ရေ
ဖော်မြူလာ H₂O ပါသော ဓာတုဒြပ်ပေါင်း / From Wikipedia, the free encyclopedia
ရေ(အင်္ဂလိပ်: Water)သည် အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ပေါင်းစပ်ထားသော ဓာတုပစ္စည်း ဖြစ်သည်။ ယင်း၏ ဓာတုဗေဒ ဖော်မြူလာမှာ H2Oဖြစ်သည်။ အရောင်မရှိ ဖောက်ထွင်းမြင်နိုင်ကာ အနံ့ကင်းပြီး အရသာမရှိပါ။ ရေသည် အသုံးအများဆုံး သော ဖျော်ရည်ဖြစ်ပြီး အများအားဖြင့် အရည် ဖြစ်သည်။ အစိုင်အခဲ အခြေအနေကို ရေခဲဟု ခေါ် ပြီး အငွေ့ အခြေအနေကို ရေငွေ့ ဟုခေါ်သည်။ ရေအတုကို ဓာတ်ခွဲခန်း၌ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ရောစပ်ခြင်းဖြင့် ဖန်တီးနိုင်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(23 Jul 2021) |
ရေ | |
အခြေခံ အချက်များ | |
မော်လီကျူး ဖွဲ့စည်းပုံ | H2O |
ရေခဲမှတ် | 0 °C (32 °F) |
ရေဆူမှတ် | 99.974 °C (211.95 °F) |
ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဟူ၍ ဆိုရိုးစကားရှိသည်။ ရေသည် လူနှင့် သက်ရှိမှန်သမျှအတွက် မရှိလျှင် မဖြစ်သော ပစ္စည်းဖြစ်သည်။ အပင်အားလုံးအတွက်လည်း ရေသည် မရှိလျှင် မဖြစ်ချေ။ မြန်မာနိုင်ငံကဲ့သို့ လယ်ယာကိုင်းကျွန်းပေါ်တွင် အားထားနေရသော နိုင်ငံအဖို့ လယ်ယာ ဖြစ်မြောက်ရေးအတွက် မိုးရေကို လွန်စွာအားကိုးရလေသည်။
လူသည် ရေကိုသောက်သုံးရန်နှင့် ဆေးကြောရန်အတွက် လိုပေသည်။ ရေချိုးရန်နှင့် ထမင်းချက်ရန် အတွက်လည်း လိုသည်။ လူများ ရှူနေကြရသော လေပြီးလျှင် ရေသည် လူ့အတွက် ဒုတိယအရေးအကြီးဆုံး ပစ္စည်း ဖြစ်ကောင်း ဖြစ်ပေ လိမ့်မည်။ ရေသာမရှိလျှင် သက်ရှိမှန်သမျှသည် သေကုန်ကြပေလိမ့်မည်။ သက်ရှိတိရစ္ဆာန်နှင့် အပင်များတွင် ရေသည် အခြားပစ္စည်းများထက် ပို၍ပါရှိသည်။ ကုန်များကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးရာတွင်လည်း မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများရှိ ရေများပေါ်တွင် သွားလာနိုင်ကြသည့် လှေသင်္ဘောများဖြင့် တင်ဆောင်လျှင် စရိတ်မှာ အသက်သာဆုံး ဖြစ်တတ်ပေသည်။ ချောင်းများ၊ မြစ်များ၊ ပင်လယ်သမုဒ္ဒရာ များနှင့် အင်းအိုင်များသာမရှိလျှင် ကမ္ဘာကြီးသည် ငြီးငွေ့ဖွယ်ရာ ဖြစ်ပေလိမ့်မည်။ ချောင်း၊ မြစ်၊ ပင်လယ်၊ သမုဒ္ဒရာနှင့် အင်းအိုင်များဟု ခေါ်နေကြခြင်းမှာလည်း ယင်းတို့ရှိ ရေများ ကြောင့်သာ ခေါ်နေနိုင်ကြခြင်း ဖြစ်ပေသည်။ ထိုကြောင့် ရေသည် သက်ရှိအဖို့ လွန်စွာအရေးကြီးလေသည်။ ဓာတုဗေဒအလိုအားဖြင့် ရေသည် အဆင်းမရှိသည့်အရည်တစ်မျိုး ဖြစ်၍ ရေကို ဓာတုသင်္ကေတဖြင့် H2O ဖြစ်သည်။[1]
ဓာတ်ကြီးလေးပါးအနက် အာပေါဓာတ် ရေသည် ကမ္ဘာမြေပေါ်တွင် အရည်အခြေအနေအဖြစ် အများဆုံးတွေ့ရသည့် အရာဝတ္ထုဖြစ်သည်။ ကမ္ဘာ့မြေမျက်နှာပြင် လေးပုံသုံးပုံကို ဖုံးလွှမ်းလျက်ရှိသည်။ သန့်စင်သည့်ရေသည် အနံ့အသက်၊ အရောင်အဆင်း မရှိပါ။ မြစ်ချောင်း၊ အင်းအိုင်နှင့် ပင်လယ်သမုဒ္ဒရာများတွင် ရေအမြောက်အမြားကို တွေ့ရှိနိုင်သည်။ မိုးရေသည် တိမ်လွှာများ ငွေ့ရည်ဖွဲ့ရာမှ ဖြစ်ပေါ်လာသည့် ရေစက်များဖြစ်သည်။ အအေးလွန်သည့်အခါများတွင် ရေသည် အခဲဘဝသို့ ပြောင်းကာ ရေခဲဖြစ်လာသည်။ အအေးပိုသည့်ရာသီတွင် မိုးရေများသည် ရေခဲ သို့မဟုတ် နှင်းများအဖြစ် ရွာချတတ်သည်။ အင်မတန်ပူပြင်းသည့်အခါ ရေများ ဆူပွက်ကာ အငွေ့အဖြစ် ပြောင်းလဲတတ်သည်။
အပင်များနှင့် လူအပါအဝင်သတ္တဝါများသည် အသက်ရှင်သန်နိုင်ရန် အာဟာရဓာတ်များအတွက် ရေကိုအားထားကြရသည်။ ရေသည်လည်း ဓာတုပစ္စည်းများ ဓာတ်ပြုရာတွင် ကြားခံဒြပ်တမျိုးဖြစ်သည့်အပြင် သွေးသားများတွင် အဓိကပါဝင်သည့် ပစ္စည်းဖြစ်သည်။
သတ္တဝါများသည် ရေကို အရေပြားမှတဆင့် ချွေးအဖြစ်စစ်ထုတ်ကာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးသည်။ ရေ၏အကူအညီဖြင့် သွေးသည် အဟာရဓာတ်များကို အစာအိမ်မှတဆင့် ခန္ဓာကိုယ်၏ အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင်ပေးသည်။ သွေးများက အောက်ဆီဂျင်ဓာတ်ကို အဆုပ်မှတဆင့် ကိုယ်ခန္ဓာသို့ ပို့ဆောင်ရာတွင်လည်း ရေမှ ကူညီပေးသည်။ သတ္တဝါများ အစာချေရာတွင် ရေဓာတ်ပါဝင်သည့် တံတွေးများ လိုအပ်သည်။ လူ့ခန္ဓာကိုယ်မှ မကောင်းသည့် ဓာတ်ပစ္စည်းများကို ဆီးနှင့်စစ်ထုတ်ရာတွင် ရေလိုအပ်သည်။ လူ့ခန္ဓာကိုယ်၏ ၆၀ - ၇၀ % မှာ ရေဖြစ်သည်။
နွားနို့၊ သစ်သီးဖျော်ရည်၊ ဝိုင်စသည့် သောက်သုံးဖွယ်ရာများတွင် အဓိကပါဝင်သည့် ပစ္စည်းမှာ ရေဖြစ်သည်။ ပင်လယ်သမုဒ္ဒရာအတွင်းရှိ ရေများသည် ရေငံဖြစ်ပြီး မြစ်ချောင်း၊ အင်းအိုင်မှ ရေများမှာ ရေချိုများဖြစ်သည်။ ကမ္ဘာပေါ်တွင် သောက်သုံးနိုင်သည့် ရေချိုရာခိုင်နှုန်း ၃ % သာရှိပြီး ကျန်သည်မှာ ရေငံများဖြစ်သည်။ [2][3].
ရေမော်လီကျူးတွင် ဟိုက်ဒရိုဂျင်အက်တမ် ၂ ခုနှင့် အောက်ဆီဂျင်အက်တမ် ၁ ခုစီပါဝင်ဖွဲ့စည်းထားသည်။ ရေ၏ ဓာတုသင်္ကေတမှာ H2O ဖြစ်သည်။ ရေတွင် မျက်နှာပြင်တင်းအား ရှိသောကြောင့် အရာဝတ္ထုများ၏ မျက်နှာပြင်ပေါ်တွင် ပြန့်မသွားပဲ သေးငယ်သည့် ရေစက်အဖြစ် တွေ့ရှိရခြင်းဖြစ်သည်။