အမ္ဗဇာတ်

From Wikipedia, the free encyclopedia

အမ္ဗဇာတ်
Remove ads

(၃)ဇာတ် ရှိပါသည်။ ဧကကနိပါတ် - ၁၃။ ကုသနာဠိဝဂ် -၁၂၄ - အမ္ဗဇာတ် တောသတ္တဝါအများ ရေပေးလှူသဖြင့် တစ်ဖန် ကျေးဇူးပြုသော အစာအာဟာရမှီ၍ အများချမ်းသာရသော ဝတ်နှင့်ပြည့်စုံသော ရသေ့အကြောင်း။

Thumb

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းငယ်ကြောင်းပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့သား ရဟန်းတစ်ပါးသ်ည ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံ၏။

ထိုရဟန်းဒသည် ဆရာဥပဇ္ဈာယ်တို့၌ ပြုရာသော ဝတ်တို့ကို လည်းကောင်း၊ တံမြက်လှည်းခြင်း သောက်ရေ သုံးဆောင်ရေ တည်ထားခြင်း စသော ဝတ်တို့ကို လည်းကောင်း အမြဲပြုလေ့ရှိ၏။ ဒါယကာတို့သည် အလွန်ကြည်ညိုသဖြင့် ဆွမ်းဝတ်ငါးရာတို့ကို အမြဲ နိစ္စဘတ် လှူဒါန်းကြကုန်၏။ များသော လာဘ်သပ်ပကာရှိ၏။ ထိုရဟန်းကို အမှီပြု၍ ရဟန်းများစွာတို့သည် ချမ်းချမ်းသာသာ စားသောက်နေထိုင် ကြရကုန်၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်ဝယ် စကားစိပ်မိ၍ ထိုရဟန်း၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဤရဟန်းကား ယခုအခါ၌ သာ ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံသည် မဟုတ်၊ ရှေးအခါ၌ လည်း ပြည့်စုံခဲ့ဖူးပြီး၊ ရသေ့ တစ်ယောက်ကို အမှီပြုကာ ရသေ့ငါးရာတို့ တောသို့ မသွားရဘဲ သစ်သီးကြီးငယ်ဖြင့် မျှတကာ ချမ်းချမ်းသာသာ စားသောက်နေထိုင်ရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

Remove ads

မင်္ဂါလာဇာတ်ဝင်တေးများ

ရေပေးလှူရ သဒ္ဓါထက်လှ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် ရသေ့ရစန်းပြုလျက် ရသေ့ငါးရာ အခြံအရံဖြင့် တောင်ခြေရင်းတစ်ခု၌ နေလေ၏။

ထိုအခါ ဟိမဝန္တာဝယ် ပူပြင်းသော နွေအခါဖြစ်၍ အရပ်တကာတို့ဝယ်သောက်ရေပြတ်ကုန်၏။ တိရစ္ဆာန်တို့သည် သောက်ရေကို မရကုန်သဖြင့် ပင်ပန်းကြကုန်၏။ ထိုအခါ ရသေ့တစ်ပါးသည် တိရစ္ဆာန်ကို ရေငန်ခြင်း ဆင်းရဲကို မြင်သဖြင့် သနားကရုဏာသက်သာ သစ်ပင်တစ်ခုကို ဖြတ်၍ စားကျင်းထွင်းပြီးလျှင် သောက်ရေအပြည့်လောင်း၍ ထားလေ၏။

များစွာသော တိရစ္ဆာန်တို့ သောက်ကုန်လတ်သော် ရသေ့သည် သောက်ရေကိုသာ အတွင်ခပ်နေသဖြင့် သစ်သီးရှာခွင့်မရ၊ အာဟာရပြတ်လျက်လည်း သောက်ရေကို ပေးမြဲတိုင်း ပေးလေ၏။

Remove ads

ကျေးဇူးတုံ့ရှာ မြောက်မြားစွာ

ထိုအခါ သား၊ ငှက် အပေါင်းတို့သည် စည်းဝေးကြကုန်လျက် “ အမောင်တို့ … ရသေ့မှာ သောက်ရေကို ခပ်နေရသဖြင့် သစ်သီးရှာခွင့်မရ၊ အာဟာရပြတ်၍ ပင်ပန်းလှပြီ၊ သို့အတွက် ရေသောက်လာသော သား၊ ငှက်တို့သည် မိမိတို့ အစွမ်းရှိသလောက် သစ်သီးကို ယူခဲ့ကြလျှင် ကောင်းမည်” ဟု တိုင်ပင်ညီညွတ်ကာ ဤနေ့မှစ၍ ရေသောက်လာသော သား၊ ငှက်တို့သည် သစ်သီးယူခဲ့ကြစတမ်းဟု ကတိကဝတ်ပြုကြကုန်၏။

သား၊ ငှက်တို့လည်း ရေသောက်လာကြသောအခါ ကတိကဝတ် ပြုသည့်အတိုင်း သရက် ပိန္နဲ စသော သစ်သီးတို့ကို ယူခဲ့ကြကုန်၏။ သစ်သီးတို့ကား လှည်းဆယ့်နှစ်စီး ခွဲတိုက်လောက်မျှ များပြားကုန်၏။ ရသေ့ငါးရာတို့လည်း ထိုသစ်သီးတို့ဖြင့်ပင် မျှတလျက် နေထိုင်ကြကုန်၏။

Remove ads

ချီးကျူးမကုန် ဝတ်ပြည့်စုံ

ရသေ့ကြီးသည် များစွာသော သစ်သီးတို့ကို မြင်၍ “တပည့်တို့ ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံသော ရသေ့ တစ်ယောက်ကို အမှီပြုကာ တောသို့ သစ်သီးရှာ မသွားရတော့ဘဲ ရသေ့ငါးရာတို့ ချမ်းချမ်းသာသာ စားသောက်နေရသည်” ဟု ဝတ်နှင့်ပြည့်စုံသော ရသေ့၏ လုံ့လဝီရိယကို ချီးကျူးလေ၏။ ထို့နောက် -

“တပည့်တို့ … ပညာရှိသူမှန်လျှင် အမြဲလုံ့လပြုရမည်၊ မပျင်းရိရာ၊ လုံ့လ၏ အကျိုးကို ကြည့်ရှုကြလော့၊ သရက် ပိန္နဲ စသော ဤသစ်သီးတို့မှာ လုံ့လ၏အကျိုး မဟုတ်ပါလော” –

ဟု ရသေ့အပေါင်းတို့အား ပြောကြားကာ အဆုံးအမပေးလေ၏။

Remove ads

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဝတ်ပြည့်စုံသော ရသေ့သည် - ယခုအခါ ဝတ်ပြည့်စုံသော ရဟန်း။

ဆရာရသေ့ကြီးသည် - ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဝတ်ကြီးဝတ်ငယ်၊ ပြုလုပ်ဖွယ်၊ တကယ်မပျင်းရာ။

(၂) တစ်ယောက်ဝတ်ပြည့်၊ လွန်ချမ်းမြေ့၊ ရသေ့ငါးရာပါ။

အမ္ဗဇာတ် ပြီး၏။


စတုက္ကနိပါတ် - ၅။ စူဠကုဏာလဝဂ် -(၃၄၄) အမ္ဗဇာတ်။ ။ သရက်သီး ပျောက်ဆုံးသဖြင့် သူဌေးသမီး ၄ယောက်တို့အား အာရှက်တကွဲ ကျိန်ဆိုသော ရသေ့စဉ်းလဲ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သရက်သီးပျောက်မှု ကျန်ဆိုပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထေရ်တစ်ပါးသည် အိုမင်းသော အခါမှ ရဟန်းပြုပြီးလျှင် ဇေတဝန်ကျောင်းတော် အစွန်ဖြစ်သော သရက်ဥယျာဉ်တောဝယ် ကျောင်းဆောက်ကာ နေ၏။ သရက်ဥယျာဉ်ကို စောင့်ရှောက်လျက် ကြွေကျသော သရက်သီးတို့ကိုလည်း စားလေ့ရှိ၏။ မိမိအထံသို့ ရောက်လာသူတို့အားလည်း သရက်သိးတို့ကို ပေးလေ့ရှိ၏။

မထေရ်အို ဆွမ်းခံဝင်စဉ် သူခိုးတို့သည် သရက်သီးတို့ကို ခိုးယူ၍ သွားကြကုန်၏။ ထိုအခိုက် သူဌေးသမီးလေးယောက်တို့သည် အစိရဝတီမြစ်မှ ရေချိုးပြီးလျှင် လှည့်လည်ကာ သရက်ဥယျာဉ်သို့ ဝင်ကြကုန်၏။ မထေရ်အိုလည်း ဆွမ်းခံရာမှ ပြန်လာ၍ သူဌေးသမီးတို့ကိုမြင်လျှင် “သူငယ်မတို့ ... သင်တို့သည် သရက်သီးကို စားကြသလော” ဟု မေး၏။ “အရှင်ဘုရား ... အကျွန်ုပ်တို့ ယခုပင် ရောက်လာကြပါ၏၊ မစားကြပါ” ဟု လျှောက်၏။ “သူငယ်မတို့ ... ငါ မယုံကြည်နိုင်၊ မစားကြလျှင် ကျိန်ဆိုကြလော့” ဟု ပြောဆိုလေ၏။

ထိုအခါ သူဌေးသမီးတို့သည် အသီး အသီး ကျိန်ဆိုကြကုန်၏။ မထေရ်အိုသည် သူဌေးသမီးတို့ကို ကျိန်ဆိုစေ၍ အရှက်ရစေပြီးလျှင် လွှတ်လိုက်၏။ ထိုအကြောင်းကို ကြားကြလျှင် ရဟန်းတို့သည် တရားသဘင်၌ စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဤရဟန်းကြီးသည် ယခုအခါ၌သာ သူဌေးသမီး လေးယောက်တို့ကို ကျိန်စေ၍ အရှက်ကွဲစေပြီးလျှင် လွှတ်လိုက်သည် မဟုတ်၊ ရှေးအခါလည်း ကျိန်စေ၍ အရှက်ကွဲစေပြီးလျှင် လွှတ်လိုက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

Remove ads

အတိတ်ဝတ္ထု

ရသေ့စဉ်းလဲ အကျင့်လွဲ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်း ဖြစ်လေ၏။ ထိုအခါ ရသေ့စဉ်းလဲတစ်ပါးသည် ဗာရာဏသီပြည်ကို အမှီပြု၍ မြစ်အနီး သရက်ဥယျာဉ်တောဝယ် စောင့်ရှောက်ကာနေ၏။ ကြွေကျသော သရက်သီးတို့ကိုလည်း စား၏။ ရောက်လာသူတို့အားလည်း ပေး၏။ ဤသို့မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးလေ့ရှိ၏။

ထိုအခါ သိကြားမင်းသည် လူ့ပြည်၌ အဘယ်သူသည် မိဘကို လုပ်ကျွေးသနည်း၊ အသက်အရွယ် ကြီးရင့်သူတို့ကို ရိုသေသနည်း၊ အလှူပေးသနည်း၊ သီလကို စောင့်ရှောက်သနည်း၊ ဥပုသ်ဆောက်တည်သနည်း၊ အဘယ်ရဟန်းသည် ရဟန်းတရားကို အားထုတ်ကုန်သနည်း၊ မကျင့်အပ်သော အကျင့်ကို ကျင့်သနည်းဟု လူ့ပြည်သို့ ကြည့်ရှူလတ်သော် သရက်ဥယျာဉ်တွင် အကျင့်အပ်သော အကျင့်ကို ကျင့်၍နေသော ရသေ့စဉ်းလဲကိုမြင်၍ ဤရသေ့စဉ်းလဲကား ... ကသိုဏ်း ပရိကံ စသော ရဟန်းတရားကို ပယ်ပြီးလျှင် သရက်ဥယျာဉ်ကို စောင့်၍ နေဘိ၏။ ထိုရသေ့စဉ်းလဲကို ထိတ်လန့်စေမည်ဟု ကြံစည်လျက် ရသေ့စဉ်းလဲ ဆွမ်းခံဝင်စဉ် သရက်သီးတို့ကို ကြွေကျစေ၍ သူခိုးတို့ ခိုးယူဘိသကဲ့သို့ ပြု၍ ထားနှင့်၏။

သူဌေးသမီးများရောက် ဥယျာဉ်တော်အောက်

ထိုအခိုက်တွင် ဗာရာဏသီပြည်မှ သူဌေးသမီး လေးယောက်တို့လာ၍ လှည့်လည်ကာ သရက်ဥယျာဉ်သို့ ဝင်ကြကုန်၏။ ရသေ့စဉ်းလဲ ပြန်လာ၍ သူဌေးသမီး လေးယောက်တို့ကို မြင်လျှင် “သူငယ်မတို့ ... သင်တို့ င့ါသရက်သီးတွေကို စားကြသလော” ဟု မေး၏။ “အရှင်ဘုရား ... အကျွန်ုပ်တို့ ယခုပင် လာကြပါ၏၊ အရှင် သရက်သီးတို့ကို မစားကြပါ” ဟု လျှောက်၏။ “သူငယ်မတို့ .... သင်တို့စကားကို ငါ မယုံကြည်နိုင်၊ မစားလျှင် ကျိန်ဆိုကြလော့” ဟု ပြော၏။ “အရှင်ဘုရား ... ကျိန်ဆိုလျှင် သွားခွင့်ရပါမည်လော” ဟု မေး၏။ “သူငယ်မတို့ သွားခွင့်ရကြမည်၊ ကျိန်ဆိုပါ” ဟု ပြောဆိုလေ၏။

လွတ်မြောက်စေမှု ကျိန်ဆိုပြု

ထိုအခါ သူဌေးသမီး လေးယောက်တို့တွင် အကြီးဆုံးဖြစ်သော သူဌေးသမီးသည် -

“အရှင်ဘုရား ... အကျွန်ုပ်သည် အရှင်ဘုရား သရက်သီးတို့ကို အကယ်၍ ခိုးယူမိပါမူ မည်းနက်သော ဆံပင်တို့အကြားဝယ် ပေါက်နေသော ဆံပင်ဖြူတို့ကို မွေးညှပ်ဖြင့် နုတ်သော ယောကျ်ား၏အလိုသို့ လိုက်ရပါစေသား” –

ဟု ကျိန်ဆိုလေ၏။ ရသေ့စဉ်းလဲသည် ထိုသူဌေးသမီးကို သင်ကား သင့်အရာအရပ်တွင် နေဦးလော့ဟု ဆို၍ နှစ်ယောက်မြောက် သူဌေးသမီးကို ကျိန်ဆိုစေပြန်၏။ ထိုသူဌေးသမီးလည်း -

“အရှင်ဘုရား ... အကျွန်ုပ်သည် အရှင်ဘုရား သရက်သီးတို့ကို အကယ်၍ ခိုးယူမိပါမူ မွေးသည်မှ အသက်နှစ်ဆယ် နှစ်ဆယ့်ငါးနှစ်၊ နှစ်ဆယ့်ကိုးနှစ်တိုင်အောင် ကြီးရင့်သော အရွယ်သို့ ရောက်၍လည်း လင်မရပါစေသား” –

ဟု ကျိန်ဆိုပြန်လေ၏။ ထိုသူဌေးသမီးလည်း ကျိန်ဆိုပြီး၍ သင့်ရာအရပ်၌ နေဦးလော့ ဆိုပြီးလျှင် သုံးယောက်မြောက် သူဌေးသမီးကို ကျိန်ဆိုစေပြန်၏။ ထိုသူဌေးသမီးလည်း -

“အရှင်ဘုရား ... အကျွန်ုပ်သည် အရှင်ဘုရား သရက်သီးတို့ကို အကယ်၍ ခိုးယူမိပါမူ လင်ကို တောင့်တလျက် လင်၏အထံသို့ သွားသောကြောင့် အတိသာရိက မိန်းမဖြစ်၍ တစ်ယောက်ထီးတည်း တစ်ဂါဝုတ် နှစ်ဂါဝုတ် ရှည်ဝေးသော ခရီးသို့ သွားရစေသား၊ လင်နှင့်ချိန်းဆိုရာ အရပ်တွင်လည့်း လင်ကို မမြင်ရစေသား” –

ဟု ကျိန်ဆိုပြန်၏။ ကျိန်ဆိုပြီးလျှင် သင့်ရာအရပ်၌ နေဦးလော့ ဆို၍ လေးယောက်မြောက် သူဌေးသမီးကို ကျန်ဆိုစေပြန်၏။ ထိုသူဌေးသမီးလည်း -

“အရှင်ဘုရား ... အကျွန်ုပ်သည် အရှင်ဘုရား သရက်သီးတို့ကို အကယ်၍ ခိုးယူမိပါမူ တန်ဆာဆင်လျက် ကောင်းစွာဝတ်လျက်၊ ပန်းပန်လျက်၊ စန္ဒကူးနံ့သာ လိမ်းကျံလျက် တစ်ယောက်ထီးတည်း အိပ်ရာတွင် အိပ်ရပါစေသား” –

ဟု ကျိန်ဆိုပြန်၏။

ရသေ့ခြိမ်းခြောက် သိကြားရောက်

ထိုအခါ ရသေ့စဉ်းလဲသည် သင်တို့ကား အလွန်ဝန်လေးသော ကျိန်စာတို့ကို ကျိန်ဆိုကြကုန်ပြီ။ သူတစ်ပါး ခိုးယူစားသည် ဖြစ်ရာ၏။ သင်တို့ အလိုရှိရာ သွားကြကုန်လော့ဟု သူဌေးသမီး လေးယောက်တို့ကို လွှတ်လိုက်၏။ သိကြားမင်းလည်း ကြောက်မက်ဖွယ်သော အာရုံကိုပြ၍ ရသေ့စဉ်းလဲကို ထိုသရက်ဥယျာဉ်မှ ပြေးစေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့စဉ်းလဲသည် - ယခုအခါ ရဟန်းအို။

သူဌေးသမီးလေးယောက်တို့သည် - သူဌေးသမီးလေးယောက်တို့ပင်။

သိကြားမင်းသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လင်ကိုမှီမှ၊ ကြီးပွားရ၊ မိန်းမဓမ္မတာ။

(၂) လင်ကိုမရ၊ မကောင်းရ၊ ဘဝဆုံးရှုံးရာ။

(၃) လင်ကောင်းကိုရွေး၊ ရဖို့ရေး၊ ဆွေးနွေးစဉ်းစားရာ။

(၄) လင်ရရှိက၊ လိုလိုက်ရ၊ ခယလုပ်ကျွေးရာ။

အမ္ဗဇာတ် ပြီး၏။

[]


တေရသကနိပါတ် -၄၇၄-အမ္ဗဇာတ် ဒွန်းစဏ္ဍားထံမှ သင်ယူခဲ့သော အမြဲမပြတ် သရက်သီးသီးစေနိုင်သည့်အတတ်ကို ဒိသာပါမောက္ခဆရာကြီးထံမှ သင်ယူခဲ့ကြောင်း မင်းကြီးအား လိမ်လည်လျှောက်ထား၍ ဆရာပြစ်မှားသဖြင့် မန္တန်ကွယ်ပျောက်ကာ မင်းဒဏ်သင့်လျက် နှင်ထုတ်ခံရသော ပုဏ္ဏားမိုက်အကြောင်း။

---

ပစ္စုပ္ပန်ဝတ္ထု

ကျေးဇူးချေဖြတ် ဒေဝဒတ်

နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ရဟန်းသည် “ငါကား ဘုရားဖြစ်မည်၊ ထို့ကြောင့် ဂေါတမသည် ငါ၏ဆရာမဟုတ်၊ ဥပဇ္ဈာယ်မဟုတ်”ဟု... ဆရာကိုစွန့်လွှတ်သဖြင့် ဈာန်အဘိညာဉ်ပျောက်ကွယ်ခဲ့၏။ သံဃာကိုသင်းခွဲသဖြင့် မြေမျိုကာ အဝီစိငရဲ၌ ဖြစ်ရ၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်ဝယ် ဒေဝဒတ်အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင်– “ရဟန်းတို့... ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ဆရာကိုစွန့်လွှတ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရသည်မဟုတ်၊ ရှေးအခါ၌လည်း ရောက်ဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

---

အတိတ်ဝတ္ထု

မန္တရားတတ်ငြား ဒွန်းစဏ္ဍား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ပုရောဟိတ်မျိုးသည် ယာဉ်းအနာဖြင့် ပျက်စီးခဲ့ရာ အိမ်နံရံကိုဖောက်၍ ပြေးသဖြင့် သားတစ်ယောက်သာ လွတ်မြောက်လေ၏။ ထိုပုရောဟိတ်သားသည် တက္ကသိုလ်ပြည်၌ အတတ်ပညာသင်ကြားပြီးသော် ဆရာထံမှလာခဲ့ရာ ပစ္စန္တရစ်မြို့သို့ရောက်လေ၏။ ထိုမြို့ကိုမှီ၍ ဒွန်းစဏ္ဍားရွာကြီးလည်း ရှိလေ၏။

ထိုအခါ ဘုရားအလောင်းသည် ဒွန်းစဏ္ဍားရွာကြီး၌နေ၏၊ လိမ်မာ၏၊ ပညာရှိ၏၊ အခါမဲ့သစ်သီးတို့ကို သီးစေနိုင်၍ အဘိုးအနဂ္ဃထိုက်တန်သော မန္တရားကိုတတ်၏။ ထိုဒွန်းစဏ္ဍားပညာရှိသည် တစ်နေ့သောအခါ နံနက်ခင်း၌ စောစောက ရွာမှထွက်၍ တောသို့သွားပြီးလျှင် သရက်ပင်သို့ကပ်၍ ခြေဖြင့်ခုနှစ်လှမ်းလှမ်းပြီးလျှင် ခြေစုံရပ်လျက် မန္တရားကိုမန်းမှုတ်၍ သရက်ပင်ကို ရေတစ်လက်ဖက်ဖြင့် ပက်ဖျန်းလေ၏။ ထိုအခါ သရက်ပင်သည် မန္တရား၏အာနုဘော်ကြောင့် ခဏခြင်း ရွက်ဟောင်းကြွေ၍ ရွက်သစ်လဲကာ ပွင့်သီးမှည့်ပြီးလျှင် ကြွေကုန်၏။ ထိုသရက်သီးတို့သည် ချိုကုန်၏၊ ဩဇာရှိကုန်၏၊ နတ်သုဓာနှင့်တူကုန်၏၊ ဒွန်းစဏ္ဍားသည် ကောက်၍ အလိုရှိတိုင်း စားပြီးလျှင် သရက်သီးတို့ကို ရောင်းချကာ အသက်မွေး၏။

ဒွန်းစဏ္ဍားထံ ပညာသင်ရန်

ပုရောဟိတ်သားလည်း အခါမဟုတ် သရက်သီးတို့ကို ရောင်းချသော ဒွန်းစဏ္ဍားကို မြင်လျှင် မန္တရား၏အာနုဘော်ကြောင့် ဖြစ်လိမ့်မည်၊ အဘိုးအနဂ္ဃထိုက်တန်သော မန္တရားကို သင်ယူမည်ဟုကြံစည်ကာ ဒွန်းစဏ္ဍားပညာရှိမလာမီလျှင် မေးမြန်းစုံစမ်း၍ အိမ်သို့သွားပြီးလျှင် မယားအား ဆရာကိုမေး၍ တာသို့သွားကြောင်းကို ပြောကြားလျှင် ငံ့လင့်ကာနေ၏။ ဒွန်းစဏ္ဍားပြန်လာလျှင် ခရီးဦးကြိုဆို၍ လက်မှဝန်ထုပ်ကို လှမ်းယူကာ အိမ်၌ထား၏။

ဒွန်းစဏ္ဍားလည်း ထိုလုလင်ကိုကြည့်၍ မယားအား “ရှင်မ... ဤလုလင်ကား သူယုတ်မာဖြစ်၏၊ မန္တရားသင်ရန် လာဟန်တူ၏၊ သင်ပေးသော်လည်း ထိုလုလင်ထံ၌ မန္တရား တည်မည်မဟုတ်”ဟုပြောဆိုနှင့်၏။ လုလင်လည်း ဆရာအား ကျေးဇူးပြကာ မန္တရားကို သင်ယူမည်ကြံစည်လျက် အိမ်တွင်းအိမ်ပ ပြုဘွယ်ကိစ္စဟူသမ္မုတို့ကို မပျင်းမရိ ကြေကုန်ပြီးစီးအောင် ဆောင်ရွက်၏။

ဝတ်ကြီးဝတ်ငယ် ပြုလုပ်ဘွယ်

တစ်နေ့သ၌ ဒွန်းစဏ္ဍားသည် လုလင်ကိုခေါ်၍ ဝတ်ကြီးဝတ်ငယ်ကိုပြုစေပြီးလျှင်– “အမောင်... ညောင်စောင်းခြေတို့ကို တပ်၍ သွားလေ”ဟု မှာထား၏။ လုလင်လည်း ညောင်စောင်းခြေတစ်ချောင်း ရှာ၍မရသဖြင့် တစ်ညလုံး ပေါင်ပေါ်၌ တင်ထား၏။ နောက်အဖို့၌ ဒွန်းစဏ္ဍားမယားသည် သားဘွား၏။ လုလင်သည် မီးနေသောအခါ မရွံမရှာ ကိစ္စအလုံးစုံကို ပြု၏။

ဒွန်းစဏ္ဍားမယားသည် တစ်နေ့သ၌ ဒွန်းစဏ္ဍားအား “အရှင်... ဤလုလင်သည် အမျိုးနှင့်ပြည့်စုံသူဖြစ်လျက် မန္တရားကိုသင်ယူလိုသဖြင့် အောက်ကျနောက်ကျ အိမ်တွင်းအိမ်ပ အလုံးစုံကို ကြေကုန်အောင် ဆောင်ရွက်ပေ၏၊ လုလင်၏ထံ၌ မန္တရားတည်သည်ဖြစ်စေ၊ မတည်သည်ဖြစ်စေ လုလင်အားသင်ပေးပါ”ဟု တောင်းပန်၏။

ဆရာမှာကြား ပညာသင်ငြား

ဒွန်းစဏ္ဍားပညာရှိလည်း ကောင်းပြီဟုဝန်ခံ၍ လုလင်အား မန္တရားကိုသင်ပေးပြီးလျှင်– “ချစ်သား... ဤမန္တရားသည် အဘိုးများစွာထိုက်တန်၏၊ သင့်အား များစွာသော လာဘ်ပူဇော်သကာဖြစ်လိမ့်မည်၊ ထို့ကြောင့် သင်၏ဆရာအဘယ်သူနည်းမေးလျှင် ငါ့ဆရာဒွန်းစဏ္ဍားတည်း၊ ဒွန်းစဏ္ဍားထံမှ ငါသင်ခဲ့၏ဟု ပြောဆိုရမည်၊ ရှက်စနိုး၍ တစ်ဦးကိုလွှဲ၍ ပြောဆိုကာ မုသားဆိုငြားအံ့၊ မန္တရား ကွယ်ပျောက်လိမ့်မည်၊ သတိကြီးစွာထားလေ”ဟု ဆုံးမ၏။ လုလင်သည် “ဆရာ... အဘယ့်ကြောင့်လျှို့ဝှက်အံ့နည်း၊ တစ်စုံတစ်ယောက်က မေးလျှင် ဆရာကိုသာ ဆရာဟု ပြောဆိုပါမည်”ဟု ဝန်ခံ၍ ရှိခိုးခွင့်ပန်းလျှင် သွားလေ၏။

ပညာတတ်လျှင် မင်းထံဝင်

ပုဏ္ဏားလုလင်သည် ဒွန်းစဏ္ဍားရွာမှထွက်၍ မန္တရားကိုစုံစမ်းလျက် အစဉ်အတိုင်းသွားရာ ဗာရာဏသီပြည်သို့ရောက်လျှင် သရက်သီးတို့ကို ရောင်းချသဖြင့် ဥစ္စာများစွာရလေ၏။ ထိုအခါ ဥယျာဉ်စောင့်သည် ထိုလုလင်ထံမှသရက်သီးတို့ကို ဝယ်ယူပြီးလျှင် မင်းကြီးအားဆက်သလေ၏။ မင်းကြီးသည် သရက်သီးကိုစားပြီးလျှင်– “အချင်းဥယျာဉ်စောင့် သရက်သီးတို့ကို အဘယ်မှရသနည်း”ဟု မေး၏။ “အရှင်မင်းကြီး အခါမဲ့ လုလင်တစ်ယောက် ရောင်းလာ၍ ရခဲ့ပါသည်”ဟု လျှောက်ထားလေ၏။ “အချင်း-ဥယျာဉ်စောင့်...ကောင်းပြီဆိုလုလင်ကို ငါတို့နန်းတော်သို့ဆောင်ယူခဲ့စေ”ဟု အမိန့်ပေး၏။ ဥယျာဉ်စောင့်လည်း မင်းကြီးအမိန့်အတိုင်း နန်းတော်သို့ဆောင်ယူခဲ့စေ၏။

မင်းကြီးစုံစမ်း ပညာစွမ်း

ဤသို့ နန်းတော်သို့ လာဖန်များလျှင် မင်းကြီးသည် လုလင်ကို “ငါ့ထံခစားလော့”ဟု အမိန့်ပေးလေ၏။ လုလင်လည်း မင်းကြီးကိုခစားသဖြင့် များစွာသောဥစ္စာကိုရ၏။ ခစားဖန်များလတ်သော် မင်းကြီးနှင့်အလွန်အကျွမ်းဝင်၏။ မင်းကြီးသည် တစ်နေ့သ၌ “လုလင်...သင်သည် အခါမဟုတ်ဘဲ ဘယ်အရပ်မှသရက်သီးတို့ကို ဆောင်ခဲ့သနည်း၊ တန်ခိုးကြီးသောနတ်များ နဂါးများ ပေးသလော၊ သို့မဟုတ် မန္တရား၏အာနုဘော်လော”ဟု မေးလေ၏။ လုလင်လည်း “အရှင်မင်းကြီး တစ်စုံတစ်ယောက်သောသူသည် မပေးပါ၊ မန္တရား၏အာနုဘော်ဖြစ်ပါသည်”ဟု အမှန်အတိုင်းလျှောက်ထားလေ၏။ ထိုအခါ မင်းကြီးသည်အလွန်နှစ်သက်သဖြင့် “လုလင်...သင်၏မန္တရားအစွမ်းကို ကြည့်လိုသည်၊ ပြပါ”ဟု ပြောလေ၏။ လုလင်လည်း ကောင်းပြီဟု ဝန်ခံလေ၏။

ပညာတတ်ရေး ဆရာမေး

တစ်နေ့သ၌ မင်းကြီးသည် လုလင်ကိုခေါ်၍ ဥယျာဉ်တော်သို့သွားပြီးလျှင် မန္တရား၏အစွမ်းကို အပြခိုင်းလေ၏။ လုလင်လည်း ဆရာသင်ပြသောနည်းအတိုင်း သရက်ပင်အနီးသို့ကပ်ကာ ခုနစ်ဘဝါးလှမ်းပြီးလျှင်... ခြေစုံရပ်လျက် မန္တရားကိုမန်းမှုတ်၍ သရက်ပင်ကို ရေတစ်လက်ဖက်ဖြင့်ပက်ဖျန်း၏။ သရက်ပင်သည် ခဏခြင်းရွက်သစ်လဲကာ ပွင့်သီးမှည့်မှီပြီးလျှင် မိုးရွာသကဲ့သို့ ကြွေကျလေ၏။ လူအပေါင်းသည် ကောင်းချီးပေးကာ အဝတ်ပုဆိုးတို့ကို ကြဲမြှောက်ကြကုန်၏။ မင်းကြီးလည်း လုလင်အား များစွာသောဥစ္စာကို ပေးပြီးလျှင်– “လုလင်...သင်သည် ဤသို့အာနုဘော်ကြီး၍ အံ့ဘွယ်သရဲရှိသောမန္တရားကို အဘယ်သူ့ထံမှ သင်ယူခဲ့သနည်း”ဟုမေး၏။ လုလင်သည် ဒွန်းစဏ္ဍားထံမှသင်ယူခဲ့ရသည်ဟု ပြောဆိုရမည်ကို ရှက်နိုး၏၊ မန္တရားလည်း နှုတ်တက်လှပြီ၊ မေ့ပျောက်တော့မည်မဟုတ်၊ ငါသည် မဟုတ်မမှန် လုပ်ကြံ၍ ပြောဆိုမည်ဟု ကြံစည်ပြီးလျှင်—

ကျေးဇူးပျက်ပြယ် အတတ်ကွယ်

“အရှင်မင်းကြီး ဤမန္တရားကိုသာ မန်ဆရာတို့ထံမှ သင်ယူခဲ့သည်မဟုတ်၊ ဒိသာပါမောက္ခဆရာကြီးထံမှ သင်ယူခဲ့ရသည်”ဟု လျှောက်ထားလေ၏။ ဆရာကိုစွန့်ပယ်သော ခဏ၌လျှင် မန္တရားလည်း ကွယ်ပျောက်လေ၏။ မင်းကြီးလည်း အတိုင်းထက်အလွန် နှစ်သက်၍ လုလင်နှင့်တကွ နန်းတော်သို့ဝင်လေ၏။

အခါတစ်ပါး မင်းကြီးသည် လုလင်ကိုခေါ်၍ ဥယျာဉ်တော်သို့သွားပြီးလျှင် မင်္ဂလာကျောက်ဖျာ၌နေ၍ လုလင်အား “အမောင်... သရက်သီးစားလိုသည် ဆောင်ယူချေ”ဟု စေခိုင်း၏။ လုလင်လည်း သရက်ပင်ရင်းသို့ကပ်ပြီးလျှင် ရပ်လျက် ရှေးနည်းအတိုင်း မန္တရားကို မန်းမှုတ်မည်ဟု ဆင်ခြင်လတ်သော် ပျောက်ကွယ်သည်ကိုသိ၍ ရှက်သဖြင့် ငေးမှိုင်ကာနေ၏။

ပုဏ္ဏားလိမ်ကောက် မင်းညာလျှောက်

ထိုအခါ မင်းကြီးသည် လုလင်ကိုမြင်လျှင် “ရှေးအခါ ဤလုလင်ကားလူများအလယ်၌ သရက်သီးမိုးရွာစေလျက် ငါ့ထံဆောင်ယူခဲ့သည်၊ ယခုအခါ ငေးမှိုင်ကာနေဘိ၏၊ အကြောင်းအချို့ရှိသနည်း”ဟု ကြံစည်လျက်–

ဆရာကိုပြစ်မှားသဖြင့် သရက်သီးကြွေစေသည့် မန္တန်ပျောက်၍ အရှက်ရသော ပုဏ္ဏားမိုက်ပုံ

“အို-ပုဏ္ဏားလုလင်... သင်သည် ရှေးအခါ ငါ့အဖို့ သရက်သီးကြီးငယ်တို့ကို ဆောင်ယူခဲ့ပြီ၊ အို-ပုဏ္ဏားလုလင် သင်အား ယခုအခါ ထိုမန္တရားဖြင့်လျှင် သရက်သီးတို့မသီးပါတကား”—
ဟု မေးလေ၏။ လုလင်လည်း သရက်သီးတို့ကိုမဆောင်ယူနိုင်ပါဟု အကယ်၍လျှောက်ငြားအံ့၊ ငါ့အား အမျက်ထွက်လတံ့၊ မုသာဝါဒဖြင့် လျှောက်ထားမည်ကြံစည်ကာ—
“မြတ်သောမင်းကြီး အကျွန်ုပ်သည် နက္ခတ်ကြုံကြိုက်ခြင်းကိုငံ့လင့်ပါ၏၊ မန္တရား၌ ခဏ-မုဟုတ်ကိုမမြင်ပါ၊ နက္ခတ်၊ ခဏမုဟုတ်တို့ကို ရသည်ရှိသော် များစွာသော သရက်သီးတို့ကို ဆောင်ယူခဲ့ပါအံ့”—
ဟု နက္ခတ်ကို ရိုးမယ်ဖွဲ့ကာ... ယုတ္တိယုတ္တာရှိအောင် ဉာဏ်ဆင်၍ လျှောက်ထားလေ၏။

ပုဏ္ဏားလျှောက်တင် မင်းဆင်ခြင်

ထိုအခါ မင်းကြီးသည် ပုဏ္ဏားလျှောက်ထားသောစကားကို ဆင်ခြင်စဉ်းစားလျက်—
“အို-ပုဏ္ဏားလုလင်... ရှေးအခါ သင်သည် နက္ခတ်ကြုံကြိုက်ခြင်းကို၎င်း၊ မန္တရား၏ ခဏမုဟုတ်ကို၎င်း မဆိုခဲ့၊ အဆင်းအနံ့ အရသာနှင့် ပြည့်စုံသော သရက်သီးတို့ကို ကိုယ်တိုင်ဆောင်ယူခဲ့၏”။
“အို-ပုဏ္ဏားလုလင်... ရှေးအခါ သင့်အား မန္တရားကိုမန်းမှုတ်သဖြင့် သရက်သီးတို့ဖြစ်လာကုန်၏၊ ယခုသင်သည် မန္တရားကိုမန်းမှုတ်ပါသော်လည်း သရက်သီးတို့ဖြစ်လာအောင် မတတ်နိုင်ချေ၊ ယခုသင်၏သဘောကား အဘယ်သို့ဖြစ်သနည်း”—
ဟု ဆင်ခြင်ကြည့်ရှုကာ လုလင်ပုဏ္ဏားအား မေးပြန်၏။

ဆရာပြစ်မှားမှု လျှောက်ထားပြု

ထိုအခါ လုလင်သည် မင်းကြီးကို မုသာဝါဒဖြင့် လှည့်စားခြင်းငှါ မတတ်နိုင်၊ အကယ်၍ ဟုတ်မှန်သောအတိုင်း လျှောက်ထားငြားအံ့၊ မင်းအာဏာပြုရာ၏၊ ရှိပါစေ၊ ဟုတ်မှန်သောအတိုင်း လျှောက်ထားတော့မည် ကြံစည်ကာ—
“မြတ်သောမင်းကြီး... အကျွန်ုပ်အား ဒွန်းစဏ္ဍားသည် သဘောအားဖြင့် မန္တရားကိုသင်ပေးပါ၏၊ သူတစ်ပါးတို့မေးလျှင် ငါ၏ အမျိုးအမည်ကို မလျှို့ဝှက်လင့်၊ လျှို့ဝှက်လျှင် မန္တရားသည် အကျိုးမပြီး ကွယ်ပျောက်လိမ့်မည်” ဟု ဟုတ်မှန်သော သဘောကိုလည်း မှာထားပြောဆိုလိုက်ပါ၏၊ သို့ပါလျက် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လူတို့အလယ်၌ မေးလတ်သော် ရှက်နိုးသဖြင့် ဒိသာပါမောက္ခဆရာကြီးထံမှ သင်ယူခဲ့သည်ဟု မိုက်သဖြင့် ဆရာ၏ကျေးဇူးကို ချေဖျက်ကာ မဟုတ်မမှန် ပြောဆိုမိပါ၏၊ သို့အတွက် မန္တရားကွယ်ပျောက်ကာ. အထီးကျန်လျက် ငိုကြွေးရပါ၏”။ ဟု ဟုတ်မှန်သောအတိုင်း လျှောက်ထားလေ၏။

ပုဏ္ဏားသူယုတ် ဆွဲငင်ထုတ်

မင်းကြီးသည် လုလင်၏စကားကိုကြားလျှင် “ဤလုလင်ကား ယုတ်မာလှ၏၊ မွန်မြတ်သော မန္တရားကို ရသည်ရှိသော် အမျိုးအမည် အသို့ပြုအံ့နည်း”ဟု အမျက်ထွက်ကာ–
“အို-အမတ်တို့...ပျားရည်ကိုအလိုရှိသောသူအား ကြက်ဆူပင် တမာပင် ပင်လယ်ကသစ်ပင်တို့ ရှိကြရာ ပျားရည်ရသောသစ်ပင်သည်သာ သစ်ပင်မြတ်ဖြစ်၏၊ အကျိုးစီးပွားကို အလိုရှိသောသူအားလည်း မင်း၊ ပုဏ္ဏား၊ သူဌေးသူကြွယ်၊ သူဆင်းရဲ ဒွန်းစဏ္ဍား၊ ပန်းမှိုက်သွန်တို့ရှိကြရာ အကျိုးစီးပွားရသောသူသည်သာ သူမြတ်ဖြစ်၏”။

“အို-အမတ်တို့... ဤသူယုတ်အား ဒဏ်ပေးကြကုန်၊ သတ်ပုတ်ညှဉ်းဆဲကြကုန်၊ မွန်မြတ်သောအကျိုးစီးပွားကို ငြိုငြင်ပင်ပန်းစွာ ရပါလျက် အလွန်မာန်တက်ကာ ဖျက်ဆီးဘိ၏၊ ဤသူယုတ်ကို လည်ပင်းကိုကိုင်၍ ထုတ်ကြကုန်လော့”—
ဟု အမိန့်ပေးလေ၏။ မင်းချင်းတို့လည်း မင်းကြီး၏အမိန့်အတိုင်း နှင်ထုတ်ကြကုန်၏။

ဆရာထံသွား လျှောက်ထား

ထိုလုလင်လည်း “ငါ့မှာဆရာကိုထား၍ ကြွေးကာဒွန်းစဏ္ဍားရွာသို့သွားလေ၏၊ ကိုးကွယ်ရာမရှိပြီ”ဟု ကြံစည်လျက်ငို ထိုအခါ ဒွန်းစဏ္ဍားပညာရှိသည် မန္တရားပျောက်ကွယ်၍ ပြန်လာသော လုလင်ကိုမြင်လျှင် မိမိမယားကိုခေါ်၍ “ရှင်မ ‘မန္တရားပျောက်ကွယ်သဖြင့် ပြန်လာသောသူယုတ်ကို ကြည့်လော”ဟု ပြောဆိုနှင့်၏။

လုလင်လည်း ဆရာဒွန်းစဏ္ဍားထံသို့ရောက်လျှင် ရှိခိုးကာနေ၏။ “အမောင်...အဘယ်ကြောင့် လာသနည်း”ဟု မေး၏။ ထိုအခါလုလင်သည် “ဆရာ...ဆရာကိုစွန့်လွှတ်ကာ မဟုတ်မမှန်ပြောဆိုမိသဖြင့် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရသည်”ဟု မိမိအပြစ်ကို ပြောကြားပြီးလျှင်–
“ဆရာ... ယောက်ျားသည် ဤအရပ်မှာ ညီညွတ်၏ဟု မှတ်ထင်၍ ထုံးအိုင်၊ လိုဏ်ဂူ၊ ချောက်ကမ်းပါးပြတ် မြစ်ဆွေးရှိသော ကွင်းသို့ ကျသကဲ့သို့၎င်း၊ သူကန်းသည် ကြိုးဟုမှတ်ထင်၍ မြွေဟောက်ကိုနင်းမိသကဲ့သို့၎င်း၊ မီးသို့ဝင်မိသကဲ့သို့၎င်း၊ ထို့အတူချွတ်ချော်ပြစ်မှားမိသော အကျွန်ုပ်ကို သည်းခံတော်မူ၍ နောက်ထပ်တစ်ဖန် မန္တရားကို သင်ပေးတော်မူပါ”—
ဟု ဆရာအား ခယတောင်းပန်လေ၏။

သူယုတ်ရှောင်ကြဉ် ကြိမ်းမောင်းနှင်

ထိုအခါ... ဆရာသည် “အမောင်...အမောင်ဆိုသောစကားသည် မှန်ပေ၏၊ သူကန်းသည် အမှတ်ပေးသည်ရှိသော် ထုံးအိုင်စသည်ကို ရှောင်ကြဉ်ရာ၏၊ ငါသည်သင့်ကို ရှေးဦးကပင် ပြောဆိုအပ်ပြီ၊ ယခုအဘယ့်ကြောင့် လာပြန်သနည်း”ဟု ပြောဆိုပြီးလျှင်–
“လုလင်...သင့်အား တရားနှင့်အညီ မန္တရားကို ပေးအပ်ပြီ၊ သင်လည်း တရားနှင့်အညီ သင်ယူခဲ့ပြီ၊ သင့်အား အကျိုးစီးပွားကိုလည်း ရရှိခဲ့ပြီ၊ တရား၌တည်သော သင့်ကို မန္တရားသည် စွန့်လွှတ်၍ မသွားရာ–
ပညာနည်းသူသည် ငြိုငြင်သဖြင့် ရအပ်သော ယခုလက်ငင်းလူ့ပြည်၌ ရခဲသော အသက်မွေးခြင်းငှါ စွမ်းနိုင်သော အာနုဘော်ကြီးသော မန္တရားကို အကယ်၍ကား ရခဲ့၏၊ ရခဲ့ပါသော်လည်း မဟုတ်မမှန်ပြောဆိုသူသည် မန္တရားကိုဖျက်ဆီး၏”။

“မိုက်မဲတွေဝေ၍ သူ့ကျေးဇူးကိုမသိ၊ မဟုတ်မမှန်သောစကားကို ဆိုကာ နှုတ်မစောင့်သော သင့်အား အမြဲမပြတ် သရက်သီးကို ပေးတတ်သော မန္တရားကို ငါမပေးနိုင်၊ မန္တရားအဘယ်မှာရှိအံ့နည်း၊ ဆင်းသွားလေ၊ ငါသင့်ကို မနှစ်သက်နိုင်”ဟု ကြိမ်းမောင်းကာ နှင်ထုတ်လေ၏။ ထိုသို့ဆရာသည် နှင်ထုတ်လိုက်သည်ရှိသော် ထိုလုလင်သည် “ငါ့အားမန္တရားကို မရသည်ရှိသော် လူ့ပြည်၌ အသက်ရှင်သဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ကြံစည်လျက် တောသို့ဝင်ကာ ကိုးကွယ်ရာမဲ့ဖြစ်၍ သေလေ၏။

---

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
ရဟန်းတို့...

  • ထိုအခါ ကျေးဇူးမသိသောလုလင်သည်-ယခုအခါ ဒေဝဒတ်။
  • ဗာရာဏသီမင်းသည်-အာနန္ဒာ။
  • ဒွန်းစဏ္ဍားသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

---

(၁) ပျားကိုလိုချင်၊ ပျားရ၎င်းသစ်ပင်မြတ်သလို။
(၂) ကျိုးလိုသူအား၊ ကျိုးရငြား၊ လူ့ကားမြတ်သကို။
(၃) ဒွန်းစဏ္ဍားမှ၊ မန္တန်ရ၊ ယုတ်လှလုလင်ပျို။
(၄) ပါမောက္ခထံ၊ ရလေဟန်၊ မမှန်မုသားဆို။
(၅) ကျေးဇူးထိန်ချန်၊ ကွယ်မန္တန်၊ ထီးကျန်သေသကို။
အမ္ဗဇာတ်ပြီး၏။

ဆောင်ပုဒ်


Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads