ရှမ်းဘာသာစကား
ဘာသာစကား / From Wikipedia, the free encyclopedia
ရှမ်းဘာသာစကားသည် ရှမ်းလူမျိုးတို့၏ တိုင်းရင်းသား ချက်မြှုပ် ဘာသာစကားဖြစ်ပြီး မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်အတွင်းတွင် အများဆုံး ပြောဆိုကြသည်။ ထို့အပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသည့် တဲဟုန်၊ စစ်ဆောင်ပန္နား (ရှီးရွမ်ပနတိုင်) ပြည်နယ်စုတို့နှင့် ဗီယက်နမ်နိုင်ငံအနောက်ပိုင်းတွင်လည်း အနည်းငယ်ပြောဆိုကြသည်။ ရှမ်းဘာသာစကားသည် တိုင်-ကဒိုင်ဘာသာစကား မျိုးနွယ်စုဖြစ်ပြီး ထိုင်းဘာသာစကားနှင့် ဆက်စပ်မှု ရှိသည်။ ၎င်း၌ အသံ (၆)သံ ရှိပြီး ထိုင်းစကားသံတို့နှင့် အတိအကျအားဖြင့် တူညီမှု မရှိပဲ အသံထွက်ရာတွင် ဖိ၍ ထွက်ဆိုရသော ဆဋ္ဌမမြောက် စကားသံ ရှိသည်။ ၎င်းကို တိုင်ရှမ်းတို့ အခေါ်အရ တိုင်းယိုင် (တႆးယႂ်ႇ/Tai Yai) သို့မဟုတ် တိုင်းကြီး (တႆးလူင်/Tai Long) ဟု ခေါ်သည်။ “ရှမ်း” ဟူသော အသုံးအနှုန်းမှာ ဒေသစွဲ လူမျိုးစွဲအရ ခေါ်တွင်ခြင်းဖြင့် (exonym) ဆင်းသက်လာသည်ဟု ယူဆရပြီး ပါဠိအခေါ်အဝေါ် သျှာမ(သို့မဟုတ်)သျှာမ်မှ မြန်မာအခေါ် ရှမ်း (Shan) ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြသည်။ ထိုင်းလူမျိုးတို့အား ပါဠိအခေါ်အဝေါ် သျှာမ်အား အနောက်တိုင်းသားတို့က သယာမ် (Siam) ဟုအသံထွက်ပြောင်းလဲလာခြင်းဖြစ်သည်။[1]