ဘိက္ခာပရမ္ပရဇာတ်

From Wikipedia, the free encyclopedia

ဘိက္ခာပရမ္ပရဇာတ်
Remove ads

ပကိဏ္ဏကနိပါတ် -၄၉၆-ဘိက္ခာပရမ္ပရဇာတ် မွန်မြတ်သောဘောဇဉ်ကိုမင်းကြီးအားဆက်၍ မင်းကြီးမှတစ်ဖန်ပုဏ္ဏား၊ ပုဏ္ဏားမှတစ်ဖန်ရသေ့၊ ရသေ့မှတစ်ဖန်ပစ္စေကဗုဒ္ဓါတိုင်အောင်အဆင့်ဆင့်မြတ်သူတို့အားလှူဒါန်းသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာခြင်းဖြစ်ရသော အလှူရှင်သူကြွယ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တရားလှူရေး အာနန္ဒာမေး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူစဉ် သူကြွယ်တစ်ယောက်သည်သဒ္ဓါတရားနှင့်ပြည့်စုံ၏၊ အမြဲမပြတ်ဘုရားအား၎င်း၊ သံဃာအား၎င်းပူဇော်သက္ကာရကိုပြု၏၊ ထိုသူကြွယ်သည်တစ်နေ့သ၌အကြံဖြစ်သည်မှာ “ငါကား ဘုရားရတနာနှင့်သံဃာရတနာကိုပူဇော်ရပေပြီ၊ တရားရတနာကိုလည်းပူဇော်လိုသည် အဘယ်သို့ပူဇော်ရပါအံ့နည်း” ကြံစည်ကာ မြတ်စွာဘုရားထံသွား၍ထိုအကြောင်းကိုလျှောက်ထား၏။

ထိုအခါမြတ်စွာဘုရားသည်သူကြွယ်အား “ဒါယကာ... သင်သည်အကယ်၍တရားရတနာကိုပူဇော်လိုသည်ဖြစ်အံ့၊ တရားဘဏ္ဍာစိုးဖြစ်သောရှင်အာနန္ဒာကိုပူဇော်လော့၊ ရှင်အာနန္ဒာကိုပူဇော်လျှင်တရားကိုပူဇော်သည်မည်၏”ဟုမိန့်တော်မူ၏၊ သူကြွယ်သည်မြတ်စွာဘုရားမိန့်တော်မူတိုင်းရှင်အာနန္ဒာအားပင့်၍ တရားရတနာအားရည်မှတ်ကာဆွမ်းခဲဖွယ်ဘောဇဉ်နှင့်သင်္ကန်းသုံးထည်တို့ကိုလှူဒါန်း၏။

Remove ads

ဆွမ်းနှင့်သင်္ကန်း ဆင့်ဆင့်လှူဒါန်း

ရှင်အာနန္ဒာသည် “ဤဆွမ်းခဲဖွယ်ဘောဇဉ်နှင့်သင်္ကန်းတို့ကားတရားရတနာအားသာလှူဒါန်းအပ်၏၊ ငါနှင့်မထိုက်တန်”ဟု တရားစစ်သူကြီးဖြစ်သောရှင်သာရိပုတ္တရာအားလှူဒါန်းလေ၏၊ ရှင်သာရိပုတ္တရာလည်း “ဤဆွမ်းခဲဖွယ်ဘောဇဉ်နှင့်သင်္ကန်းတို့ကားတရားရတနာအားသာလှူအပ်၏၊ ငါနှင့်မထိုက်တန်”ဟု တရား၏အရှင်ဖြစ်တော်မူသောမြတ်စွာဘုရားအားလှူဒါန်းပြန်၏၊ မြတ်စွာဘုရားလည်းကိုယ်တော်ထက်လွန်မြတ်သူကိုမမြင်သဖြင့် ဆွမ်းခဲဖွယ်ဘောဇဉ်ကိုလည်းဘုဉ်းပေးတော်မူ၏၊ သင်္ကန်းကိုလည်းသုံးဆောင်တော်မူ၏။

ရဟန်းတို့သည်တရားသဘင်ဝယ် ထိုအကြောင်းကိုစကားစပ်မိ၍ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍သိတော်မူလျှင်– “ရဟန်းတို့... ယခုအခါ၌သာဆွမ်းသည်အဆင့်ဆင့်သင့်လျော်သောအဖြစ်သို့ရောက်သည်မဟုတ်၊ ရှေးအခါ၌လည်းရောက်ခဲ့ဘူးပြီ”ဟုမိန့်တော်မူကာအောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

---

အတိတ်ဝတ္ထု

ပြည်တွင်းပြည်ပ စုံစမ်းကြ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်းသည် အဂတိလေးပါးမလိုက်စားဘဲ မင်းကျင့်တရားဆယ်ပါးနှင့်အညီမင်းပြုလေ၏၊ ဤသို့တရားနှင့်အညီမင်းပြုသော်လည်းသင့်တင့်လျောက်ပတ်ခြင်းသည်မဖြစ်၊ ဆိတ်ငြိမ်သကဲ့သို့ဖြစ်၏၊ ထိုအခါမင်းကြီးသည်မိမိအားကျေးဇူးမဲ့ကဲ့ရဲ့စကားပြောသောသူကိုစုံစမ်းရှာဖွေရာ၊ နန်းတွင်းနန်းပြင်မြို့တွင်းမြို့ပြင်တို့၌မမြင်၊ ထိုအခါဇနပုဒ်၌လှည့်လည်၍စုံစမ်းရှာဖွေမည်ဟု အမတ်ကြီးတို့အားတိုင်းပြည်ကိုအပ်နှင်းခဲ့ပြီးလျှင် ပုရောဟိတ်နှင့်တကွမထင်ရှားသောအသွင်ဖြင့်စုံစမ်းရှာဖွေသော်လည်းမမြင်သဖြင့် နိဂုံးရွာတစ်ခုသို့သွား၍ရွာတံခါးစရပ်တွင်နေ၏။

Remove ads

မင်းမှတဖုံ ဆင့်ဆင့်လှူပုံ

ထိုခဏဝယ် နိဂုံး၌ကုဋေရှစ်ဆယ်စည်းစိမ်ရှိသောသူကြွယ်သည် များစွာသောအခြံအရံဖြင့်ရေချိုးဆိပ်သို့သွားသည်ရှိသော် အဆင်းအင်္ဂါလှပ၍သိမ်မွေ့နူးညံ့သောမင်းကိုမြင်လျှင်ချစ်ခင်ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ စရပ်သို့ဝင်၍ အပြေအပြစ်လောကွတ်ပျူငှါနှုတ်ခွန်းဆက်ပြီးလျှင် “ဤစရပ်၌ခေတ္တဆိုင်းငံ့ပါဦး”ဟုတောင်းပန်ကာ အိမ်သို့ပြန်၍မွန်မြတ်သောခဲဖွယ်ဘောဇဉ်တို့ဖြင့်ပြည့်စေလျက် အခြံအရံတို့ဖြင့်မြတ်သောထမင်းကိုယူ၍လာ၏၊

ထိုအခိုက်၌ အဘိညာဉ်ငါးပါးနှင့်ပြည့်စုံသောရသေ့သည်လာလတ်၍ ထိုစရပ်၌နေ၏၊ နန္ဒမူလိုဏ်မှရှင်ပစ္စေကဗုဒ္ဓါသည်လာလတ်၍ ထိုစရပ်၌လျှင်နေ၏၊ သူကြွယ်သည်လက်ဆေးရေပေး၍ ထမင်းခွက်ကိုမင်းအားဆက်၏၊ မင်းသည်ယူ၍ပုရောဟိတ်အားပေး၏၊ ပုရောဟိတ်သည်ရသေ့အားလှူ၏၊ ရသေ့လည်းရှင်ပစ္စေကဗုဒ္ဓါအားလှူပြန်၏၊ ရှင်ပစ္စေကဗုဒ္ဓါသည်တစ်စုံတစ်ယောက်ကိုမျှမပန်ကြားမူ၍ဘုဉ်းပေးတော်မူ၏။

ထိုအခါသူကြွယ်သည် “ရှင်ပစ္စေကဗုဒ္ဓါအဆင့်ဆင့်လူပေ။ ဆွမ်းဘုဉ်းပေးပြီးလျှင်ငါသည်မင်းအားဆက်၏၊ မင်းသည်ပုရောဟိတ်အား၊ ပုရောဟိတ်သည်ရသေ့အား၊ ရသေ့သည်ရှင်ပစ္စေကဗုဒ္ဓါအား အဆင့်ဆင့်လှူဒါန်းခြင်းကားအကြောင်းအသို့ရှိသနည်း၊ ရှင်ပစ္စေကဗုဒ္ဓါမပန်ကြားဘဲဘုဉ်းပေးခြင်းကားအကြောင်းအချို့ရှိသနည်း၊ ဤလေးယောက်တို့ကိုအစဉ်အတိုင်းကပ်၍မေးမည်”ဟုကြံစည်၍ မင်းကြီးထံရှေးဦးစွာကပ်၍-

“မြတ်သောမင်းကြီး... ပစ္စန္တရစ်သို့ရောက်လာသော အရှင်မင်းကြီးအားချစ်ခင်ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ မွန်မြတ်သောခဲဖွယ်ဘောဇဉ်တို့ဖြင့်ပြည့်သောထမင်းကိုအိမ်သို့ပြန်၍ယုဆောင်ကာဆက်သပါ၏၊ သင်မင်းကြီးသည်ကိုယ်တိုင်မသုံးဆောင်ဘဲအဘယ်ကြောင့်ပုရောဟိတ်အားပေးပါသနည်း”—
ဟု မင်းကြီးအားမေးလျှောက်၏၊ မင်းကြီးသည်–

“အို-သူကြွယ်... ဤပုရောဟိတ်ကားငါ၏ဆရာတည်း၊ အမှုကြီးငယ်တို့၌ကြောင့်ကြစိုက်၏၊ အလေးပြုထိုက်သူ၊ စားလှည့်ခေါ်ထိုက်သူဖြစ်၏၊ ထို့ကြောင့်ပုရောဟိတ်အားပေးပါ၏”—
ဟု သူကြွယ်အားပြောကြား၏၊ ထို့နောက်သူကြွယ်သည်ပုရောဟိတ်ထံကပ်၍–

“အို-ပုရောဟိတ်... သင်သည်မင်းကြီးပေးသောထမင်းကိုကိုယ်တိုင်မသုံးဆောင်ဘဲ အဘယ့်ကြောင့်ရသေ့အားလှူဘိသနည်း၊ မိမိသည်အလှူ၏ကောင်းသောလယ်တာမြေမဟုတ်သည်၏အဖြစ်ကိုသိ၍ပါလား”—
ဟု ပုရောဟိတ်အားမေးမြန်းပြန်၏၊ ပုရောဟိတ်သည်–

“အို-သူကြွယ်... ငါကားသားမယားတို့ကိုမွေးမြူ၏၊ အိမ်၌တပ်မက်၏၊ ကာမဂုဏ်တို့ကိုခံစား၏၊ မင်းကြီးအားဆုံးမရ၏၊ ရသေ့မြတ်ကား-ခြိုးခြံသောအကျင့်ရှိ၏၊ ပညာဂုဏ်ကြီး၏၊ ကိုယ်အကျင့်ကိုပွားများ၏၊ တော၌နေ၏၊ ထို့ကြောင့်ရသေ့မြတ်အားလှူဒါန်းပါ၏”—
ဟု သူကြွယ်အားပြောကြား၏၊ ထို့နောက်သူကြွယ်သည်ရသေ့မြတ်ထံကပ်၍–

“ရှင်ရသေ့... အရှင်သည်ပုရောဟိတ်လှူဒါန်း‌သောဆွမ်းကိုကိုယ်တိုင်မဘုဉ်းပေးဘဲအဘယ့်ကြောင့်ရှင်ပစ္စေကဗုဒ္ဓါအားလှူဒါန်းပါသနည်း၊ ဤရှင်ပစ္စေကဗုဒ္ဓါသည်ရှင်ရသေ့ထက်အဘယ်ကျေးဇူးဖြင့်လွန်မြတ်ပါသနည်း”—
ဟု ရသေ့အားမေးလျှောက်ပြန်၏၊ ရသေ့သည်–

“အို-သူကြွယ်... ငါကား-သစ်ဥတို့ကိုတူး၍စားရ၏၊ သစ်သီးတို့ကိုဆွတ်၍စားရ၏၊ ဆန်၊ ဟင်းသီး၊ ဟင်းရွက်တို့ကိုချက်ပြုတ်၍စားရ၏၊ ခြင်္သေ့စားကြွင်းကျားစားကြွင်းအမဲတို့ကိုချက်၍စားရ၏၊ သိမ်းဆည်းရ၏၊ စွဲလမ်းရ၏၊ ကြောင့်ကြစိုက်ရ၏၊ ဤရှင်ပစ္စေကဗုဒ္ဓါကားတူးဆွချက်ပြုတ်ခြင်းမရှိ၊ သိမ်းဆည်းခြင်းမရှိ၊ ကြောင့်ကြစိုးရိမ်ခြင်းမရှိ၊ တဏှာဒိဋ္ဌိတို့ဖြင့်စွဲလမ်းခြင်းမရှိ၊ ထို့ကြောင့်ရှင်ပစ္စေကဗုဒ္ဓါအားလှူဒါန်းပါ၏”—
ဟု သူကြွယ်အားပြောကြား၏၊ ထို့နောက်သူကြွယ်သည်ရှင်ပစ္စေကဗုဒ္ဓါထံကပ်၍-

“အရှင်ဘုရား... အရှင်ဘုရားသည်... ရသေ့မြတ်လှူဒါန်းသောဆွမ်းကို အလှူခံ၍တစ်ပါးတည်းဆိတ်ဆိတ်ဘုဉ်းပေးတော်မူဘိ၏၊ အဘယ်ကြောင့်အခြားသူကိုမပေးမဖိတ်မပန်ကြားပါသနည်း”—
ဟု ရှင်ပစ္စေကဗုဒ္ဓါအားမေးလျှောက်ပြန်၏၊ ထိုအခါပစ္စေကဗုဒ္ဓါသည်–

“အို-သူကြွယ်... ဤဆွမ်းကားငါအားသာအထိုက်တန်ဆုံးဖြစ်၏၊ ငါ့ထက်ကြီးမြတ်သောသူမရှိ၊ ပေးလှူသူကိုတစ်ဖန်ပေးကမ်းဖိတ်မန်ဇောာင်းပန်ခြင်းသည်ဆန့်ကျင်ဘက်ဖြစ်၏ဟုငါအောက်မေ့၏၊ ထို့ကြောင့်မပေးကမ်းမဖိတ်မန်မပန်ကြားပါ”—
ဟု သူကြွယ်အားပြောကြားတော်မူ၏၊ ထို့နောက်သူကြွယ်သည်—

“အချင်းတို့... မင်းကြီးသည်ငါ၏အကျိုးငှါကြွလာပေစွတကား၊ အလှူ၏အကျိုးကြီးမြတ်သောအလှူခံပုဂ္ဂိုလ်တို့ကိုယခုငါသိရပေပြီ၊ ပြည့်ရှင်မင်းသည်တိုင်းပြည်၌မက်မော၏၊ ပုဏ္ဏားသည်ကိစ္စကြီးငယ်တို့၌မက်မော၏၊ ရသေ့သည်သစ်မြစ်သစ်သီးတို့၌မက်မော၏၊ ရှင်ပစ္စေကဗုဒ္ဓါသာမက်မောခြင်းမှလွတ်ကင်းတော်မူ၏”—
ဟု အလွန်နှစ်သက်အားရသည်ဖြစ်၍ ရှင်ပစ္စေကဗုဒ္ဓါအားချီးမွမ်းလေ၏။

ရှင်ပစ္စေကဗုဒ္ဓါလည်းသူကြွယ်အားတရားဟောပြီးလျှင် မိမိနေရာနန္ဒမူလိုဏ်သို့ကြွတော်မူ၏၊ ရသေ့လည်းရှင်ပစ္စေကဗုဒ္ဓါအတူသူကြွယ်အားတရားဟောပြီးလျှင်မိမိနေရာသို့ကြွလေ၏၊ မင်းကြီးနှင့်ပုရောဟိတ်တို့ကားသူကြွယ်ထံ၌နှစ်ရက်သုံးရက်နေပြီးလျှင် ဗာရာဏသီပြည်သို့သွားကြကုန်၏။

---

Remove ads

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကိုအနုသန္ဓေဆက်စပ်တော်မူလျက်—

ဇာတ်ပေါင်း

[]

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads