ဝီလီယမ် သော်မဆင် (လော့ဒ် ကယ်လဗင်)
From Wikipedia, the free encyclopedia
Remove ads
ယခုအခါ အမေရိကတိုက်နှင့် ဥရောပတိုက်အကြားရှိ ရေအောက်ကြေးနန်းဖြင့် အကြောင်းကြားဆက်သွယ်ဘူးသူတိုင်းသည် ရူပဗေဒပါရဂူကြီး လော့ကယ်လဗင် (ခရစ် ၁၈၂၄-၁၉ဝ၇)အား သတိရကျေးဇူး တင်သင့်ကြပေသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(5 May 2018) |

လော့ကယ်လဗင်ကား မီရာဂါလာဗာ နိုမီတာခေါ် မှန်တပ် လျှပ်စစ်ဓာတ်စီးကြောင်း တိုင်းကရိယာကို ထွင်ခဲ့သူ ဖြစ်သည်။ သူ၏ကရိယာသည် အလွန်သေးငယ်လှသည့် လျှပ်စစ်ဓာတ်စီး ကြောင်းကိုပင် ပြစွမ်းနိုင်ပေသည်။ ပထမဆုံးဥရောပတိုက်နှင့် အမေရိကတိုက်အကြား အတ္တလန္တိတ်သမုဒ္ဒရာရေပြင်အောက်၌ ကြေးနန်းကြိုးချ၍ ကြေးနန်းရိုက်ကြားလိုက်ရာတွင်၊ လျှပ်စစ်ဓာတ်စီးကြောင်းမှာ လွန်စွာသေးငယ်လှသဖြင့် အခြားလျှပ်စစ်ဓာတ်စီးကြောင်းတိုင်း ကရိယာတို့သည် လျှပ်စစ်စီးသည်ကို မပြနိုင်ကြပေ။ သို့ရာတွင် လော့ကယ်လဗင်၏ မီရာဂါလဗာနို မီတာဖြင့် ထိုသေးငယ်လှသည့် လျှပ်စစ်ဓာတ်စီးကြောင်းကို သိနိုင်သည့်အတွက် ကြေးနန်းစာများကို ဖတ်ရှုနိုင်ခဲ့ပေသည်။
လော့ကယ်လဗင်သည် ၁၈၂၄ ခု ဇွန်လ ၂၆ ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဝီလျံသွန်မဆင်ဖြစ်၍ ဖခင်မှာ စကော့တလန်ပြည် ဂလပ်စဂိုးတက္ကသိုလ် သင်္ချာပါမောက္ခ ဂျိမ်းသွန်မဆင်ဖြစ်သည်။ သွန်မဆင်သည် ၁၈၄၁ ခုနှစ်တွင် ကိမ်းဗရစ်တက္ကသိုလ် ပီတာဟောက်ကောလိပ်ကျောင်း၌ ဝင်ရောက်ပညာသင်ကြားခဲ့၍ ၁၈၄၅ ခုနှစ်၌ သင်္ချာပညာတွင် ပထမတန်းဂုဏ်ထူးနှင့် အောင်မြင်ဘွဲ့ရခဲ့သည်။ ထိုပြင် စမစ်ဆု ကိုလည်းရရှိခဲ့သေးသည်။ ထိုနောက်သွန်မဆင်သည် ပါရစ်မြို့သို့ သွားရောက်၍ ပြင်သစ်ရူပဗေဒ ကဝိကြီးရာညိုးထံ၌ တစ်နှစ်ကြာမျှပညာဆည်းပူးခဲ့ပြီးလျှင် ပြန်လာသောအခါ ဂလပ်စဂိုးတက္ကသိုလ်၌ သဘာဝယထာဘူတပညာ (ရူပဗေဒ) ပါမောက္ခ အဖြစ် ဆောင်ရွက်လေသည်။ ထိုအချိန်တွင် သူသည် အသက် ၂၂ နှစ်မျှသာ ရှိသေး၏။ သွန်မဆင်သည် ၁၈၅၇ ခုနှစ်၌ မီရာဂါလဗါနိုမီတာကို ထွင်သောအခါ၌ ၃၃ နှစ်မျှသာ ရှိသေးသည်။ ၁၈၆၆ ခုနှစ်တွင် ဆာဘွဲ့ရရှိ၍ ၁၈၉၂ ခုနှစ်တွင် ဗဲရွန်အဖြစ်သို့ တိုးတက်ချီးမြှင့်ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ဆာဝီလျံသွန်မဆင်အမည်မှ ပြောင်းလဲကာ လော့ကယ်လဗင် ဟူ၍ ခေါ်တွင်ခဲ့လေသည်။
လော့ကယ်လဗင်သည် ၅၃ နှစ်တိုင်တိုင် ဂလပ်စဂိုး တက္ကသိုလ်တွင် ပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့၍ ၁၈၉၉ ခုနှစ် တွင် အငြိမ်းစားလေသည်။ ထိုနောက်တွင် အနိစ္စရောက်သည့် တိုင်အောင် သိပ္ပံပညာနှင့်ဆိုင်သောပညာရပ်များကို လေ့လာခဲ့ သည်။ သူသည် များပြားလှစွာသော တွေ့ရှိမှုများ၊ တီထွင်မှုများကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့လေသည်။ သိပ္ပံပညာ စာအုပ်စာတမ်းမြောက်မြားစွာကိုလည်း ရေးသားခဲ့သည်။ ထိုစာအုပ်စာတမ်းများမှာ သူ၏ကြံဆချက်များ၊ ဆန်းသစ်သည့် တွေ့ရှိမှုများ အကြောင်းနှင့် စပ်လျဉ်းသော စာအုပ်စာတမ်းများ ဖြစ်သည်။ သူ၏တီထွင်မှုအချို့မှာ သံလိုက်ဓာတ် အနှောင့်အယှက်ကို ကောင်းစွာခံနိုင်ရည်ရှိသည့် သင်္ဘောအိမ်မြှောင်သစ်၊ လျှပ်စစ်အားတိုင်းကရိယာ အသစ်အဆန်းအမျိုးမျိုး စသည်တို့ဖြစ်သည်။ သူထွင်ခဲ့သည့်ပစ္စည်းများသည် များပြားလွန်းသဖြင့် ရေးသားဖော်ပြ၍ ဆုံးနိုင်မည်မဟုတ်ချေ။
လော့ကယ်လဗင်သည် အပူမှ ပါဝါအဖြစ်၎င်း၊ ပါဝါမှ အပူအဖြစ်သို့၎င်း၊ ပြောင်းလဲပေးခြင်းနှင့် ဆိုင်သည့်အချက်များကို မြောက်မြားစွာ တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိမှုများကို စုပေါင်းလိုက် သောအခါ၊ သာမိုဒိုင်းနမစ်ခေါ် သိပ္ပံပညာရပ်ခွဲတစ်ခု ပေါက်ဖွားလာလေသည်။
ကယ်လဗင်သည် သူ၏သိပ္ပံပညာနှင့်ဆိုင်သော စွမ်းဆောင်မှုများအတွက် လူအများ၏ချီးမွမ်းထောမနာပြုခြင်းကို ခံခဲ့ရသည်။ ၁၈၇၁ ခုနှစ်တွင် ဗြိတိသျှအစည်းအရုံး၏ ဥက္ကဋ္ဌအဖြစ်ဖြင့်၎င်း၊ ၁၈၉ဝ ပြည့်နှစ်မှ ၁၈၉၅ ခုနှစ်အထိ တော်ဝင်အသင်း၏ဥက္ကဋ္ဌ အဖြစ်ဖြင့်၎င်း၊ ၁၉ဝ၄ ခုနှစ်၌ ဂလပ်စဂိုးတက္ကသိုလ်၏အဓိပတိ အဖြစ်ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။ ၁၉ဝ၂ ခုနှစ်တွင် အော်ဒါအော့မဲရစ် (အို၊အမ်)ဘွဲ့ထူးကို ရခဲ့၏။ သူသည် အမျိုးမျိုးသော ချီးကျူးထောမနာ ပြုမှုတို့ကို ခံယူခဲ့ရသော် လည်း ရိုးသားစွာပင် နေထိုင်ခဲ့၍ အသက် ၈၃ ခုနှစ်အရွယ် ၁၉ဝ၇ ခု ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကွယ်လွန်လေသည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
