မြစ်သားမြို့
From Wikipedia, the free encyclopedia
မြစ်သားမြို့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ကျောက်ဆည်မြို့၏ တောင်ဘက် ၁၂ မိုင်အကွာတွင် ရန်ကုန် - မန္တလေး ကားလမ်းတို့ဆုံရာ ပန်းလောင်မြစ်၏ အထက်ဆုံးဆည်ဖြစ်သော ကင်းတားဆည်မှ ခွဲထွက်လာသော ပြောင်းပြာ မြောင်းမတော် အဆုံး၌ တည်ရှိသည်။ ထိုမြောင်းမတော်ကြောင့် တောင်သူလယ်သမားများ စိုက်ပျိုး လုပ်ကိုင် စားသောက်နိုင်ကြသည်။
မြစ်သားမြို့ | |
---|---|
မြို့ | |
မြစ်သားမြို့တည်နေရာ | |
ကိုဩဒိနိတ်: 21°25′N 96°8′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေးတိုင်းဒေသကြီး |
ခရိုင် | ကျောက်ဆည်ခရိုင် |
မြို့နယ် | မြစ်သားမြို့နယ် |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၃၀၅ ပေ (၉၃ မီတာ) |
လူဦးရေ (မတ် ၂၀၁၇)[1] | ၁၈,၂၇၈ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ရန်ကုန် - မန္တလေး မီးရထားလမ်းသည် မြစ်သားမြို့ကို ဖြတ်သွားသဖြင့် မြို့နယ်ကို အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ နှစ်ပိုင်း ခြားထားသကဲ့သို့ရှိနေ၏။ မြစ်သားမြို့တွင် အိမ်ခြေ ၃၉၃၃ ရှိပြီး လူဦးရေမှာ ၁၈,၂၇၈ ဖြစ်သည်။[1]
မီးရထားလမ်း အရှေ့ဘက်ရှိ မြစ်သားမြို့နယ်မှာ မိုးအလွန်ပါးသော အရပ်ဖြစ်သော်လည်း ပန်းလောင်မြစ်မှ ရေသွယ်မြောင်းများဖြင့် ကောက်ပဲသီးနှံပင်များကို စိုက်ပျိုးနိုင်ကြသည်။ ထိုအပိုင်းမှာ မြေညီရပ်ဖြစ်၍ အရှေ့ဘက်တွင် ရှမ်းကုန်းပြင်မြင့်ရှိသည်။ မီးရထားလမ်း အနောက်ဘက် အပိုင်းတွင်ကား စမုန်မြစ်နှင့် စမာတူးမြောင်းတို့မှ ရေရသည်။
မြစ်သားမြို့၏ အကျယ်အဝန်းမှာ တောင်နှင့်မြောက် ၁ မိုင် ၂ ဖာလုံခန့်၊ အရှေ့နှင့် အနောက် ၆ ဖာလုံခန့်ရှိ၍မြေပြန့်အရပ်ဖြစ်၏။ ပန်းလောင်မြစ်သည် ပတ်ဝိုက်ကာ အရှေ့တောင်မှ အနောက်မြောက်သို့ စီးဆင်းသွားသည်။ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်အလျောက် အစိုးရရုံးများ၊ ဆေးရုံ၊ အထက်တန်းကျောင်း၊ ဆန်စက်များ စသည်တို့ ရှိသည်။ မြို့လယ် အရှေ့ဖျား၌ သီရိဓမ္မာသောကမင်းကြီး တည်ခဲ့သည်ဟုဆိုသော ရွှေမုဋ္ဌောစေတီတော်ကြီး တည်ရှိ၏။ နှစ်စဉ် တပို့တွဲ လဆန်း ၈ ရက်နေ့မှ လပြည့်ကျော် ၂ ရက်နေ့အထိ ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိလေသည်။ မြစ်သားမှ မြင်းခြံသို့ မော်တော်ကားလမ်းရှိ၍ ၅၃ မိုင်ဝေးသည်။[2]