ယာမကာလိက
From Wikipedia, the free encyclopedia
Remove ads
ယာမကာလိကဆိုသည်မှာ အရုဏ်တက်ချိန်မှစ၍ ညဉ့်၏နောက်ဆုံးယာမ် (ပစ္ဆိမယာမ်) တိုင်အောင် ရဟန်းတော်များ သုံးဆောင်နိုင်သော အဖျော်ယမကာကို ဆိုလိုပါသည်။ ယာမ်ဟုဆိုအပ်သော ကာလပတ်လုံး ဘုဉ်းပေးသုံးဆောင်အပ်သော ဝတ္ထုဖြစ်သောကြောင့် "ယာမကာလိက" ဟုခေါ်ဆိုခြင်း ဖြစ်သည်။[၁]
ရဟန်းတော်များ သုံးဆောင်ရန်အပ်စပ်သော ယာမကာလိက ဖျော်ရည်များကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါသည်။
၁။ အဖျော် ၈ မျိုး (ကျမ်းဂန်မှ တိုက်ရိုက်ပြဆိုထားသော ဖျော်ရည်များ)
- အမ္ဗပါန = သရက်ဖျော်ရည်
- ဇမ္ဗုပါန = သပြေဖျော်ရည်
- စောစပါန = တောငှက်ပျောဖျော်ရည်
- မောစပါန = အိမ်ငှက်ပျောဖျော်ရည်
- မဓုပါန = သစ်မည်စည်ဖျော်ရည်
- မုဒ္ဒကပါန = မုဒရက် (သပြက်၊ စပျစ်) ဖျော်ရည်
- သာလူကပါန = ကြာညှောက်ဖျော်ရည်
- ဖာရုသကပါန = ဖက်သက်ဖျော်ရည်
၂။ အနုလောမအဖျော်များ (အဖျော် ၈ မျိုးနှင့် အလားတူသော ဖျော်ရည်များ)
အထက်ပါ အဖျော် ၈ မျိုးအပြင် အောက်ပါ အသီးငယ်များမှ ပြုလုပ်သော ဖျော်ရည်များကိုလည်း ယာမကာလိကအဖြစ် သုံးဆောင်နိုင်ပါသည်-
- ကြိမ်ဖျော်ရည်
- မန်ကျည်းဖျော်ရည်
- ရှောက်ဖျော်ရည်
- သီးဖျော်ရည်
- ကြို့ဖျော်ရည်
- ခံသီးစသော သေးငယ်သည့် အသီးများမှ ပြုလုပ်သော ဖျော်ရည်များ[၂]
Remove ads
၁။ မသောက်ကောင်းသော သေရည် (၅) မျိုး (ပိဋ္ဌသုရာ)
- ဆန်မှုန့်ဖြင့် လုပ်သော သေရည်
- မုန့်ဖြင့် လုပ်သော သေရည်
- ထမင်းဖြင့် လုပ်သော သေရည်
- တဆေးထည့်၍ လုပ်သော ဖျော်ရည်
- ဖန်ခါးသီး၊ မုန်ညင်းစေ့စသည် ရောစပ်ပြုလုပ်သော သေရည်
၂။ မသောက်ကောင်းသော အရက် (၅) မျိုး (အာသဝ)
- ပုပ္ဖါသဝ - ပန်းပွင့်များကို စိမ်၍ ချက်သော အရက် (ဥပမာ - ထန်းပွင့်၊ အုန်းပွင့်)
- ဖလာသဝ - အသီးများကို စိမ်၍ ချက်သော အရက်
- မဓူာသဝ - မုဒရက် (သပျက်သီး) စိမ်ရည်ကို ချက်သော အရက်
- ဂုဠာသဝ - ကြံရည်၊ ထန်းရည်တို့ကို စိမ်၍ ချက်သော အရက်
- သမ္ဘာရသံယုတ္တာသဝ - ပစ္စည်းမျိုးစုံရောစပ်၍ ချက်သော အရက်
၃။ ဖျော်ရည်မအပ်သော သစ်သီးကြီး (၉) မျိုး
ဤအသီးကြီးများသည် အာဟာရဖြစ်စေသောကြောင့် နေမွန်းလွဲအခါတွင် ဖျော်ရည်အဖြစ် မသုံးဆောင်အပ်ပါ။
- ထန်းသီး
- အုန်းသီး
- အိမ်ပိန္နဲသီး
- တောင်ပိန္နဲသီး
- ဘူးသီး
- ဖရုံသီး
- သခွား (ဆစ်သီး)
- သခွား (ပြုတ်သီး)
- သခွား (ကြောင်သီး)
Remove ads
ဖျော်ရည်ပြုလုပ်ခြင်းနှင့် ဆက်ကပ်ခြင်း
- ဖျော်ရည်ပြုလုပ်ရာတွင် မီးဖြင့်မကျိုချက်ဘဲ ရေအေး (ရေစိမ်း) ဖြင့်သာ ဖျော်ရပါမည်။ မီးဖြင့်ချက်လျှင် ယာဝကာလိက (နေ့လယ်မတိုင်မီသာ သုံးဆောင်နိုင်သော အစာ) ဖြစ်သွားပါသည်။
- ရဟန်းတော်များသည် နေမွန်းလွဲလျှင် ဖျော်ရည်လုပ်မည့်အသီး (ဥပမာ - မန်ကျည်းသီး၊ လိမ္မော်သီး) တို့ကို အကပ်မခံကောင်းပါ။
- လူ၊ သာမဏေ၊ ကပ္ပိယတို့က အသီးကိုစိမ်၍ အဖတ်အမှုန်မပါအောင် စစ်ပြီးသော ဖျော်ရည်ကိုသာ ရဟန်းတော်များ မွန်းလွဲအခါ၌ သုံးဆောင်ကောင်းသည်။
- ထိုသို့ စစ်ပြီးသော ဖျော်ရည်ကို နံနက်ပိုင်းတွင် အကပ်ခံထားပါက ထိုညဉ့် အရုဏ်မတက်မီအထိ သုံးဆောင်နိုင်ပါသည်။
သိမ်းဆည်းခြင်း
- ယာမကာလိက ဖျော်ရည်သည် တစ်ညဉ့်သာ ခံသောကြောင့် နောက်တစ်နေ့အတွက် သိုလှောင်မထားရပါ။ ထိုသို့ သိုလှောင်ထားမိလျှင် သန္နိဓိ (သိုလှောင်မှု) အာပတ်သင့်နိုင်ပါသည်။
- ထို့ကြောင့် ဖျော်ရည်ဆက်ကပ်ရာတွင် တစ်နေ့တာ သုံးဆောင်နိုင်မည့် ပမာဏကိုသာ ချင့်ချိန်၍ ကပ်သင့်သည်။ ပုလင်းလိုက်၊ ဘူးလိုက် အများအပြား မဆက်ကပ်သင့်ပါ။
သတ္တာဟကာလိက ဆေး (၅) မျိုး
ဤဆေးဝါးများကို အကပ်ခံပြီးနောက် (၇) ရက်အထိ သိမ်းဆည်းသုံးဆောင်နိုင်ပါသည်။
- သပ္ပိ - ထောပတ်
- နဝနီတံ - ဆီဦး
- တေလံ - ဆီ (နှမ်းဆီ၊ ငါးဆီ၊ သားဆီများ ပါဝင်သည်)
- မဓု - ပျားရည်
- ဖာဏိတံ - တင်လဲ (ကြံမှဖြစ်သော တင်လဲ၊ သကြား၊ ထန်းလျက်များ ပါဝင်သည်)
ဤဆေးများကို ရောဂါဝေဒနာရှိမှသာ သုံးဆောင်ကောင်းပြီး ဆာလောင်မှုပြေပျောက်ရန်သက်သက် မသုံးဆောင်အပ်ပါ။
မတူညီသော ကာလိကပစ္စည်းများ ရောနှောမိပါက အောက်ပါစည်းမျဉ်းကို သတိပြုရပါမည်။
အဓိကစည်းမျဉ်း - ရက်ရှည်ကာလိကသည် ရက်တိုကာလိက၏ သဘောသို့ အမြဲလိုက်ရသည်။
- ဥပမာ ၁: ယာဝကာလိက (ထမင်း) နှင့် ယာမကာလိက (ဖျော်ရည်) ရောလျှင် ထိုအရောသည် ယာဝကာလိက ဖြစ်သွားပြီး နေမွန်းမတည့်မီသာ သုံးဆောင်အပ်တော့သည်။
- ဥပမာ ၂: သတ္တာဟကာလိက (၇ ရက်ခံ ထောပတ်) နှင့် ယာဝဇီဝိက (တစ်သက်လုံးခံ ဆား) ရောလျှင် ထိုအရောသည် သတ္တာဟကာလိက ဖြစ်သွားပြီး ထောပတ်၏ သက်တမ်းအတိုင်း ၇ ရက်သာ အပ်တော့သည်။
- သတိပြုရန်: ရှေ့နေ့က အကပ်ခံထားသော ထောပတ်၊ ဆားတို့နှင့် ယနေ့အကပ်ခံသော ဆွမ်း၊ ဖျော်ရည်တို့ကို ရောနှော၍ မသုံးဆောင်ကောင်းပါ။ ထို့ကြောင့် ကပ္ပိယတို့သည် ကာလိကပစ္စည်းများ မရောနှောမိစေရန် အထူးဂရုပြုသင့်ပါသည်။ [၃]
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads