စွန်းလွန်းဂူဓမ္မအေးရိပ်သာဆရာတော်

မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များ‎ From Wikipedia, the free encyclopedia

Remove ads

စွန်းလွန်းဂူဓမ္မအေးရိပ်သာဆရာတော် ဘဒ္ဒန္တတိလောကမဟာထေရ်သည် မွန်ပြည်နယ်ရေးမြို့နယ်အစင်ကျေးရွာ နေ ခမည်းတော် ဦးသိန်း၊ မယ်တော် ဒေါ်ကျင်တို့မှ မြန်မာသက္ကရာဇ် ၁၃၁၄ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်၊ စနေနေ့ ( ခရစ်သက္ကရာဇ် ၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်) တွင် မီးရှုးသန့်စင်ဖွားမြင်တော်မူခဲ့သည်။ ငယ်အမည်မှာ “မောင်တင်မောင်” ဖြစ်သည်။

အချက်တိုများ စွန်းလွန်းဂူဓမ္မအေးရိပ်သာဆရာတော်, ဘာသာ ...
Remove ads

ပညာစတင်သင်ကြားခြင်းနှင့် ရှင်သာမဏေပြုခြင်း

ဆရာတော်လောင်းလျာသည် အသက် ၇ နှစ်အရွယ်တွင် အစင်ကျေးရွာ၊ ရတနာဗိမာန်ကျောင်းတိုက်ဆရာတော်ထံ၌ ဘာသာရေးစာပေများကို အခြေခံမှစ၍ သင်ယူခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၂၇ ခုနှစ်၊ ကဆုန်လဆန် ၇ ရက်နေ့တွင် မိဘနှစ်ပါး၏ပစ္စယာနုဂ္ဂဟကို ခံယူပြီး အစင်ကျေးရွာ၊ ရတနာဗိမာန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမာလင်္ကာရကို ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။

ပရိယတ္တိစာပေများ သင်ယူခြင်း

ရှင်သာမဏေအဖြစ်သို့ ရောက်ရှိပြီးနောက် ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၊ ရတနာဗိမာန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမာလင်္ကာရထံမှ မူလတန်းပရိယတ္တိစာပေများကို စတင်သင်ယူခဲ့သည်။ ထို့နောက် မုဒုံမြို့ ဂျုံးဂျုံးကျ တောရပရိယတ္တိစာသင်တိုက်၊ သထုံမြို့ သာသနာဝဎ္တိစာသင်တိုက်၊ ခရမ်းမြို့ ကိုင်းကုန်းပါဠိတက္ကသိုလ်၊ ရန်ကုန်မြို့ အောင်မင်္ဂလာတိုက်သစ်၊ ကမ္ဘာအေး(ရေကူး) သံဃတက္ကသိုလ်၊ မန္တလေးမြို့ တောင်ပြင်ထီးလင်းတိုက်တို့တွင် ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ဓမ္မာစရိယ(စာချတန်း)နှင့် နိကာယ်ငါးရပ် စသော ပရိယတ္တိစာပေများကို လေ့လာဆည်းပူး သင်ယူခဲ့သည်။ ဆရာတော်သည် အစိုးရ(ငယ်-လတ်-ကြီး)တန်းကို ခရမ်းမြို့၊ ပါဠိပထမပြန်စာဖြေဌာနမှ အောင်မြင်ခဲ့ပြီး အဘိဓမ္မာ စာမေးပွဲသုံးဆင့်လုံးကို ဒုတိယအဆင့်ဖြင့် တနင်္သာရီတိုင်းမှ အောင်မြင်ခဲ့သည်။ အမျိုးသားအဆင့်စာမေးပွဲ(ငယ်-လတ်-ကြီး)တန်း၊ ဓမ္မာစရိယ(စာချတန်း)အပြင် သံဃတက္ကသိုလ်(ကမ္ဘာအေး-ရေကူး)မှ အခြေခံပညာအထက်တန်းကို အောင်မြင်ခဲ့သည်။

Remove ads

ရဟန်းအဖြစ်သို့ ရောက်ရှိခြင်း

ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၃၃၄ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၊ ရတနာဗိမာန်ကျောင်းတိုက် ခဏ္ဍသိမ်တော်တွင် ဆရာတော် ဘဒ္ဒန္တဝါယမာလင်္ကာရကို ဥပဇ္ဈာယ်ပြုကာ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ပရိယတ္တိ သာသနာ့ဝန်ဆောင်တော်မူခြင်း

ဆရာတော်သည် ရဟန်းဝါတော် ၇ ဝါမှစ၍ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၊ ဓမ္မဃောသကကျောင်းတိုက်တွင် ရှင်သာမဏေများကို အခြေခံစာပေမှစ၍ ငယ်-လတ်-ကြီးတန်းစာပေများ ပို့ချခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်လှစ်၍ မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးသော ကလေးများကို စာပေပညာသင်ကြားပေးခြင်း၊ ဝါတွင်းကာလနှင့် နွေရာသီတို့တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ၊ အခြေခံဝိပဿနာတရားစခန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်တော်မူခဲ့သည်။ ထို့ပြင် ပေါင်မြို့နယ်၊ ဇင်းကျိုက်တောင်ခြေရှိ စွန်းလွန်းဂူဓမ္မအေး ရိပ်သာတွင် ပရိယတ္တိစာသင်တိုက်တည်ထောင်တော်မူပြီး ပရိယတ္တိစာပေများ ပို့ချလျက်ရှိသည်။

Remove ads

ပဋိပတ္တိ သာသနာ့ဝန်ဆောင်တော်မူခြင်း

ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၃၅၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံအဝှမ်းရှိ ဝိပဿနာကမ္မဌာန်းနည်းများကို လေ့လာဆည်းပူးအားထုတ်တော်မူခဲ့ရာမှ မြင်းခြံမြို့၊ စွန်းလွန်းဆရာတော်၏ စွန်းလွန်းဝိပဿနာကမ္မဌာန်းနည်းကို ကိုယ်တိုင်လေ့လာဆည်းပူး၍ အားထုတ်တော်မူခဲ့သည်။ ထို့နောက် ဒါယိကာ၊ ဒါယိကာမများကို ဤဝိပဿနာနည်း အတိုင်း နည်းပေးလမ်းပြတော်မူခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၅၈ ခုနှစ်မှစတင်ကာ ရေးမြို့နယ်၊ အစင်စံပြကျေးရွာရှိ ဓမ္မဃောသကကျောင်းတိုက်ကို စွန်းလွန်းဂူဓမ္မအေးရိပ်သာ (ပင်မရိပ်သာ)အဖြစ် သမုတိပြုကာ နေ့စဉ် အချိန်ပိုင်း တရားစခန်းများ၊ လစဉ် ၁၀ ရက် တရားစခန်းများဖွင့်လှစ်ပြီး စွန်းလွန်းဆရာတော်ဘုရားကြီး၏ ဥပနိဿယနှင့်အညီ ဟောပြောပြသလမ်းပြတော်မူလျက် ရှိသည်။ ဆရာတော်သည် စွန်းလွန်းဝိပဿနာကမ္မဌာန်းနည်းများကို အခြေပြု၍ အနယ်နယ်အရပ်ရပ်ရှိ တပည့်သာဝကများ၊ ဒါယိကာ၊ ဒါယိကာမများ အားထုတ်နိုင်ရန် ရည်ရွယ်၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်ုတိုင်းဒေသကြီးတို့တွင် စွန်းလွန်းဂူဓမ္မအေးရိပ်သာ (ကမ္မဌာန်းတိုက်ခွဲ) ၁၂ ခုကို တိုးချဲ့တည်ထောင်တော်မူခဲ့သည့်အပြင် မလေးရှားနိုင်ငံ၊ ကွာလာစလန်းကောပြည်နယ်၊ စကင်းချမ်းမြို့တွင် လည်း ပြည်ပရိပ်သာအနေဖြင့် ဖွင့်လှစ်တည်ထောင်တော်မူခဲ့သည်။ ဆရာတော်၏ ပင်မရိပ်သာနှင့် ပြည်တွင်း ရိပ်သာခွဲများတွင် အချိန်ပိုင်းအားထုတ်သူ ယောဂီ တစ်နှစ်လျှင် ပျှမ်းမျှ ၄၀၀၀၀ ဦးခန့်နှင့် လစဉ် ၁၀ ရက်စခန်း၌ ဝင်ရောက်အားထုတ်သူ ယောဂီ တစ်နှစ်လျှင် ၃၅၀၀ ဦးခန့် အားထုတ်လေ့ရှိပြီး မလေးရှားနိုင်ငံရှိ ပြည်ပရိပ်သာတွင် လည်း တစ်နှစ်လျှင် တစ်ကြိမ် ၇ ရက် တရားစခန်း ဖွင့်လှစ်ခဲ့ရာ ပြည်ပရောက်မြန်မာနိုင်ငံသား တစ်ကြိမ်လျှင် ပျှမ်းမျှ တစ်ရာကျော် နှစ်စဉ် ဝင်ရောက်အားထုတ်လေ့ရှိသည်။

Remove ads

သဒ္ဓမ္မတရားပြန့်ပွားတော်မူစေခြင်းနှင့် သံဃဝန်ကိုဆောင်တော်မူခြင်း

ဆရာတော်သည် မင်္ဂလာအခြေပြုကျမ်းနှင့် ယောဂီလက်စွဲကျမ်းတို့ကို ပြုစုရေးသားတော်မူခဲ့ပြီး သာသနာပြုစဉ်ကာလအတွင်း အခြားဘာသာမှ ထေရဝါဒဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းကိစ္စများကိုလည်း ဆောင်ရွက်ပေးတော်မူခဲ့သည်။ ဆရာတော်သည် အစင်ကျေးရွာ၊ ဓမ္မဃောသကကျောင်းတိုက်ရှိ တောင်တန်းပေါ်တွင် ဆံတော်ရှင် ပြည်တော်အေး ဓာတ်ပေါင်းစုစေတီကိုလည်းကောင်း၊ နဂါးရုံဘုရားကြီးကိုလည်းကောင်း၊ ကျေးဇူးတော်ရှင် စွန်းလွန်းဆရာတော် ဘုရားကြီး၏ ဂုဏ်ကျေးဇူးတော်ကို ရည်မှန်း၍ မော်လမြိုင်မြို့၊ ပေါင်မြို့ ဇင်းကျိုက်တောင်၊ ရေးမြို့နယ် ဆိပ်ကလေး ကျေးရွာရှိ စွန်းလွန်းဂူဓမ္မအေးရိပ်သာအသီးသီးတွင် စော-စံ-သ ဘွဲ့တော်အမည်ဖြင့် စေတီပုထိုးများကို တည်ထား ကိုးကွယ်တော်မူခဲ့သည်။ ထို့ပြင် နှစ်စဉ် ပွင့်လင်းကာလရာသီ၌ ရှင်အပါး ၁၀၀ ရဟန်းခံရှင်ပြုပွဲများကို ပြုလုပ်ပေးလျက် ရှိရာ ယနေ့အထိ ရှင်ရဟန်း ၂၀၀၀ ကျော်၊ မလေးရှားနိုင်ငံတွင် ဒုလ္လဘရဟန်း ၇၅၀ ကျော်ကို သာသနာ့ဘောင်သို့ ဒုလ္လဘအားဖြင့် တက်လှမ်းစေခဲ့ပြီး ဝိပဿနာကမ္မဌာန်းများကို နည်းပေးလမ်းပြ အားထုတ်တော် မူစေခဲ့သည်။ ဆရာတော်သည် မြို့နယ်အဆင့်နှင့် ပြည်နယ်အဆင့်ဝိနည်းဓိုရ်ဆရာတော်အဖြစ် ပထမအကြိမ်သက်တမ်းမှ ပဉ္စမအကြိမ်သက်တမ်းအထိ ဆောင်ရွက်တော်မူခဲ့သည်။ ၁၃၇၁ ခုနှစ်မှ ယနေ့အထိ မွန်ပြည်နယ်သံဃနာယကအဖွဲ့ (မဟာဒွါရ)ဥက္ကဋ္ဌဆရာတော်အဖြစ် သာသနာ့ဝန်ကို ထမ်းဆောင်တော်မူလျက်ရှိသည်။

Remove ads

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ခံယူရရှိတော်မူခြင်း

ဆရာတော်သည် သာ့သနာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်တော်မူခဲ့သဖြင့် နိုင်ငံတော်အစိုးရမှ ၂၀၀၆ ခုနှစ်တွင် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ၂၀၁၇ ခုနှစ်တွင် မဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်၊ ၂၀၂၀ ပြည့်နှစ်တွင် အဂ္ဂမဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်အသီးသီးကို ဆပ်ကပ်လှူဒါန်းခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads