ပြည်သို့ ကိုယ်လုပ်တော်နှင့် သွားရာ ရောက်လျှင် ညအခါမဲ့ဖြစ်၍ မြို့တွင်းသို့ မဝင်နိုင်ဘဲ မြို့တံခါးအနီး စရပ်တစ်ခုတွင် ဆင်းရဲစွာ တည်းခိုရ၏။ အရွယ်ကလည်း ကြီးရင့်လျက် ခရီးကလည်း ပန်း၊ စိတ်ကလည်း မချမ်းသာသဖြင့် ညတွင်းချင်းပင် နာမကျန်းဖြစ်ကာ နတ်ရွာစံလေ၏။ ကိုယ်လုပ်တော်လည်း မိုးလင်းလတ်သော် “အရှင်မင်းကြီး... ရှေးအခါ ကောသလတိုင်းကြီးကို အစိုးရသော်လည်း ယခုအခါ ကိုးကွယ်ရာမဲ့ ဖြစ်ပြီ”ဟု ဟစ်အော်ငိုကြွေးလေ၏။ ကြားသူတို့ အဇာတသတ်မင်းကြီးကို လျှောက်ထား၍ သိလေလျှင် “ဦးရီးတော်မှာ ဖြစ်ရလေခြင်း”ဟု ရင်ထုမနာဖြစ်ကာ ကြီးစွာသော ပူဇော်သက္ကာရကို ပြု၍ အလောင်းကို သင်္ဂြိုဟ်လေ၏။
ဆွေမျိုးဖျက်ငြား ဘုရားမြစ်တား
ဝိဍဍူဘလည်း မင်းအဖြစ်ကိုရလျှင် သာကီဝင်မင်းမျိုးတို့၌ ထားအပ်သော ရန်ငြိုးကို သတိရ၍ တစ်မျိုးလုံးပြုတ်အောင် သတ်မည်ဟု များစွာသော စစ်သည်ဗိုလ်ပါအလုံးအရင်းနှင့် မြို့မှထွက်လေ၏။ မြတ်စွာဘုရားသည် မိုးသောက်ထအခါ သဗ္ဗညုတဉာဏ်ဖြင့် ကြည့်တော်မူလျှင် ဆွေတော်မျိုးတော်တို့ ပျက်စီးခြင်းကို မြင်တော်မူ၍ “ငါ သင်္ဂြိုဟ်ထောက်ပံ့မည်”ဟု ကောင်းကင်ခရီးဖြင့် ကြွ၍ ကပိလဝတ်ပြည်အနီး အရိပ်မရှိသော သစ်ပင်ကြီးအရင်းတွင် သီတင်းသုံးတော်မူနှင့်၏။ ထိုသစ်ပင်မှ မနီးမဝေးအရပ်၌ ဝိဍဍူဘ၏ နိုင်ငံအတွင်း၌ကား အရိပ်ချမ်းအေးသော ပညောင်ပင်ကြီး တစ်ပင်လည်း ရှိသတတ်။ ဝိဍဍူဘလည်း အစဉ်အတိုင်း သွားရာ မြတ်စွာဘုရားကိုမြင်လျှင် အထံတော်သို့ကပ်၍ “အရှင်ဘုရား အနီးတွင် အရိပ်နှင့်ပြည့်စုံသော ပညောင်ပင် ရှိပါလျက် အဘယ်ကြောင့် အရိပ်မရှိသော ဤသစ်ပင်ရင်း၌ သီတင်းသုံးပါသနည်း”ဟု လျှောက်၏။ “အရှင်မင်းကြီး... အရိပ်မရှိသည်ဖြစ်စေ ဆွေမျိုးတို့အရိပ်ကား အေးချမ်းလှ၏”ဟု မိန့်တော်မူလျှင် ဝိဍဍူဘသည် ဆွေမျိုးတို့ကို စောင့်ရှောက်ရန် လာတော်မူသည် ဖြစ်လိမ့်မည်ဟု ရှိခိုးပြီးလျှင် သာဝတ္ထိပြည်သို့ ပြန်လေ၏။
ဝိပါက်တံချိန်ကျ တားမြစ်မရ
ဝိဍဍူဘမင်းကြီးသည် ရှေးနည်းအတူ သာကီဝင်မင်းတို့၏ အပြစ်ကို အောက်မေ့၍ ဒုတိယအကြိမ် ထွက်ပြန်ရာ မြတ်စွာဘုရားကို မြင်ပြန်လျှင် ပြန်ခဲ့ရ၏။ တတိယအကြိမ်လည်း နည်းတူပင် ပြန်ခဲ့ရ၏။ စတုတ္ထအကြိမ်၌ကား ဝိဍဍူဘမင်းကြီး ထွက်သည်ရှိသော် မြတ်စွာဘုရားသည် ကြည့်ရှုတော်မူရာ သာကီဝင်မင်းတို့၏ မြစ်၌ ဆေးခတ်ဖူးသော အကုသိုလ်ကံကို မတားမြစ်နိုင်၊ မုချပျက်စီးရမည်ကို သိတော်မူသဖြင့် ကြွတော်မမူချေ။ ဝိဍဍူဘမင်းကြီးလည်း သာကီဝင်မင်းမျိုးတို့ကို နို့စို့သူငယ်မှစ၍ အလုံးစုံ သတ်ဖြတ်ပြီးလျှင် မိမိနေထိုင်ရာ ပျဉ်ချပ်ကို လည်ချောင်းသွေးဖြင့် ဆေးပြီးလျှင် ပြန်ခဲ့၏။
ထိုအခါ တရားသဘင်ဝယ် ရဟန်းတို့သည် “မြတ်စွာဘုရားသည် ဆွေတော်မျိုးတော်တို့ကို သေဘေးမှ လွတ်စေ၏။ အကျိုးစီးပွားကို ကျင့်တော်မူ၏”ဟု မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူလျှင် သိတော်မူ၍ “ရဟန်းတို့... ယခုအခါ၌သာ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ကျင့်တော်မူသည်မဟုတ်၊ ရှေးအခါ၌လည်း ကျင့်တော်မူဖူးပြီ”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြာသာဒ်တည်ရန် မင်းစီမံ
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းကြီးသည် တရားနှင့်အညီ မင်းပြုတော်မူ၏။ ထိုမင်းကြီးသည် တစ်နေ့သ၌ ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သောမင်းတို့သည် တိုင်များစွာရှိသော ပြာသာဒ်တို့၌ နေကြကုန်၏။ ထိုတိုင်များစွာရှိသော ပြာသာဒ်သည် အံ့ဘွယ်မရှိ။ ငါသည် တိုင်တစ်လုံးတည်းသာရှိသော ပြာသာဒ်ကို ပြု၍နေအံ့။ ထိုသို့နေသည်ရှိသော် အလုံးစုံသော မင်းတို့ထက် မြတ်သောမင်း ဖြစ်လတ္တံ့”ဟု ကြံစည်လေ၏။ ထိုနောင် မင်းကြီးသည် လက်သမားတို့ကို ခေါ်စေ၍ “အမောင်တို့... ငါ့အား တင့်တယ်သော တစ်ပင်တိုင်ပြာသာဒ်ကို ပြုကြလော့”ဟု စေခိုင်းလေ၏။
တောစိုးသစ်ပင် ရုက္ခစိုးညှဉ်းဆဲ
လက်သမားတို့သည် တစ်ပင်တိုင်ပြာသာဒ် ဆောက်လုပ်ရန် ထိုထိုဤဤ၌ သစ်ကို ရှာဖွေလတ်သော် ဖြောင့်၍ ကြီးမားသော သစ်တို့ကို တွေ့မြင်ရသော်လည်း ခရီးလမ်းမသာ၍ ဆောင်ယူခြင်းငှာ မတတ်နိုင်ကုန်။ တစ်ဖန် ဥယျာဉ်တော်၌ ရှာဖွေပြန်သော် လူအများကိုးကွယ်ရာ ဖြောင့်မတ်ကြီးမားသော မင်္ဂလာအင်ကြင်းပင်ကို မြင်လျှင် မင်းကြီးထံသွား၍ ထိုအကြောင်းကို လျှောက်ထားကုန်၏။ မင်းကြီးလည်း ခုတ်ဖြတ်ရန် ခွင့်ပြုတော်မူ၏။ လက်သမားတို့လည်း မင်္ဂလာအင်ကြင်းပင်ကြီးကို ပန်းနံ့သာဆီမီးတို့ဖြင့် ပူဇော်၍ နံ့သာလက်ငါးချောင်းရာ ပေးပြီးလျှင်—
“အို-အင်ကြင်းပင် စောင့်နတ်မင်း... ခုတ်ဖြတ်ရန် မင်းကြီး ခွင့်ပြုအပ်ပြီ။ ငါတို့၌ အပြစ်မရှိ။ ခုနစ်ရက်မြောက်နေ့၌ ခုတ်ဖြတ်မည်။ အရပ်တစ်ပါးသို့ ပြောင်းရွှေ့ပါလော့”ဟု တိုင်ကြားပြီးလျှင် ပြန်ခဲ့ကြကုန်၏။
မင်းထံဝင်ကာ ငိုကြွေးရှာ
အင်ကြင်းပင်စောင့်နတ်မင်းလည်း ထိုစကားကို ကြားလျှင် “မချွတ်လျှင် ဤသစ်ကို ခုတ်ကြတော့မည်။ ခုတ်ဖြတ်လျှင် ငါ့ဗိမာန်ပျက်မည်။ ပျက်လျှင် ငါအသက်မရှိပြီ။ ငါ့ဗိမာန်ကိုရံ၍ နေသော လူ့ အင်ကြင်းပင်ငယ်တို့လည်း ပျက်စီးကြတော့မည်။ ထိုအခါ ငါ့ဆွေမျိုးတို့လည်း ပျက်စီးကြလိမ့်မည်။ သို့အတွက် ငါသည် ဆွေမျိုးတို့အသက်ကို ကယ်တင်ကာ အကျိုးစီးပွားကို ကျင့်မည်”ဟု ကြံစည်ပြီးလျှင် တန်ဆာဆင်လျက် ညဉ့်သန်းခေါင်ယံတွင် မင်းကြီး၏ ကြက်သရေတိုက်ခန်းသို့ ဝင်၍ တစ်ပြိုင်နက် အရောင်အလင်းကို ဖြစ်စေပြီးလျှင် ဦးခေါင်းရင်းနံပါး တစ်ဖက်ကောင်းကင်၌ ရပ်လျက် ငိုကြွေး၏။
ဗိမာန်ဖျက်မှ တောင်းပန်ပြု
မင်းကြီးသည် နန်းတော်အတွင်း ကိုယ်ရောင်ကိုယ်ဝါဖြင့် ဝင်လာသောနတ်ကို မြင်လျှင် ကြောက်လန့်သည်ဖြစ်၍—
“အို-လုလင်... သင်ကား စင်ကြယ်သော အဝတ်တန်ဆာကို ဝတ်ဆင်လျက် ကောင်းကင်၌ ရပ်ဘိ၏။ အဘယ်သူနည်း။ အဘယ်ကြောင့် ငိုကြွေး၍ နေသနည်း။ သင်အား အဘယ်အရပ်မှ ဘေးဖြစ်သနည်း”။
“အရှင်မင်းကြီး၏ တိုင်းနိုင်ငံဝယ် ငါကား အင်ကြင်းပင်စောင့်နတ်မင်းဟု ထင်ရှား၏။ လူအပေါင်းတို့ ပူဇော်အပ်၏။ ငါတည်နေသည်မှာ နှစ်ပေါင်းခြောက်သောင်း ရှိပေပြီ”။
“အရှင်မင်းကြီး မြို့တို့ကို၎င်း၊ အထူးထူး အပြားပြားရှိသော ပြာသာဒ်တို့ကို၎င်း ပြုလုပ်သောမင်းတို့သည် ငါ့ကို မညှဉ်းဆဲကြကုန်။ ပူဇော်ကြကုန်၏။ ထို့အတူ သင်မင်းကြီးတို့သည်လည်း ပူဇော်ပါ”။
ကိုယ်ကျိုးအတွက် မငဲ့ကွက်
“အင်ကြင်းပင်စောင့်နတ်မင်း... သင့် အင်ကြင်းပင်နှင့်တူ၍ ကြီးမားဖြောင့်မတ်သော သစ်ပင်ကို မမြင်ပါ၊ ပေါက်ကတည်းကပင် အလုံးအရနှင့် ပြည့်စုံ၏။ တိုင်တစ်လုံးတည်းရှိ၍ မွေ့လျော်ဖွယ်သော နန်းပြာသာဒ်ကို ပြုလုပ်လိုပါ၏။ ထိုနန်းပြာသာဒ်၌ သင်နတ်မင်းကိုလည်း ပင့်ဆောင်ထားပါမည်။ သင်နတ်မင်းအား ရှည်မြင့်စွာ အသက်ရှည်ပါလိမ့်မည်”။
“အရှင်မင်းကြီး ဗိမာန်နှင့်ကင်း၍ မဖြစ်နိုင်ဟု စိတ်ရှိခဲ့အံ့၊ အများအားဖြင့် ငါ့သစ်ပင်ကို ဖြတ်သည်ရှိသော် ပိုင်း၍ ပိုင်း၍ ဖြတ်ပါ၊ အဖျားတို့ကို၎င်း၊ အလယ်သားတို့ကို၎င်း ဖြတ်ပြီးသည်ရှိသော် နောက်မှ အရင်းကိုဖြတ်ပါ၊ ဤသို့ဖြတ်ခဲ့သော် ဆင်းရဲစွာသေခြင်း မဖြစ်ရာ”။
ဆွေမျိုးပျက်မှု ကာကွယ်ပြု
“အင်ကြင်းပင်စောင့်နတ်မင်း... အသက်ရှိသောသူအား လက်-ခြေတို့ကို၎င်း၊ နားနှာခေါင်းတို့ကို၎င်း ဖြတ်ပြီးမှ ဦးခေါင်းကိုဖြတ်သည်ရှိသော် ဆင်းရဲစွာ သေရာ၏။ အဖျားမှ ပိုင်း၍ ပိုင်း၍ ဖြတ်သည်ရှိသော် ချမ်းသာစွာ သေရာသလော၊ အဘယ်ကြောင့် အဘယ်ကိုစွဲ၍ အဖျားမှ ပိုင်း၍ ပိုင်း၍ ဖြတ်စေလိုဘိသနည်း”။
“အရှင်မင်းကြီး... ငါသည် အဖျားမှ ပိုင်း၍ ပိုင်း၍ ဖြတ်စေလိုခြင်းအကြောင်းကို ပြောပြမည်။ သင်နားထောင်ပါ၊ ငါ၏ ဆွေမျိုးဉာတိတို့သည် ချမ်းသာကြီးပွားကြလျက် ငါ၏အနီးအပါး၌ နေကြကုန်၏။ ငါသည် ထိုဆွေမျိုးဉာတိတို့ကို ညှဉ်းဆဲကုန်ရာ၏။ သူတစ်ပါးတို့၏ ဆင်းရဲကို ပွားစေသည် မည်၏”။
ထိုအခါ မင်းကြီးသည် အင်ကြင်းပင်စောင့်နတ်မင်း၏ စကားကို ကြားလျှင်—
“ဤနတ်မင်းကား တရားကိုစောင့်ပေ၏။ မိမိဗိမာန်ပျက်စီးခြင်းကိုကား အလိုရှိ၏။ ဆွေမျိုးဗိမာန်ပျက်စီးခြင်းကိုကား အလိုမရှိပေ။ ဆွေမျိုးတို့အကျိုးစီးပွားကို ကျင့်ပေ၏”ဟု အလွန်နှစ်သက်ရကား—
“အင်ကြင်းပင်စောင့်နတ်မင်း... သင်နတ်မင်း ကြံစည်ခြင်းကား ဆွေမျိုးတို့အကျိုးစီးပွားကို အလိုရှိ၍ ကြံစည်ခြင်းဖြစ်၏။ အို-နတ်မင်း... ရှင်နတ်မင်းအား အကျွန်ုပ်သည် ဘေးမဲ့ပေးပါ၏”ဟု မင်္ဂလာအင်ကြင်းပင်ကြီးကို မခုတ်ဖြတ်စေဘဲ ဘေးမဲ့ပေးလေ၏။ နတ်မင်းလည်း မင်းကြီးအား တရားဟောလေ၏။ မင်းကြီးလည်း နတ်မင်း၏ အဆုံးအမဩဝါဒ၌ တည်လျက် ဒါန၊ သီလစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်အားထုတ်၍ နတ်ပြည်ကို ပြည့်စေ၏။
ဘေးရန်ကင်းပ ချမ်းသာကြ
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်—
ရဟန်းတို့...
- မင်းကြီးသည်-ယခုအခါ အာနန္ဒာ။
- အင်ကြင်းပင်စောင့်နတ်ပရိသတ်သည်-ငါဘုရား ပရိသတ်
- အင်ကြင်းပင်စောင့် နတ်မင်းသည်-ငါဘုရားဖြစ်လာပြီ-ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) ဆွေမျိုးတို့အား ချီးမြှောက်ငြား၊ မှတ်သားမင်္ဂလာ။
(၂) ဆွေမျိုးအများ၊ ကျိုးစီးပွား၊ ကြိုးစားကျင့်ကြရာ။
(၃) သုံးပါးစရိယ၊ ဉာတတ္ထ၊ ထုတ်ပြကျမ်းဂန်မှာ။
ဘဒ္ဒသာလဇာတ် ပြီး၏။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
