မြဝတီမြို့
မြန်မာနိုင်ငံရှိ မြို့ / From Wikipedia, the free encyclopedia
မြဝတီမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင်ပါဝင်သော မြဝတီမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ မြန်မာ - ထိုင်း နယ်စပ်တွင် တည်ရှိသည်။ တောင်မှမြောက်သို့စီးသော သောင်ရင်းမြစ်၏ လက်ဝဲဖက်ကမ်းပေါ်တွင် တည်ရှိ၍ မြစ်၏ တဖက်ကမ်း၌ ထိုင်းနိုင်ငံအပိုင် မယ်တော်ရွာ၊ မဲဆောက်မြို့တို့ရှိသည်။ သံလွင်မြစ်တွင်းသို့ စီးဝင်ပေါင်းဆုံသော သောင်ရင်းမြစ်မှ သစ်ဖောင်သစ်တုံးများ မျှောနိုင်သည်။ သို့ရာတွင် နွေအခါ၌မူ တစ်ဖက်ကမ်းသို့ မြစ်ကိုဖြတ်ကူးနိုင်သည်။ တဖက်ကမ်းတွင် မယ်တော်ရွာလမ်းရှိသည်။ မြဝတီမှလမ်းနှင့် မယ်တော်ရွာမှလမ်းတို့သည် မြစ်သာမခြားပါက တစ်ဖြောင့်တည်းပင်ရှိပေမည်။ မယ်တော်ရွာမှ နာရီဝက်ခန့် မော်တော်ကားစီးသွားလျှင် မဲဆောက်မြို့သို့ရောက်သည်။ တစ်ဖန် မဲဆောက်မှဆက်လက်၍ ကားဖြင့်လည်းကောင်း၊ လေယာဉ်ပျံဖြင့်လည်းကောင်းသွားသော် ဘန်ကောက်မြို့သို့ ရောက်နိုင်သည်။ ကော့ကရိတ်မြို့နှင့်မူကား ကားလမ်းအားဖြင့် ၃၉ မိုင် သွားရသည်။
မြဝတီမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြဝတီမြို့တွင်း တစ်နေရာ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 16°41′N 98°30′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကရင် |
ခရိုင် | မြဝတီခရိုင် |
မြို့နယ် | မြဝတီမြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ကော့ကရိတ်မြို့နှင့် မြဝတီမြို့အကြားတွင် ဒေါနတောင်စဉ် တောင်တန်းရှိသည်။ ဒေါန တောင်စဉ်၏ နောက်ဆုံးတောင်ပေါ် စခန်းဖြစ်သော သင်္ကန်းညီနောင်နှင့် မြဝတီမြို့သည် ၉ မိုင်မျှသာ ကွာဝေးသည်။ တောင်စဉ်တောင်တန်းများသည် မတ်စောက်သည်။ ဒေါနတောင်စဉ်တွင် အမြင့်ဆုံးတောင်သည် တရုတ်ဖြူတောင်ဖြစ်သည်။ တရုတ်ဖြူတို့ ဝင်ရောက်သောင်းကျန်းစဉ်အခါက တပ်စွဲသည်ကို အကြောင်းပြု၍ ခေါ်ခြင်းဖြစ်၏။ အမြင့် ပေ ၅,ဝဝဝ ခန့် ဖြစ်သည်။ မြဝတီတွင် သစ်တောကြိုးဝိုင်းများ ရှိသည်။
မြဝတီမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ ၁၁၃,၁၁၅ ဦး ဖြစ်သည်။[1] နေထိုင်သူများမှာ ရှမ်း၊ မြန်မာ၊ ကရင်၊မွန်၊ ပအိုဝ်း(တောင်သူ)၊ အိန္ဒိယနှင့် တရုတ်အမျိုးသား အနည်းငယ်တို့ဖြစ်၏။ များသောအားဖြင့် စိုက်ပျိုးလုပ်ကိုင်ကြသည်။ မြဝတီမြို့သည် နယ်စပ် ဖြစ်သည်အလျောက် ထိုင်းနိုင်ငံနှင့် ကူးသန်း ရောင်းဝယ်မှု များစွာပြုသော နေရာဖြစ်၏။ အမှန်သော်ကား မြဝတီသည် အခွန်အကောက်များ စည်းကြပ်ရာ မြန်မာအကောက်ဆိပ်ဖြစ်သော်လည်း ဝင်ရောက်လာသူတို့သည် အကောက်လွတ်အောက်တတ်နိုင်သမျှ ရှောင်ကွင်းတတ်ကြသည်။ သို့ဖြစ်၍ နိုင်လွန်၊ ရွှေချောင်းမှစ၍ အခြားကုန်ပစ္စည်းများကို မြဝတီလမ်းမှ ခိုးထုတ်ခိုးသွင်းလေ့ရှိသည်မှာ နာမည်ရဖြစ်တော့၏။ယခုအခါတွင်မူ ထိုင်း-မြန်မာ ဒုတိယ ချစ်ကြည်ရေးတံတားကို ထပ်မံဆောက်လုပ်ခဲ့သည့်အပြင် စိမ်းလဲ့မြိုင် အဝေးပြေးကားကွင်းကိုပါ ထပ်မံ ပြုလုပ်ခဲ့သည်။