ရေငုပ်သင်္ဘော
From Wikipedia, the free encyclopedia
ရေငုပ်သင်္ဘောဆိုသည်မှာ ရေအောက်တွင် လွတ်လပ်စွာရွေ့လျားသွားလာနိုင်သော ရေယာဉ်တစ်မျိုးဖြစ်သည်။ သာမန်ရေအောက်သွားယာဉ်မှာ ရေအောက်တွင် အကန့်အသတ်ဖြင့်သာ အလုပ်လုပ်နိုင်သဖြင့် ရေငုပ်သင်္ဘောနှင့် ကွဲပြားခြားနားသည်။ ရေငုပ်သင်္ဘောဆိုသော အသုံးအနှုန်းမှာ အများအားဖြင့် လူအများအပြားတင်ဆောင်သော စက်တပ်ယာဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ သို့သော်လည်း သမိုင်းကြောင်း အားဖြင့် သို့မဟုတ် အရပ်သုံးစကားဖြင့်မူ ရေငုပ်သင်္ဘောဆိုသည်မှာ အလယ်အလတ်စား သို့မဟုတ် ထိုထက်သေးငယ်သော ရေယာဉ်များနှင့် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်သော ယာဉ်များနှင့် စက်ရုပ်များကိုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။
စမ်းသပ်မှု အနေဖြင့် ရေငုပ်သင်္ဘောများကို ရှေးယခင်ကတည်းက တည်ဆောက်ဖူးကြသော်လည်း ရေငုပ်သင်္ဘော ဒီဇိုင်းသည် ၁၉ ရာစုတွင် အရှိန်ရလာခဲ့သည် ရေတပ် အများစုမှ အသုံးပြုလာခဲ့ကြသည်။ ရေငုပ်သင်္ဘောကို ပထမအကြိမ် ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြသည်မှာ ပထမကမ္ဘာစစ် အတွင်းမှ စ၍ ဖြစ်ပြီး အခုအခါတွင် ရေတပ်အင်အားတောင့်တင်းသော နိုင်ငံအများအပြားတွင် အသုံးပြု နေကြသည်။ စစ်တပ်တွင် သုံးရသည့် ရည်ရွယ်ချက်မှာ ရန်သူ၏ ရေပေါ်တွင် ရှိနေသော သင်္ဘော သို့မဟုတ် ရေငုပ်သင်္ဘောကို တိုက်ခိုက်ရန်၊ လေယာဉ်တင်သင်္ဘောကို ကာကွယ်ရန်၊ ရန်သူအား ကြားဖြတ် ပိတ်ဆို့ခြင်း၊ နျူးကလီးယား တိုက်ခိုက်မှု ၏ တစိတ်တဒေသ အဖြစ် တိုက်ချင်းပစ် ဒုံးကျည် လွှတ်တင်ရန်၊ စုံစမ်းထောက်လှမ်းရန်၊ ကုန်းပေါ်သို့ လှမ်း၍ တိုက်ခိုက်ရန် နှင့် အထူးတပ်ဖွဲ့များကို လျှို့ဝှက် ပို့ဆောင်ရန် စသည်တို့အတွက် ဖြစ်သည်။ အရပ်သုံး အနေနှင့်မူ အဏ္ဏဝါ သိပ္ပံ၊ ကယ်ဆယ်ရေး၊ စူးစမ်း ရှာဖွေရေး နှင့် ကိရိယာများ စစ်ဆေး ပြင်ဆင်ရန် တို့အတွက် အသုံးပြုကြသည်။ ရေငုပ်သင်္ဘောများကို ပြုပြင်မွမ်းမံ၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ရေအောက် ဆက်သွယ်ရေး လိုင်းများ ပြုပြင်ရန် စသည်တို့အတွက် အထူးပြုလုပ် သုံးစွဲလေ့ ရှိကြသည်။ ရေငုပ်သင်္ဘောများကို ခရီးသွားလုပ်ငန်းတွင် ရေအောက် ရှေးဟောင်း သုတေသန လုပ်ငန်း အတွက်လည်း အသုံးပြုလေ့ ရှိကြသည်။
ပထမဆုံး ရေငုပ်သင်္ဘောကို ၁၆၂၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည်။ ပထမဆုံး စစ်ဘက်သုံး ရေငုပ်သင်္ဘောကိုမူ ၁၇၇၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) တွင် ရေငုပ်သင်္ဘောကို ပထမဆုံး စစ်ဘက်၌ အသုံးပြုခဲ့သည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်များအတွင်းတွင် ရေငုပ်သင်္ဘောများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။