လျှပ်စစ်သံလိုက်ဓာတ်
From Wikipedia, the free encyclopedia
ရူပဗေဒ၏ အခြေခံ သက်ရောက်မှုကြီး ၄မျိုးအနက် ၁မျိုးဖြစ်သော လျှပ်စစ်သံလိုက်ဓာတ် (အင်္ဂလိပ်: electromagnetism)) ဆိုသည်မှာ လျှပ်ဓာတ်ဆောင်သော အမှုန်များက လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းများကို ဖန်တီးလျက် အချင်းချင်း အပြန်အလှန် အား သက်ရောက်နိုင်မှု သဘောတရားကြီး ဖြစ်သည်။[1] ဤသဘောတရားသည် ဒြပ်ဆွဲမှု၊ နျူကလီးယား အပျော့စက်၊ နျူကလီးယား အပြင်းစက်တို့နှင့်တကွ လောက(Univere)ကြီးရှိ အခြေခံ သက်ရောက်မှုကြီး ၄မျိုး၌ တစ်မျိုးအပါအဝင် ဖြစ်သည်။[2]
ဤစာမျက်နှာမှာ လျှပ်စစ်သံလိုက်ဓာတ်ဟူသော အခြေခံသက်ရောက်မှုအကြောင်း ဖြစ်ပြီး လျှပ်စစ်သံလိုက်ပညာဆိုသည်မှာ ဤသဘာဝကို လေ့လာသော ပညာရပ် ဖြစ်သည်။
လျှပ်စစ်သံလိုက်ဓာတ်၏ ရလဒ်အဖြစ် အလွယ်ရှင်းဆုံး ဥပမာမှာ လျှပ်ငြိမ်အား (electrostatic force) ဖြစ်သည်။ လျှပ်ဓာတ်ရှိလျှင် ၎င်းကြောင့် လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်သည်။ ထိုစက်ကွင်းအတွင်း၌ အခြားသော လျှပ်ဓာတ်တဆောင် အမှုန်တစ်ခုက ငြိမ်နေသည် ဖြစ်စေ၊ ရွေ့လျားနေသည် ဖြစ်စေ အားတစ်ခု အပြန်အလှန် ဖြစ်ပေါ်နေကြောင်း ကူလုမ်ဘ် နိယာမ (Coulomb's Law) က ဖော်ပြသည်။
လျှပ်စစ်ဓာတ် (electricity) နှင့် သံလိုက်ဓာတ် (magnetism) တို့မှာ သီးခြားဖြစ်သော သဘာဝများ မဟုတ်ချေ။ လျှပ်ဓာတ်ဆောင် အမှုန်တို့က ရွေ့လျားနေလျှင် ၎င်းတို့၏ လျှပ်စစ်စက်ကွင်းက ပြောင်းလဲနေမည်။ ထိုပြောင်းလဲမှုကြောင့် သံလိုက်စက်ကွင်း ဖြစ်ပေါ်သည်။ သံလိုက်စက်ကွင်းအတွင်း၌ ရပ်နေသော လျှပ်ဓာတ်ဆောင် အမှုန်များအဖို့ အား မဖြစ်ပေါ်သည့် သဘော ရှိသော်လည်း လျှပ်ဓာတ်တစ်ခု သံလိုက်စက်ကွင်းအတွင်း အလျင်လည်း ရှိနေလျှင် အား(force) တစ်ခု ဖြစ်ပေါ်မည်သာ။
တစ်ဖန် သံလိုက်စက်ကွင်းက တည်ငြိမ်မြဲမနေဘဲ အတိုးအလျော့ အပြောင်းအလဲ ဖြစ်နေလျှင် ထိုပြောင်းလဲချက်ကြောင်း လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်ပြန်သည်။ လျှပ်စစ်နှင့် သံလိုက်ကား ထိုသို့ အစဉ် အပြန်အလှန် ဆက်စပ်နေသည်။[3]