ဖလမ်းမြို့
ဖလမ်းခရိုင်တွင် ပါဝင်သည့် မြို့တစ်မြို့ / From Wikipedia, the free encyclopedia
ဖလမ်းမြို့သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။ ချင်းပြည်နယ်၏ မြို့တော်ဖြစ်ကာ ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများစိုက်ရာ မြို့ ဖြစ်သည်။ အင်္ဂလိပ်အစိုးရ လက်ထက်ကလည်း ဖလမ်းမြို့သည် ချင်းတောင်ဒေသကို အုပ်ချုပ်ရသော နိုင်ငံရေးအရာရှိ၏ ရုံးစိုက်မြို့ ဖြစ်ခဲ့သည်။ ဖလမ်းနယ်၏ မြောက်ဘက်တွင် တီးတိန်နယ်၊ တောင်ဘက်တွင် ဟားခါးမြို့နယ် တို့ တည်ရှိလေသည်။ ဖလမ်းနယ်သည် တောင်ထူထပ်၍ ကုန်းပြန့် မြေပြန့်နည်းပါးသည်။ ထို့ကြောင့် လယ်ယာ မလုပ်နိုင်ကြပဲ၊ တောင်ယာများသာ လုပ်ကိုင်ကြသည်။ ထွက်ကုန်ဟူ၍ ပြောပလောက်အောင် မရှိသေးသော်လည်း ကော်ဖီပင်များကို ယခုအခါ အများအပြား စိုက်ပျိုးလျက်ရှိ၍ လိမ္မော်၊ စပျစ် စသည့် အပင်များကိုလည်း တိုးချဲ့ စိုက်ပျိုးနေကြသည်။ နောင် ၃-၄ နှစ်ခန့်ကြာလျှင် ကော်ဖီစေ့များ အများအပြား ထုတ်လုပ် တင်ပို့နိုင်မည်ဟု ခန့်မှန်းရလေသည်။
ဖလမ်းမြို့ | |
---|---|
ဖလမ်းမြို့ တည်နေရာ | |
ကိုဩဒိနိတ်: 22°54′49″N 93°40′40″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်းပြည်နယ် |
ခရိုင် | ဖလမ်းခရိုင် |
မြို့နယ် | ဖလမ်းမြို့နယ် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၉,၀၉၂[1] |
• ကိုးကွယ်မှု | ခရစ်ယာန်ဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဖလမ်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၉,၀၉၂ ယောက် ဖြစ်သည်။[1] ဖလမ်းမြို့နယ်ရှိ ချင်းလူမျိုးများကို အများအားဖြင့် လိုင်ချင်းလူမျိုးများဟု ခေါ်ဆိုကြသည်။ ယောက်ျားများသည် ရှေးမြန်မာယောက်ျားများကဲ့သို့ ဆံပင်ရှည်ထား၍ သျှောင်ထုံးကြသည်။ စောင်ကို လုံချည်အဖြစ် ဝတ်ဆင်ကြသည်။ အမျိုးသမီးတို့သည်လည်း ဆံပင်ရှည်ထားကြသည်။ ထဘီကို ဒူးထက်လောက် ခပ်တိုတို ဝတ်ဆင်ကြ၍ လည်ပင်းပေါက် ချွန်းချွန်း ရှိသော အင်္ကျီကိုယ်ထည် ရှည်ရှည်ပွပွကို ဝတ်ဆင်ကြသည်။ သို့သော် များသောအားဖြင့် မိမိတို့ အိမ်တွင်းဖြစ် ပစ္စည်းများကိုသာ ဝတ်ဆင်လေ့ ရှိကြသည်။ ယခုအခါတွင်မူ အများအားဖြင့် မြန်မာယောက်ျား။ မိန်းမတို့ကဲ့သို့ပင် ဝတ်စားဆင်ယင်လာကြလေပြီ။
မဏိပူရမြစ်သည် ဖလမ်းနယ်ကို ဖြတ်သန်းသွားရာ ဖလမ်းမြို့သည် ထိုမြစ်၏ ယာဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ပင်လယ်ရေပြင်မှ အမြင့်ပေ ၅၀၀၀ ကျော်တွင် တည်ရှိ၍ ရာသီဥတု အေးချမ်းသည်။ မိုးရေချိန်လက်မ ၅၀ မှ ၆၀ ထိ ရွာသွန်းသည်။ တောင်ကမ်းပါးယံ၊ တောင်စောင်းတွင် မြို့တည်ထား၍ မြို့အကျယ်အဝန်းမှာ အလျားတစ်မိုင်ခွဲခန့်၊ အနံ ၆ဖာလုံခန့် ရှိသည်။ လူနေအိမ်ခြေ ၅၀၀ ကျော်ခန့် ရှိ၍ လူဦးရေ ၂၅၀၀ ခန့် ဖြစ်သည်။ မြို့နေလူထုသည် များသောအားဖြင့် အစိုးရ အရာထမ်း၊ အမှုထမ်းများ၊ ကုန်သည်၊ ဈေးသည်များသာ ဖြစ်ကြလေသည်။ မြို့ရှိလူဦးရေ ၁၀၀ လျှင် ၉၆ယောက်မှာ ချင်းလူမျိုး၊ ၃ယောက်မှာ ဗမာလူမျိုး၊ အခြား တရုတ်၊ ကုလား စသည့် လူဦးရေမှာ ၁% ခန့် ဖြစ်သည်။ ကိုးကွယ်ကြသည့် အယူဝါဒတို့မှာ ခရစ်ယာန်ဘာသာ ၇၅%၊ ဗုဒ္ဓဘာသာ ၂၀% အခြားအယူဝါဒီ ၅% ခန့် ဖြစ်သည်။