အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
မြန်မာ နိုင်ငံရေးပါတီ / From Wikipedia, the free encyclopedia
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်(ခ)NLD ပါတီ)မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အင်အားကြီး နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် National League for Democracy - NLDဟု လူသိများသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ နိုင်ငံရေး သဘောတရား (political ideology)မှာ လစ်ဘရယ်ဝါဒ (သို့မဟုတ်) လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။ လက်ရှိတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် | |
---|---|
အင်္ဂလိပ် အမည် | National League for Democracy |
တည်ထောင်သူ | အောင်ရွှေ တင်ဦး ချစ်ခိုင် ကြည်မောင် အောင်ဆန်းစုကြည် အောင်ကြီး |
နာယက | ဦးတင်ဦး၊ ဦးဝင်းထိန် (ဗိုလ်ကြီးဟောင်း) |
ဥက္ကဋ္ဌ | ဒေါ်အောင်ဆန်းစုကြည် |
ဒုတိယဥက္ကဋ္ဌ (၁) | ဦးဝင်းမြင့် |
ဒုတိယဥက္ကဋ္ဌ (၂) | Dr.ဇော်မြင့်မောင် |
တည်ထောင်ခြင်း | ၂၇ စက်တင်ဘာ ၁၉၈၈ (၁၉၈၈-၀၉-၂၇) |
ဌာနချုပ် | ၉၇ ဘီ၊ အနောက် ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာနိုင်ငံ[1] |
နိုင်ငံရေး သဘောတရား | လစ်ဘရယ်ဒီမိုကရေစီ နှင့် ဆိုရှယ်ဒီမိုကရေစီ [2] |
ရပ်တည်ချက် | အလယ်-လက်ဝဲ |
နိုင်ငံတကာ မဟာမိတ် | Socialist International[3] Progressive Alliance[4] Council of Asian Liberals and Democrats |
အရောင် | အနီ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၁၃၅ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၂၅၅ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ အမတ်နေရာ | ၄၇၆ / ၈၆၀
|
တိုင်းရင်းသားရေးရာဝန်ကြီးများ | ၂၁ / ၂၉
|
ဝက်ဘ်ဆိုဒ် | |
nld-official.org/en/ | |
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မဟာသရေစည်သူ ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ သီရိပျံချီ ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်)၊ သူရ ဦးတင်ဦး(အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။[5][6]
ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါလီမန် မဲဆန္ဒနယ် နေရာများတွင် ရာခိုင်နှုန်းအမြောက်အမြား အနိုင်ရခဲ့သည်။ သို့သော် အုပ်ချုပ်နေသည့် နဝတ အစိုးရမှ အသိအမှတ်မပြုခဲ့ပေ။ ၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၃ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ရယူနိုင်ခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၃၈ နေရာ နှင့် ပြည်ထောင်စုလွှတ်တော်တွင် ၃၄၈ နေရာ ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ရန် လိုအပ်သော အမတ်အရေအတွက်ကို ကျော်လွန်ခဲ့ပြီး အရပ်သားသမ္မတအဖြစ် ဦးထင်ကျော်ကိုတင်မြှောက်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် သမ္မတ ဦးထင်ကျော် နုတ်ထွက်ပြီးနောက် NLD ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သော ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ၌ မဲအများဆုံးရရှိကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၁၀ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခဲ့သည်။
၂၀၂၀ မတိုင်မီ NLD အစိုးရ၏ သက်တမ်းအတွင်း ရခိုင်အရေးကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာဖိအားသည် NLD အစိုးရအပေါ် ဝေဖန်မှုများကပို၍ ကျယ်လောင်လာခဲ့သည်။[7] ထို့အပြင်၂၀၂၀ တွင်ရိုက်ခတ်သော ကိုဗစ်ကပ်ရောဂါကာလ အစပိုင်းတွင် အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်သောကြောင့် WHOမှပင် ချီးကျူးခဲ့ရသော်လည်း နောက်ပိုင်းကာလတွင် NLDအစိုးရ၏ စီမံခန့်ခွဲမှုအားနည်းချက်များနှင့် ၂၀၂၀မဲဆွဲကာလ လူစုလူဝေးဖြစ်ပေါ်မှုများကြောင့် ရောဂါကူးဆက်မှု ပိုမိုများပြားလာခဲ့ပြီး ဝေဖန်သံများကျယ်လောင်လာခဲ့သည်။[8][9][10]
၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ပါတီအား ဖျက်သိမ်းမည့် အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သော်လည်း[11] နောက်ပိုင်းတွင် ဆုံးဖြတ်ချက် ပြောင်းလဲသွားကာ ၂၀၂၃ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပါဝင်ခြင်းကို NLD က ဆုံးဖြတ်ရလိမ့်မည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။[12]
NLD သည် NLD-LA (National League for Democracy-Liberated Areas) နှင့် ကွဲပြားခြားနားသည်။ ၎င်း NLD-LA သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဟု ခေါ်ပြီး၊ ထိုင်းနိုင်ငံနယ်စပ်နှင့် အခြား နိုင်ငံများတွင် ဖွဲ့စည်းထားသည်။