အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု
From Wikipedia, the free encyclopedia
အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု (အင်္ဂလိပ်: Civil disobedience) ဆိုသည်မှာ အစိုးရတစ်ရပ်၏ အချို့သော ဥပဒေများ၊ တောင်းဆိုချက်များနှင့် အမိန့်ပြန်တမ်းများကို နိုင်ငံသားပြည်သူတစ်ယောက်အနေဖြင့် လိုက်နာရန်ငြင်းဆန်ခြင်းပင်ဖြစ်သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုတို့သည် အကြမ်းဖက်နည်းလမ်းများကို ရှောင်ရှားခြင်းဖြင့် အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှု (Civil Disobedience) ဖြစ်ရန် လိုအပ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထို့ကြောင့် ဤလှုပ်ရှားမှုများကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု၊ အကြမ်းမဖက်ဆန့်ကျင်လှုပ်ရှားမှုများနှင့် တူညီသည်ဟု သတ်မှတ်ကြသည်။[1][2]
ဤလှုပ်ရှားမှု၏ အခြေခံအယူအဆကို ကျင့်သုံးခဲ့သည်မှာ ရှေးယခင်ကတည်းကပင်ဖြစ်သော်လည်း ဟင်နရီဒေးဗစ်သော်ရိုး (Henry David Thoreau) ၏ အက်ဆေးဖြစ်သည့် Civil Disobedience ဖြင့် အမေရိကန်ပြည်ထောင်စုတွင် စတင်လူသိများလာခဲ့ခြင်းဖြစ်သည်။ ဤအခြေခံအယူအဆများသည် ၁၈၀၀ ပြည့်နှောင်းပိုင်းနှစ်များတွင် အမေရိကန်ပြည်ထောင်စုတွင် အမျိုးသမီးများမဲပေးပိုင်ခွင့်လှုပ်ရှားမှုမှ Susan B. Anthony၊ ဗြိတိသျှသိမ်းပိုက်မှုကို ဆန့်ကျင်သည့် ၁၉၁၉ ခုနှစ် အီဂျစ်တော်လှန်ရေးကို ဖြစ်ပေါ်လာရန် ၁၉၁၀ ပြည့်နှစ်များတွင် Saad Zaghloul နှင့် ဗြိတိသျှအုပ်ချုပ်မှုအောက်မှ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရရှိစေခဲ့သည့် ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပေါ်လာစေရန် ၁၉၂၀ ပြည့်နှစ်များတွင် မဟတ္တမဂန္ဓီ စသည့် ခေါင်းဆောင်များအပေါ် လွှမ်းမိုးမှုရှိခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များတွင် အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု (Civil Rights Movement) အတွင်း မာတင်လူသာကင်းဂျူနီယာ နှင့် ဂျိမ်းစ်ဘီဗဲလ် တို့၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများတွင်လည်း အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှု၏ အရေးပါသည့် အယူအဆအချို့ပါဝင်ခဲ့သည်။[3]