ဖောင်းပြင်မြို့
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့ / From Wikipedia, the free encyclopedia
ဖောင်းပြင်မြို့သည် အထက်ချင်းတွင်းခရိုင်အတွင်းရှိ ဖောင်းပြင်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ချင်းတွင်းမြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် တည်ရှိပြီးလျှင် မော်လိုက်မြို့မှ မြောက်ဘက် ၇၈ မိုင်ဝေး၍ ဟုမ္မလင်းမြို့မှ တောင်ဘက် ၆၄ မိုင်ဝေးသည်။ ဖောင်းပြင်မြို့နယ်သည် ချင်းတွင်းမြစ်ကမ်း နှစ်ဘက်စလုံးပေါ်တွင် ကသာခရိုင်နှင့် အနောက်ရိုးမ တောင်ကြားဝယ် တည်ရှိသည်။ တစ်မြို့နယ်လုံး၏ အကျယ်အဝန်းသည် ၂၉၁၇ စတုရန်းမိုင်ရှိ၍၊ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ တစ်မြို့နယ်လုံးတွင် လူဦးရေ ၃၅၄၉၉ ယောက် ရှိသည်။ ဖောင်းပြင်မြို့ပေါ်တွင် ၁၃၀၇ယောက် ရှိသည်။ ချင်းတွင်းမြစ်ကမ်းပါးရှိ ၂ မိုင်ခန့် ကျယ်သော မြေပြန့်လွင်ပြင်မှတစ်ပါး အတွင်းဘက်တွင် တောင်တန်းနိမ့်များနှင့် ကျွန်းသစ်တောကြီးများ ရှိ၍ သစ်လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ကြသည်။ ဖောင်းပြင်မြို့သည် ချင်းတွင်းမြစ်ပေါ်တွင် တည်ရှိသော်လည်း မြစ်ရေတိမ်သဖြင့် သင်္ဘောများသည် နွေအခါတွင် ကင်းတပ်မြို့အထိသာ ဆန်တက်နိုင်၍ မိုးအခါကျမှ ဟုမ္မလင်းမြို့အထိ ဆန်တက်နိုင်သောကြောင့် တစ်နှစ်ပါတ်လုံး သင်္ဘောလမ်းကို အားထားနိုင်သောမြို့ မဟုတ်ချေ။ သို့ရာတွင် လှေဖောင်များနှင့်မူ ကူးလူးဆက်ဆံနိုင်ငည်။ ဖောင်းပြင်မြို့မှ ဟုမ္မလင်းမြို့အထိ ကုန်းလမ်း အဆက်အသွယ်ရှိသည်။