သုရုစိဇာတ်

From Wikipedia, the free encyclopedia

သုရုစိဇာတ်
Remove ads

ပကိဏ္ဏကနိပါတ် -၄၈၉။ သုရုစိဇာတ် သားဆုကိုတောင်းသော သုရုစိမင်း၏ မိဖုရားများစွာတွင် သီလရှိသော သုမေဓာမိဖုရားတစ်ဦးသာ သိကြားမင်းပေးသောသားကိုရ၍ မရယ်မပြုံးနေရာ နတ်ကချေသည်ဖြင့် ရယ်ပြုံးစေမှ ရယ်ပြုံးလာသော သုရုစိမင်း၏သား မဟာပနာဒမင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဝိသာခါလှူဒါန်း ဆုတောင်းခန်း

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဝိသာခါ ဒါယိကာမကြီး၏ ပြာသာဒ်၌ သီတင်းသုံးတော်မူစဉ် ဝိသာခါဒါယိကာမကြီးသည် ဘုရားအမှူးရှိသော သံဃာကို အိမ်သို့ပင့်ဖိတ်၍ ဆွမ်းကပ်လှူပြီးလျှင် မြတ်စွာဘုရားထံ အောက်ပါဆုရှစ်ပါးတို့ကိုတောင်းလေ၏။

ဆုရှစ်ပါး

(၁) အသက်ထက်ဆုံး ရဟန်းတို့အား မိုးရေခံသင်္ကန်းလှူခြင်း။
(၂) အသက်ထက်ဆုံး အာဂန္တုကဘတ်ကိုလှူခြင်း။
(၃) အသက်ထက်ဆုံး ဂမိကဘတ်ကိုလှူခြင်း။
(၄) အသက်ထက်ဆုံး ဂိလာနဘတ်ကိုလှူခြင်း။
(၅) အသက်ထက်ဆုံး ဂိလာနုပဋ္ဌကဘတ်ကိုလှူခြင်း။
(၆) အသက်ထက်ဆုံး သူနာတို့အား ဆေးလှူခြင်း။
(၇) အသက်ထက်ဆုံး ယာဂုကိုလှူခြင်း။
(၈) အသက်ထက်ဆုံး ရဟန်းမိန်းမတို့အား မိုးရေခံသင်္ကန်းလှူခြင်း။

ဤရှစ်ပါးသောဆုတို့ကို မြတ်စွာဘုရားသည်ပေးတော်မူ၏။ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် ဝိသာခါ ဒါယိကာမကြီးအား ပေးတော်မူသော ဆုရှစ်ပါးကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ ထိုအကြောင်းကိုသိတော်မူလျှင်– “ရဟန်းတို့... ဝိသာခါသည် ယခုအခါ၌သာ ငါဘုရားထံမှ ဆုကိုရသည်မဟုတ်၊ ရှေးအခါ၌လည်း ရဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

---

အတိတ်ဝတ္ထု

တက္ကသိုလ်ပြည့်သွား မင်းသားနှစ်ပါး

လွန်လေပြီးသောအခါ မိမိလာပြည်ဝယ် သုရုစိမင်း မင်းပြုသည်ရှိသော် ထိုမင်း၏သားလည်း သုရုစိအမည်ရှိ၏။ ထိုသုရုစိမင်းသားသည် အရွယ်သို့ရောက်လတ်သော် အတတ်ပညာသင်ကြားရန် တက္ကသိုလ်ပြည်သို့သွားလေ၏။ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသားလည်း အတတ်ပညာသင်ကြားရန်တက္ကသိုလ်ပြည်သို့သွား၏။ တက္ကသိုလ်ပြည်သို့ရောက်လျှင် သုရုစိမင်းသားနှင့်တွေ့၍ အချင်းချင်းအဆွေခင်ပွန်းဖွဲ့ကာ ဆရာကြီးထံအတူသွား၍ ဆရာစားကိုပေးပြီးလျှင် အတတ်ပညာသင်ကြားကုန်၏။ မကြာမြင့်မီပင် တတ်မြောက်ကြ၍ ဆရာကိုပန်ကြားပြီးလျှင် အတူတကွတိုင်းပြည်သို့ပြန်ကုန်၏။

Remove ads

ချင်းချင်းတိုင်ပင်မှု ကတိဝတ်ပြု

ထိုမင်းသားနှစ်ယောက်တို့သည် အတန်ငယ်သွားကြ၍ လမ်းခွဲခရီးဆုံသို့ရောက်လျှင် “ငါတို့နှစ်ယောက်တွင် နောက်အခါ တစ်ဦးဦးကသားမွေး၍ တစ်ဦးဦးကသမီးမွေးလျှင် လက်ထပ်ထိမ်းမြားကြစတမ်း”ဟု ကတိကဝတ်ပြုကာ ခွဲခဲ့ကြကုန်၏။ မိမိတို့တိုင်းပြည်သို့ရောက်၍ အသီးသီးမင်းအဖြစ်သို့ရောက်ကြလျှင် သုရုစိမင်းကြီးမှာ သားတော်ဖွားမြင်၍ သုရုစိသတို့သားဟုအမည်မှည့်၏။ ဗြဟ္မဒတ်မင်းကြီးမှာကား သမီးတော်ဖွားမြင်၍ သုမေဓာသတို့သမီးဟုအမည်မှည့်၏။

သုရုစိမင်းကြီးသည် သားတော်သုရုစိမင်းသားအား အရွယ်သို့ရောက်၍ အတတ်ပညာသင်ကြားပြီးသောအခါ အဘိသိက်သွင်းကာ မင်းမြှောက်လို၍ “ငါ့အဆွေတော် ဗြဟ္မဒတ်မင်းအား သမီးတော်ရှိသတတ်၊ ငါတို့တစ်ဦးနှင့်တစ်ဦး ကတိကဝတ်ရှိခဲ့သည်၊ ထိုမင်း၏သမီးတော်ကိုပင် လက်ထပ်၍ မိဖုရားကြီးပြုမည်”ဟု အမတ်တို့ကို များစွာသောလက်ဆောင်ပဏ္ဏာတို့နှင့် သမီးတော်ကိုတောင်းရန် ဗြဟ္မဒတ်မင်းထံစေလွှတ်လေ၏။

Remove ads

သမီးထိမ်းမြားမှု တိုင်ပင်ပြု

အမတ်တို့မရောက်မီလျှင် ဗာရာဏသီမင်းလည်း မိဖုရားကြီးကိုခေါ်၍ “ရှင်မိဖုရား... မိန်းမတို့အား ဘယ်အရာသည် အလွန်ဆင်းရဲသနည်း”ဟု မေး၏။ မိဖုရားကြီးသည် “အရှင်မင်းကြီး... လင်တစ်ယောက်တည်း၌ မယားအများရှိခြင်းသည် အလွန်ဆင်းရဲပါ၏”ဟု ဖြေကြား၏။ “ကောင်းပြီ-ငါ့သမီးတော်ကို ဤဆင်းရဲမျိုးမတွေ့စေရ၊ မယားတစ်ယောက်တည်းယူမည့်မင်းကိုသာ ပေးစားမည်”ဟုတိုင်ပင်လေ၏။

သုရုစိမင်းကြီး၏ အမတ်တို့လည်း ဗာရာဏသီမင်းကြီးထံရောက်လျှင် သုမေဓာမင်းသမီးကိုယူရန်လာခဲ့ကြကြောင်းကို လျှောက်ထားကုန်၏။ ထိုအခါ ဗြဟ္မဒတ်မင်းကြီးသည် “အမတ်တို့... အဆွေတော်သုရုစိမင်းကြီးနှင့် တစ်ဦးနှင့်တစ်ဦးဝန်ခံကတိရှိခဲ့သည်ကား မှန်၏၊ သို့သော်လည်း ငါတို့သမီးတော်ကို မယားများအလယ်၌ မချလိုပါ၊ မယားတစ်ယောက်တည်းယူသောမင်းကိုသာပေးမည်”စီမံထားကြောင်း ပြောလေ၏။ ထိုအခါ အမတ်တို့သည် ထိုအကြောင်းကို သုရုစိမင်းကြီးထံ စေလိုက်ကုန်၏။

Remove ads

ထီးနန်းရိပ်မှာ ပျော်ရွှင်စွာ

သုရုစိမင်းကြီးသည် ထိုအကြောင်းကိုကြားလျှင် နှစ်သက်တော်မမူ။ သားတော်သုရုစိမင်းသားကား “ငါ့အား မယားအများဖြင့် အလိုမရှိ၊ သုမေဓာမင်းသမီးတစ်ဦးတည်းသာ ယူမည်”ဟု ခမည်းတော်ထံလျှောက်ထား၏။ ခမည်းတော်လည်း သားတော်အလိုဆန္ဒအတိုင်း အမတ်တို့ထံအကြောင်းပြန်၏။ အမတ်တို့လည်း သုမေဓာမင်းသမီးကိုဆောင်ယူခဲ့ကုန်၏။ ခမည်းတော်မင်းကြီးလည်း မိဖုရားကြီးပြုကာ သားတော်နှင့်အတူ ဘိသိက်သွန်းတော်မူ၏။ သုရုစိမင်းသားသည် မင်းအဖြစ်သို့ရောက်လျှင် တရားနှင့်အညီမင်းပြုလေ၏၊ အနှစ်တစ်သောင်းကြာသော်လည်း သားသမီးတို့ကိုမရလေ။

Remove ads

ပြည်သူများလိုလျက် နန်းမွေဆက်

ထိုအခါ ပြည်သူတို့သည် စည်းဝေးကုန်လျက် နန်းရင်ပြင်၌ ကြွေးကြော်ကုန်၏။ ကြွေးကြော်သံကိုကြားလျှင် မင်းကြီးလည်း “အမောင်တို့... အကြောင်းအသို့နည်း”ဟုမေး၏။ “အရှင်မင်းကြီး... အရှင်မင်းကြီးတို့၌ အပြစ်မရှိပါ၊ စင်စစ်သော်ကား အမျိုးအနွယ်ကိုစောင့်ရှောက်မည့်သားသမီးမရှိ၊ မင်းကြီးအား မိဖုရားတစ်ယောက်တည်းသာဖြစ်၏၊ အယုတ်အားဖြင့် တစ်သောင်းခြောက်ထောင်မျှ ဖြစ်ကုန်ရာ၏၊ ထိုမိန်းမတို့တွင် ဘုန်းရှိသောမိန်းမသည် သားကောင်းရတနာကိုရပေလတံ့”၊ “အမောင်တို့... အဘယ်သို့ဆိုကုန်သနည်း၊ ငါ့မှာ သုမေဓာတစ်ယောက်သာယူမည်ဟု ဝန်ခံထားသည်၊ မိန်းမအများဖြင့်အလိုမရှိ၊ ဝန်ခံကတိကိုမဖျက်လို၊ သွားကြကုန်”ဟုလွှတ်လိုက်၏။

မိဖုရားများလည်း အချည်းနှီး

သုမေဓာမိဖုရားကြီးသည် ထိုစကားကိုကြားလျှင် “မင်းကြီးကား သစ္စာရှိပေ၏၊ သို့အတွက် အခြားမိန်းမကိုမဆောင်ယူပေ၊ ငါသည်ပင် မင်းကြီးအား ဆောင်ယူပေးမည်”ဟုကြံစည်ပြီးလျှင် မင်းကြီး၏အမိနှင့်တူသော မယားအရာ၌တည်၍ မိမိအလိုအားဖြင့်သာ မင်းသမီးတစ်ထောင်၊ အမတ်သမီးတစ်ထောင်၊ သူဌေးသမီးတစ်ထောင်၊ ကချေသည်မတစ်ထောင် ဤလေးထောင်တို့ကိုဆောင်ယူစေ၏။ အနှစ်တစ်သောင်းကြာသော်လည်း သားသမီးတို့ကိုမရကုန်။ နောက်သုံးကြိမ်တိုင်အောင်လေးထောင်လေးထောင်ယူစေပြန်၏။ ဤနည်းဖြင့် တစ်သောင်းခြောက်ထောင်ဖြစ်ကုန်၏။

Remove ads

သုရုစိမင်း၏ မိဖုရားငယ်များ သိကြားမင်းရသေ့ထံ သားဆုပန်ဆင်နေကြပုံ

နောက် အနှစ်လေးသောင်းကြာပြန်သော်လည်း သားသမီးတို့ကိုမရကုန်၊ ဤသို့လျှင် အနှစ်ငါးသောင်းရှိကုန်၏။

သုမေဓာသီလ မွန်မြတ်လှ

တစ်ဖန် ပြည်သူတို့သည် နန်းရင်ပြင်သို့လာ၍ ကြွေးကြော်ကြံပြန်၏။ မင်းကြီးသည် မိဖုရားတို့ကို သားဆုကိုတောင်းစေ၏။ မိဖုရားတို့လည်း အထူးထူးသောနတ်တို့ကိုရှိခိုးကာ သားဆုကိုတောင်းကြကုန်၏၊ တစ်စုံတစ်ယောက်မျှ သားသမီးတို့ကိုမရလေ။ မိဖုရားကြီးကိုလည်း သားဆုကိုတောင်းစေ၏။ မိဖုရားကြီးသည် ပန္နရသီနေ့၌ အင်္ဂါရှစ်ပါးရှိသောဥပုသ်ကိုဆောက်တည်လျက် သီလကိုဆင်ခြင်ကာ ညောင်စောင်းငယ်၌နေ၏။ ကြွင်းသောမိဖုရားတို့ကား ဆိတ်အကျင့်နွားအကျင့်ကို ကျင့်ကုန်သော်လည်း သားသမီးမရကြသဖြင့် ဥယျာဉ်တော်သို့သွားကုန်၏။

သိကြားစဉ်းစား သန္ဓေသား

ထိုအခါ သုမေဓာမိဖုရားကြီး၏သီလတန်ခိုးကြောင့်သိကြားမင်း၏နေရာသည် တုန်လှုပ်၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ သုမေဓာမိဖုရားကြီးအား ဟူးဟူးငြားငြားသောသားကိုပေးခြင်းငှါ မသင့်ဟုကြံစည်လျက် ကျူထရံသည် နတ်သားထံသွား၍ လူ့ပြည်၌ဖြစ်ရန်ဝန်ခံစေပြီးလျှင် ရသေ့အသွင်ဖြင့် မင်းဥယျာဉ်သို့သွား၍ မိဖုရားတို့အထက်ကောင်းကင်၌ စင်္ကြံသွားကာ ကိုယ်ကိုထင်ရှားပြလျက် “ဘယ်မိန်းမအား... သားဆုကိုပေးရအံ့နည်း၊ ဘယ်မိန်းမသည် သားဆုကိုယူလိုသနည်း”ဟုမေး၏။

သုမေဓာထံမှောက် သိကြားရောက်

ထိုအခါ တစ်သောင်းခြောက်ထောင်သောမိန်းမတို့သည် “အကျွန်ုပ်အားပေးတော်မူပါ၊ အကျွန်ုပ်အားပေးတော်မူပါ”ဟု လက်အုပ်ချီကာ သူ့ထက်ငါတောင်းကြကုန်၏။ သိကြားမင်းသည် သီလရှိသူအားပေးမည်ဟုပြောပြန်ရာ သီလမရှိကြသောကြောင့် ချီမြှောက်သောလက်တို့ကိုခွေကာ “အရှင်ဘုရား... သီလရှိသူအား အကယ်၍ပေးလိုပါမူ သုမေဓာမိဖုရားကြီးထံကြွပါ”ဟု လျှောက်ထားကုန်၏။

ထို့နောက် သိကြားမင်းသည် ကောင်းကင်ဖြင့်သွား၍ သုမေဓာမိဖုရားကြီးနေသော လေသွန်နန်းတံခါး၌ ရပ်တည်လေ၏။ မိဖုရားတို့လည်း “အရှင်မိဖုရားကြီး... လာတော်မူပါ နတ်သားတစ်ယောက်သည် သားဆုပေးရန်လာသည်”ဟု လျှေက်ထားကုန်၏။

သီလစစ်ဆေး သိကြားမေး

ထိုအခါ သုမေဓာမိဖုရားကြီးသည် လေသွန်နန်းတံခါးကိုဖွင့်ကာ ရိုသေလေးမြတ်စွာရှိခိုးလျက် “အရှင်ဘုရား... အရှင်ဘုရားတို့သည် သီလရှိသူအား သားဆုကိုပေးမည်ဟူသည် မှန်ပါသလော”ဟုမေး၏။ “အရှင်မိဖုရား... မှန်ပါ၏”ဟု ပြော၏။ “ထိုသို့ဖြစ်လျှင် အကျွန်ုပ်အား ပေးတော်မူပါ”ဟု တောင်းပန်၏။ “သင့်သီလကား အဘယ်နည်း ပြောဆိုပါ၊ ငါနှစ်သက်လျှင် ပေးမည်”ဟုပြောလေ၏။ ထိုအခါ သုမေဓာမိဖုရားကြီးသည် နားထောင်တော်မူလော့ဟု လျှောက်ထားကာ—

“အို-ရှင်ရသေ့... အကျွန်ုပ်သည် သုရုစိမင်းကြီး၏ မိဖုရားကြီးဖြစ်ပါ၏၊ အကျွန်ုပ်ကိုဆောင်ယူခဲ့သောအခါမှစ၍ ရှေးဦးစွာ နန်းတော်မှာ အနှစ်တစ်သောင်းနေခဲ့ပါပြီ၊ သုရုစိမင်းကြီးကို ကိုယ်နှုတ်တို့ဖြင့် မျက်ကွယ်မျက်မှောက် မထေမဲ့မြင်မပြုခဲ့ဘူးပါ၊ ဤသို့မှန်သောစကားကိုဆိုရခြင်းကြောင့် သားရပါစေ၊ မမှန်သောစကားကိုဆိုချေသော် ဦးခေါင်းခုနစ်စိတ်ကွဲပါစေ”

“အို-ရှင်ရသေ့... သုရုစိမင်းကြီးအဘယောက္ခမယောက်ျားသူ အမိယောက္ခမမိန်းမသူတို့သည် အသက်ထက်ဆုံး အကျွန်ုပ်ကိုဆုံးမပါကုန်၏၊ အကျွန်ုပ်သည် သူတစ်ပါးတို့ကိုညှဉ်းဆဲလေ့မရှိ၊ ကုသိုလ်ကမ္မပထတရားဆယ်ပါးကို အားထုတ်လျက် နေ့ညပတ်လုံး မပျင်းမရိရိုသေစွာလုပ်ကျွေးပါ၏၊ ဤသို့မှန်သောစကားကိုဆိုရခြင်းကြောင့် သားရပါစေ၊ မမှန်သောစကားကိုဆိုချေသော် ဦးခေါင်းခုနစ်စိတ်ကွဲပါစေ”

“အို-ရှင်ရသေ့... အကျွန်ုပ်သည် လင်တူမယားဖြစ်ကြသော တစ်သောင်းခြောက်ထောင်သောမိန်းမတို့၌ ငြူစူစောင်းမြောင်းခြင်း အမျက်ထွက်ခြင်းသည် တစ်ရံတစ်ဆစ်မျှမဖြစ်ခဲ့ဘူးပါ၊ အကျိုးစီးပွားဖြင့်သာ နှစ်သက်ပါ၏၊ မုန်းတီးသောမိန်းမတစ်ယောက်မျှမရှိ၊ ကိုယ်နှင့်အတူချစ်ခင်ပါ၏၊ ဤသို့မှန်သောစကားကိုဆိုရခြင်းကြောင့် သားရပါစေ၊ မမှန်သောစကားကိုဆိုချေသော် ဦးခေါင်းခုနစ်စိတ်ကွဲပါစေ”—

“အို-ရှင်ရသေ့... ကျွန်အမှုလုပ်တို့ကို၎င်း၊ အခြားအကျွန်ုပ်ကိုမှီ၍ အသက်မွေးသောသူတို့ကို၎င်း ကျင့်ဝတ်သဘောဖြင့် အခါခပ်သိမ်း ဝမ်းမြောက်သောဣန္ဒြေရှိသည်ဖြစ်၍ စေခိုင်းပါ၏၊ ဤသို့မှန်သောစကားကိုဆိုရခြင်းကြောင့် သားရပါစေ၊ မမှန်သောစကားကိုဆိုချေသော် ဦးခေါင်းခုနစ်စိတ်ကွဲပါစေ”—

“အို-ရှင်ရသေ့ရဟန်းပုဏ္ဏားတို့ကို၎င်း၊ ခရီးသွားဧည့်သည်အထီးကျန်သောသူတို့ကို၎င်း အခါခပ်သိမ်း ဖြန့်အပ်သောလက်ရှိသည်ဖြစ်၍ ထမင်းအဖျော်တို့ဖြင့် ရောင့်ရဲစေပါ၏၊ ဤသို့မှန်သောစကားကိုဆိုရခြင်းကြောင့် သားရပါစေ၊ မမှန်သောစကားကိုဆိုချေသော် ဦးခေါင်းခုနစ်စိတ်ကွဲပါစေ”

“အို-ရှင်ရသေ့ဆယ့်လေးရက်မြောက်နေ့၊ ဆယ့်ငါးရက်မြောက်နေ့၊ လဆန်းလဆုတ်နှစ်ရက်မြောက်နေ့၊ အပို၊ အကြိုနေ့တို့၌ အင်္ဂါရှစ်ပါးရှိသောဥပုသ်ကိုကောင်းစွာစောင့်သုံးပါ၏၊ အခါခပ်သိမ်း ငါးပါးသီလကိုစောင့်သုံးပါ၏၊ ဤသို့မှန်သောစကားကိုဆိုရခြင်းကြောင့် သားရပါစေ၊ မမှန်သောစကားကိုဆိုချေသော် ဦးခေါင်းခုနစ်စိတ်ကွဲပါစေ”—
ဟု မိမိဂုဏ်ကျေးဇူးကိုပြောဆိုကာ သစ္စာပြုလေ၏။

မိဖုရားကျင့်မြတ် သားကောင်းအပ်

ထိုအခါ သိကြားမင်းသည် သုမေဓာမိဖုရားကြီးအား–

“အို-အရှင်မိဖုရား... သင်သည်မိမိ၌ရှိသောဂုဏ်ကျေးဇူးတို့ကို ပြောကြားပေ၏၊ ပြောကြားသမျှအလုံးစုံလည်း သင်၌ရှိပါပေ၏၊ ရေမြေကိုအုပ်စိုး၍ အမျိုးဇာတ်နှင့်ပြည့်စုံလျက် အခြံအရံရှိသောဝေဒေဟတိုင်းကြီးကို တရားသဖြင့်မင်းပြုမည့်သားကောင်းရတနာသည်သင့်အား မွေးဖွားလိမ့်မည်”—
ဟု ပြောကြားကာ သားဆုကိုပေးလေ၏။ မိဖုရားကြီးလည်း ထိုစကားကိုကြားလျှင် အလွန်နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍–

“အို-ရှင်ရသေ့ မျက်ရေမကွက် ခြုံအလိမ်းလိမ်းကပ်သော သစ်ခေါက်ဆိုးကိုဝတ်ဆင်၍ ကောင်းကင်၌တည်သော သင်ကား အလွန်နှစ်သက်ဖွယ်သောစကားကိုဆိုဘိ၏၊ သင်သည် နတ်ပြည်မှနတ်သားဖြစ်သလော၊ သို့မဟုတ် တန်ခိုးကြီးသောရသေ့ဖြစ်သလော၊ ဤအရပ်သို့ရောက်လာသောသင်သည် အဘယ်သူနည်း၊ အကျွန်ုပ်အားပြောကြားပါ”—
ဟုသိကြားမင်းအားတောင်းပန်မေးမြန်းပြန်၏။

သုမေဓာသီလစွမ်း သိကြားချီးမွမ်း

ထိုအခါ သိကြားမင်းသည် သုမေဓာမိဖုရားအား ကိုယ်ထင်ပြ၍–

“အို-သုမေဓာမိဖုရား... သုဓမ္မာနတ်သဘင်သို့ အညီအညွတ်လာကုန်သောနတ်တို့သည်ငါ့ကိုရှိခိုးကုန်၏၊ ငါကား မျက်စိအမြင်တစ်ထောင်ကိုဆောင်သောသိကြားမင်းဖြစ်၏၊ သင့်ထံသို့လာခဲ့ရ၏။

လောက၌ ဒွါရသုံးပါး၌ညီမျှသောအကျင့်ရှိ၍ ပညာရှိလျက် သီလရှိသောမိန်းမ၊ ယောက္ခမတို့ကိုနတ်ကဲ့သို့ရိုသေသောမိန်းမ၊ လင့်ဝတ်နှင့်ပြည့်စုံသောမိန်းမ၊ စင်ကြယ်သောအမှုရှိသောမိန်းမတို့ကို ရှုမြင်ကြရန် လူ့ပြည်သို့နတ်တို့သည်လာကြရကုန်၏”။

“အရှင်မိဖုရား... သင်သည် ရှေးအခါကောင်းသောအလေ့အကျင့်ရှိသောကြောင့် အလုံးစုံအလိုဆန္ဒနှင့်ပြည့်စုံသောမင်းမျိုး၌ဖြစ်ရ၏၊ သင်၏ဤကောင်းသောအလေ့အကျင့်သည် ဤဘဝ နောင်ဘဝတို့၌အောင်မြင်ရ၏၊ နတ်ပြည်သို့ရောက်ရ၏၊ ထင်ပေါ်ကျော်စောရ၏။ “အရှင်မိဖုရား... ရှည်မြင့်စွာကိုယ်၌ကုသိုလ်တရားကိုစောင့်ပါလော့၊ ငါသည်တာဝတိံသာနတ်ပြည်သို့သွားပါအံ့၊ ငါသည်သင့်အား ရှုမြင်ရခြင်းကိုချစ်မြတ်နိုးပါ၏”—
ဟု ပြောဆိုချီးကျူးကာ နတ်ပြည်သို့သွားလေ၏၊ ကျူထရံသည်နတ်သားလည်း မိုးသောက်သောအခါ စုတေ၍ သုမေဓာမိဖုရားကြီးဝမ်း၌ ပဋိသန္ဓေနေလေ၏။

သားတော်ဘွားလေ လာဘ်မိုးစွေ

ထိုအခါမိဖုရားကြီးသည် ကိုယ်ဝန်တည်သောအဖြစ်ကိုသိ၍ မင်းကြီးအားလျှောက်ထား၏။ မင်းကြီးလည်း အစောင့်အရှောက်ကိုပေး၏၊ ဆယ်လလွန်သဖြင့် သားယောက်ျားကိုမွေးဖွားလေ၏။ သတို့သားအား မဟာပနာဒသတို့သားဟူသောအမည်ကိုမှည့်ကြကုန်၏။ ဗာရာဏသီ၊ မိမိလာ နှစ်ပြည်ထောင်၌နေကုန်သောသူတို့သည် မင်းသားဘိုးဟုပြောဆိုကာ အသပြာတစ်သပြာစီ မင်းရင်ပြင်၌ ပစ်ကြဲကုန်၏၊ များစွာသောအသပြာစုံသည်ဖြစ်၏။ မင်းကြီးသည် တားမြစ်သော်လည်း ယူ၍မသွားကြကုန်၊ မင်းသားသည် အရွယ်သို့ရောက်သောအခါ အလုံးစုံသောအတတ်ပညာတို့၌ အပြီးတိုင်ရောက်တတ်မြောက်လေ၏။

လူမင်းဘုန်းသမ္ဘာ သိကြားမနေသာ

ခမည်းတော်မင်းကြီးသည် သားတော်၏အရွယ်ကိုကြည့်၍ မိဖုရားကြီးနှင့်တိုင်ပင်ကာ မွေ့လျော်ဖွယ်ရှိသောနန်းပြာသာဒ်ကိုဆောက်လုပ်စေ၍ အဘိသိက်သွန်းကာ မင်းမြောက်မည်ဟုပြောဆိုစီမံပြီးလျှင် မြေကြန်တတ်သောဆရာတို့ကိုခေါ်စေ၍ “အမောင်တို့... လက်သမားတို့ကိုခေါ်၍ ငါ၏နန်းတော်နှင့်မနီးမဝေးသောအရပ်၌ မွေ့လျော်ဖွယ်နန်းပြာသာဒ်ကို ဆောက်လုပ်ကြလော့”ဟု အမိန့်ပေးလေ၏။ မြေကြန်တတ်သောဆရာတို့သည် ဆောက်လုပ်ရန်အရပ်ကိုစုံစမ်းကြကုန်၏။ ထိုအခါသိကြားမင်းနေရာသည်တုန်လှုပ်လေ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ ဝိသုကြုံနတ်သားကိုခေါ်ပြီးလျှင်– “အမောင်... မဟာပနာဒမင်းသားအတွက် အလျားကိုးယူဇနာ အနံရှစ်ယူဇနာ အစောက်ဆယ့်ငါးယူဇနာရှိသော ရတနာပြာသာဒ်ကို ဖန်ဆင်းချေ”ဟု စေလွှတ်လိုက်၏။ ဝိသုကြုံနတ်သားလည်း လက်သမားအသွင်ဖြင့် ဆောက်လုပ်မည့်လက်သမားတို့ထံသွား၍ လှံကန်ဖြင့်မြေကြီးကိုခတ်ကာမျှဖြင့် ဘုံဆင့်တစ်ရာရှိသောရတနာပြာသာဒ်သည် မြေမှပေါက်လေ၏။ မဟာပနာဒမင်းသားအား ပြာသာဒ်တင်မင်္ဂလာ၊ ထီးဆောင်းမင်္ဂလာ၊ လက်ထပ်မင်္ဂလာ ဤမင်္ဂလာသုံးမျိုးတို့သည် တစ်ပြိုင်နက်ဖြစ်ကုန်၏။

သားတော်ပြုံးရယ်မှု ပွဲတော်ပြု

နှစ်ပြည်ထောင်သားတို့စည်းဝေးကြရာ မင်္ဂလာပွဲသဘင်ကြီးသည် မိမိလာပြည်၌ဖြစ်၍ ခုနစ်နှစ်ကိုလွန်စေ၏။ ထိုနှစ်ပြည်ထောင်သားတို့ကို မင်းကြီးသည် ပြန်၍မလွှတ်ချေ၊ အဝတ်တန်ဆာထမင်းခဲဖွယ်ဘောဇဉ်တို့သည် မင်းအိမ်မှဖြစ်ကုန်၏။ ထိုအခါ နှစ်ပြည်ထောင်သားတို့သည် ကြွေးကြော်ကြကုန်၏၊ “အရှင်မင်းကြီး... အကျွန်ုပ်တို့သည်မင်္ဂလာပွဲကိုရှုစားနေကြသည်မှာ ခုနစ်နှစ်လွန်ကုန်ပြီ၊ အဘယ်အခါမှပြီးဆုံးမည်နည်း”ဟု မေးကြ၏။ “အမောင်တို့... ငါ့သားတော်ကား မပြုံးမရယ်စဖူး၊ ငါ့သားတော်ပြုံးရယ်သောအခါမင်္ဂလာပွဲပြီးဆုံးပြီ သွားကြကုန်လော့”ဟု မိန့်တော်မူ၏။ ထိုအခါ ခြောက်ထောင်သောသဘင်သည်တို့သည် စည်းဝေးကုန်လျက် ခုနစ်စုပြုကာ အမျိုးမျိုးကြကြကုန်သော်လည်း ပြုံးရယ်ခြင်းကိုမပြုလေ။

ပွဲတော်ဖျော်ဖြေ မပြုံးရယ်လေ

ထိုအခါ ဘဏ္ဍုကဏ္ဍသဘင်သည်ကြီးနှင့် ပဏ္ဍုကဏ္ဍသဘင်သည်ကြီးတို့သည် “ငါတို့ပြုံးရွှင်အောင်လုပ်မည်”ဟုပြောကြားကာ ထိုနှစ်ဦးတို့တွင် ဘဏ္ဍကဏ္ဍသည် ရှေးဦးစွာ မင်းအိမ်တံခါး၌ ကြီးစွာသောအတုလသရက်ပင်ကြီးကိုဖန်ဆင်း၏။ နောက်ချည်လုံးကို သရက်ပင်ပေါ်သို့ပစ်ကာ အခက်၌ငြိစေလျက် ချည်တန်းဖြင့် သရက်ပင်သို့တက်၏။ သရက်ပင်စောင့်ဖြစ်သောနတ်တို့သည် အင်္ဂါကြီးငယ်တို့ကိုတစ်ခြားစီဖြတ်၍ အပင်အောက်သို့ပစ်ချကုန်၏။ ကြွသောသဘင်သည်တို့သည် ထိုအင်္ဂါကြီးငယ်တို့ကိုစုရုံးကာ ရေဖြင့်သွန်းလောင်းကုန်၏။ ထိုအခိုက် ဘဏ္ဍကဏ္ဍသည် ဝတ်ပန်းပုဆိုးကိုဝတ်ရုံကာ ကလျက်ထ၏။ မဟာပနာဒမင်းသားသည် မပြုံးရွှင်လေ။

ထို့နောက် ပဏ္ဍုကဏ္ဍသည် မင်းရင်ပြင်၌ ကြီးစွာသောမီးပုံကြီးကိုပြုစေပြီးလျှင် မိမိပရိသတ်နှင့်တကွ မီးပုံထဲသို့ဝင်လေ၏။ မီးငြိမ်းလတ်သော် ရေဖြင့်သွန်းလောင်းကုန်၏။ ထိုအခိုက်၌ ပရိသတ်နှင့်တကွ ဝတ်ပန်းပုဆိုးကိုဝတ်ရုံကာ . ကလျက်ထကြကုန်၏။ မဟာပနာဒမင်းသားသည် မပြုံးရွှင်၊ ဤသို့လျှင် မဟာပနာဒမင်းသားကို ပြုံးရွှင်အောင်မတတ်နိုင်ကြသဖြင့် လူတို့သည် ဆင်းရဲပင်ပန်းကြကုန်၏။

သိကြားစီမံမှ ရယ်ပြုံးကြ

ထိုအကြောင်းကိုသိကြားမင်းသိလျှင် နတ်သဘင်သည်တို့ကိုစေလွှတ်၏။ နတ်သဘင်သည်တို့လည်း သဘင်ခံရာသို့သွား၍ ကောင်းကင်၌ရပ်တည်ကုန်လျက် ကိုယ်ထက်ဝက်ကိုပြကုန်၏။ လက်တစ်ဘက်၊ ခြေတစ်ဘက်၊ မျက်စိတစ်ဘက်၊ အစွယ်တစ်ချောင်းသာဖြစ်၍ကကုန်၏။ ကိုယ်ထက်ဝက်သည်လှုပ်၏၊ ထက်ဝက်သည်မလှုပ်၊ မဟာပနာဒမင်းသားသည် ထိုနတ်သဘင်သည်ကိုမြင်လျှင် အတန်ငယ်ပြုံးရယ်လေ၏၊ လူတို့ကား ခြေပစ်လက်ပစ်ဖြစ်ကာ ပြုံးရယ်ကြကုန်၏၊ ထိုအခါမှ မင်္ဂလာပွဲသည်ပြီးဆုံးလေတော့၏။ မဟာပနာဒမင်းကြီးသည် အသက်ထက်ဆုံး ဒါနသီလစသောကုသိုလ်ကောင်းမှုကိုပြု၍ အသက်၏အဆုံး၌ နတ်ပြည်သို့လားရ၏။

---

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်—

ရဟန်းတို့...

  • ထိုအခါ မဟာပနာဒမင်းသည်–ယခုအခါ ဘဒ္ဒဇိ။
  • သုမေဓာမိဖုရားသည်–ဝိသာခါ။
  • ဝိသုကြုံသည်–အာနန္ဒာ။
  • သိကြားမင်းသည်–ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

---

(၁) ကိုယ်၊ နှုတ်၊ စိတ်ဝယ်၊ မျက်မှောက်၊ ကွယ်၊ လင်သယ် မထေကင်း။

ဆောင်ပုဒ်

(၂) ယောက္ခမများ၊ နတ်အလား၊ ညွှတ်တွားလုပ်ကျွေးခြင်း။

(၃) လင်တူမယား၊ ချစ်ခင်ငြား၊ စီးပွားကျင့်ခဲ့ခြင်း။

(၄) ကျွန်၊ မှုလုပ်သူ၊ မှီနေသူ၊ ကြည်ဖြူကျွေးမွေးခြင်း။

(၅) ရဟန်း၊ ပုဏ္ဏား၊ ဧည့်သည်များ၊ မမှားကျွေးမွေးခြင်း။

(၆) လေးသီတင်း၊ ပိုကြို၊ ရှစ်ပါးကို၊ ငါးကိုမြဲစောင့်ခြင်း။

(၇) သုမေမိဖျား၊ အကျင့်များ၊ မှတ်သားလူခပင်း။
သုရုစိဇာတ်ပြီး၏။

[]

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads