စကားသံ
From Wikipedia, the free encyclopedia
သဒ္ဒဗေဒတွင် စကားသံ (အင်္ဂလိပ်: phone) ဆိုသည်မှာ စကားလုံး(များ)၏ အနက်အဓိပ္ပာယ်အတွက် အရေးပါသည်ဖြစ်စေ အရေးမပါသည်ဖြစ်စေ၊ သိသာထင်ရှားသော မည်သည့်စကားပြောသံမဆို (သို့) အမူအရာတစ်ရပ်[မှတ်စု 1] ကိုဆိုလိုသည်။
ဆန့်ကျင်ဘက်အားဖြင့် သံရင်း (phoneme) ဆိုသည်မှာ ဘာသာစကားတစ်ခုခုတွင်ရှိသော စကားသံကိုဆိုလို၏ ။ အကယ်၍ ထိုဘာသာစကား၌ သံရင်းတစ်ခုကို အခြားသံရင်းတစ်ခုဖြင့် အစားထိုးပါက စကားလုံးလည်း ပြောင်းလဲသွားနိုင်သည်။ စကားသံသည် ပကတိသဘောဖြစ်၍ သီးသန့်ဘာသာစကားတစ်ခုခုအတွက်သာ မဟုတ်ပေ။ ထိုဘာသာစကားအတွက်သာ ကန့်သတ်ထားသည်မဟုတ်ပါ။ သို့ရာတွင် သံရင်းသည်ကား ထိုသီးသန့်သတ်မှတ်ထားသော ဘာသာစကားကိုသာ ရည်ညွှန်း၍ သတ်မှတ်ဖော်ပြနိုင်ပေသည်။
ဥပမာ အင်္ဂလိပ်ဘာသာစကားရှိ စကားလုံးများဖြစ်သည့် kid နှင့် kit တို့၏ အဆုံးသတ်အသံသည် သိသာထင်ရှားသော သံရင်း /d/ နှင့် /t/ တွင်ဆုံး၏ ။ ထို့ကြောင့် သံရင်းပြောင်းလျှင် အနက်ပြောင်း၍ စကားလုံးလည်း ပြောင်းလဲပေမည်ဖြစ်သည်။ သို့သော် /p/ သံများမတူညီမှုကို ကြည့်လျှင် pun ([pʰ]) ကို သံပြင်း (ဓနိတ) အသံဖြင့် ရွတ်ဆို၍ spun ([p]) ကို သံပျော့ (သိထိလ) အသံဖြင့် ရွတ်ဆိုသည်။[မှတ်စု 2] ထိုသို့ p သံများ ရွတ်ဆိုရာ၌ အင်္ဂလိပ်ဘာသာစကား၌ စကားလုံး၏ ဝိသေသနှင့် အနက်အဓိပ္ပာယ်ကို အကျိုးသက်ရောက်ခြင်းမရှိသောကြောင့် [pʰ] ကို [p]နှင့် အစားမထိုးနိုင်သလို [p] ကိုလည်း [pʰ] နှင့်အစားထိုးရန်မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် [pʰ] နှင့် [p] တို့သည် သိသာထင်ရှားသော စကားသံ (phones) နှစ်ခုဖြစ်သော်လည်း အင်္ဂလိပ်ဘာသာစကားအတွက်မူ သိသာထင်ရှားသော သံရင်းများ (phonemes) မဟုတ်ကြပေ။
ဆန့်ကျင်ဘက်အားဖြင့် ဟင်ဒူနစ်စတန်နီဘာသာစကား၌ တူညီသောအသံနှစ်သံကို ဖလှယ်ကြည့်သောအခါ စကားလုံးမတူတော့ပေ။ ဥပမာ [pʰal] (फल) သည် သစ်သီး အနက်ရပြီး [pal] (पल) သည် တိုတောင်းသောအချိန် ဟူ၍ဖြစ်သည်။CIIL 2008 မြန်မာစကားတွင်လည်း ဖို့ [pʰ] နှင့် ပို့ [p] မှာ အနက်ကွဲပြားသည်။ ထို့ကြောင့် ထိုစကားလုံးများသည် ၎င်းတို့နှင့်ဆိုင်သော ဘာသာစကားများအတွက် ကွဲပြားသောသံရင်း များဖြစ်ကြ၏ ။
အထက်ပါတွေ့မြင်ခဲ့ရသည့်အတိုင်း စကားသံ (phone) ထက် သံရင်း (phoneme) ဆိုသည်က အရေးအသားစနစ်တွင် မပြည့်စုံစေကာမူ စံပြအနေဖြင့် ညွှန်းဆိုနိုင်သော စကား၏ အင်္ဂါရပ်ဖြစ်သည်။