ဇာတက
ဂေါတမဘုရား၏ အတိတ်ဘဝအကြောင်းအရာများ From Wikipedia, the free encyclopedia
Remove ads
ဇာတကပါဠိတော်သည်လည်း ဓမ္မပဒပါဠိတော်ကဲ့သို့ပင် ပါဠိတော်သက်သက် လေ့လာသည်ထက် အဖွင့်ကျမ်း (အဋ္ဌကထာ) နှင့်ပါ တွဲဖက်လေ့လာမှ ပိုမိုပြည့်စုံနိုင်ပေမည်။ ဇာတ်တော်ပေါင်း (၅၄၇) ဇာတ်ကို ဖွင့်ဆိုရာ အဖွင့်ကျမ်းတွင် အတွဲ (၇) တွဲအထိ ရှိသည်။ ဇာတ်တော်များကို ဗုဒ္ဓဘာသာဝင် မိသားစုများတွင် လူကြီးသူမများက ကလေးငယ်များအား စာရိတ္တပြုပြင်ရေးပုံပြင်လက်စွဲအဖြစ် အသုံးပြုလေ့ရှိပြီး “ငါးရာ့ငါးဆယ်၊ နိပါတ်တော်များ” စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိသည်။ ဤကျမ်းသည် သာမန်လူများပင် အသိများ နှစ်ခြိုက်သလောက် ပညာရှင်များအနေဖြင့်လည်း စာပေရှုထောင့်မှ ကြည့်လျှင်မူ သုတေသနပြု၍ ကုန်ဖွယ်မရှိသော လေ့လာစရာများနှင့် ပြည့်နှက်နေသည်။ တစ်နည်းအားဖြင့် ယဉ်ကျေးမှု ကြွယ်ဝခဲ့သော အိန္ဒိယနိုင်ငံ၏ စာပေသမိုင်းကြောင်းကို အသံတိတ် ပြောပြနေသကဲ့သို့ ရှိပါသည်။
အဖွင့်ကျမ်းသည် များပြားကျယ်ဝန်းလှသော်လည်း ဖွဲ့စည်းပုံအနေဖြင့်မူ ပုံသေနည်းများ ရှိသည်။
(က) ပစ္စုပ္ပန်ဝတ္ထု (ဇာတ်တော်ကိုဟောရခြင်း၏ နောက်ခံအဖြစ်အပျက်နိဒါန်း)
(ခ) အတိတ်ပြန်ဆောင်ဝတ္ထု (အတိတ်တစ်ချိန်ဘဝက ဘုရားလောင်းပါဝင် ဖြစ်ပျက်ခဲ့ပုံ ဇာတ်စာကိုယ်)
(ဂ) ဇာတ်ပေါင်းခန်း (မည်သူက မည်သူဖြစ်ခဲ့ပုံ နိဂုံးချုပ်)
ဤနည်းဖြင့် ဇာတ်တော်များကို ဖွဲ့စည်းဖွင့်ဆိုထားသည်။ ပါဠိတော်ကျမ်းများကို ဖွင့်ဆိုခဲ့သော အဖွင့်ကျမ်းအသီးသီးတွင် ဤဇာတကအဋ္ဌကထာကျမ်းကြီးနှင့် ဓမ္မပဒအဋ္ဌကထာကျမ်းတို့မှာ ဘာသာပြန်ဆိုခြင်းအခံရဆုံးနှင့် လူသိအများဆုံး ကျမ်းများလည်း ဖြစ်သည်။ အချို့ပညာရှင်များက ဇာတ်တော်များသည် ဗုဒ္ဓစာပေအတွက်သာ အကျိုးများသည်မဟုတ်၊ ကမ္ဘာ့စာပေအတွက်ပါ အကျိုးများကြောင်း မှတ်ချက်ပေးကြသည်။ ဇာတ်တော်များအကြောင်းနှင့် ဇာတ်တော်များကို ဟောရခြင်း၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသဘောမပေါက်သော အချို့မိုက်မဲသူများက ယုတ္တိယုတ္တာမရှိသော စာပေများအဖြစ် အထင်အမြင်သေးခြင်းသည် များစွာ မိုက်မဲရာကျကြောင်း ကျွန်ုပ်တို့အနေဖြင့်လည်း မှတ်ချက်ပြုရပေမည်။ အဘယ့်ကြောင့်ဆိုသော် ကလေးငယ်များ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် ကိုယ်ကျင့်တရား ပြုပြင်ရေးကိစ္စများမှအစ ပိဋကတ်တော်များမှ ခက်ခဲနက်နဲသော သဘောတရားများကို ရှင်းပြရာတွင် ဓမ္မကထိကများ၊ ဗုဒ္ဓစာပေပညာရှင်များကိုယ်တိုင် လက်မလွှတ်နိုင်ကြသေးသောကြောင့် ဖြစ်ပါသည်။[၁]
Remove ads
ဗုဒ္ဓဘာသာတို့တွင် နုမှာငါးရာ ရင့်မာတကျိပ်-ဟု ဆိုရိုးစကားတခုရှိသည်။ အဓိပ္ပာယ်မှာ ဘုရားအလောင်းတော်၏ ပါရမီတော်များ၊ ဖြည့်ကျင့်တော်မူနေစဉ် ပါရမီတော်နုစဉ်ဘဝ အဖြစ်တော်စဉ်များနှင့် ဘုရားဖြစ်ခါနီး ပါရမီတော်များ ရင့်ကျက်ချိန် အဖြစ်တော်စဉ်ဘဝများကို မှတ်သားသိရှိကြစေရန် ဆိုရိုးစကားပြုခဲ့ကြခြင်း ဖြစ်သည်။ ဘုရားရှင်သည် ပါရမီတော်များ ပြည့်ကာ သဗ္ဗညုတရွှေဉာဏ်တော်ရပြီး ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသောအခါ ဘုရားအလောင်းတော် ဘဝတုန်းက အဖြစ်တော်စဉ်များကို အကြောင်းအားလျော်စွာ တပည့်သာဝက စသည်တို့အား ပြန်လည်၍ ဟောကြားတော်မူခဲ့သည်။ ဘုရားရှင် ပြန်လည်ဟောဖော်ခဲ့သော အတိတ်အလောင်းလျာ ဘဝအဖြစ်တော်စဉ်များကို ဇာတက အမည်ဖြင့် ပိဋကတော်တွင် ကျမ်းတစောင်ရှိသည်။
Remove ads
ဇာတကကျမ်း၌ ဝတ္ထုပေါင်း ၅၄၇-ပုဒ၊ ကဏ္ဍပေါင်း ၁၁-ခုရှိသည်။
ပထမကဏ္ဍကို ဧကကနိပါတ (ဧကကနိပါတ်) ဟုခေါ်သည်။ ဂါထာတပုဒ်သာ ပါရှိသောကြောင့် ဧကနိပတ်ဟုခေါ်ခြင်း ဖြစ်သည်။
ဂါထာနှစ်ပုဒါပါသည်ကို ဒုကနိပါတ်၊ သုံးပုဒ်ပါသည်ကို တိကနိပါတ်၊ လေးပုဒ်ပါသည်ကို စတုက္ကနိပါတ်၊ ငါးပုဒ်ပါသည်ကို ပဉ္စကနိပါတ်၊ ခြောက်ပုဒ်ပါသည်ကို ဆက္ကနိပါတ်၊ စသည်ဖြင့် ဂါထာအရေအတွက်အလိုက် အမည်ပေးထားသည်။
ဧကနိပါတ်တွင် ဇာတက (ဝတ္ထု) ၁၅၀-ပါရှိသည်။
ဒုကနိပါတ်၌ ၁၀ဝ။
တိကနိပါတ်၌ ၅၀။
စတုက္ကနိပါတ်၌ ၅၀။
ပဉ္စကနိပါတ်၌ ၂၅။
ဆက္ကနိပါတ်၌ ၂၀။
သတ္တကနိပါတ်၌ ၂၁။
အဋ္ဌကနိပါတ်၌ ၁၀။
နဝကနိပါတ်၌ ၁၂။
ဒသကနိပါတ်၌ ၁၆။
ဧကာဒသကနိပါတ်၌ ၉။
ဒွါဒသကနိပါတ်၌ ၁၀။
တေရသကနိပါတ်၌ ၁၀။
ပကိဏ္ဏကနိပါတ်၌ ၁၃။
ဝီသတိနိပါတ်၌ ၁၄။
တိံသနိပါတ်၌ ၁၀။
စတ္တာလီသနိပါတ်၌ ၅။
ပဏ္ဏာသနိပါတ်၌ ၃။
သဋ္ဌိနိပါတ်၌ ၂။
သတ္တတိနိပါတ်၌ ၂။
အသီတိနိပါတ်၌ ၅။
မဟာနိပါတ်၌ ၁၀-ပါရှိသည်။
စုစုပေါင်း ဇာတက ၅၄၇ ဖြစ်သည်။
ထို ၅၄၇-ဘဝတွင် နုစဉ်ဘဝပေါင်း ၅၃၇-ဘဝနှင့် အရင့်အမာဘဝ ၁၀-ဘဝ ပါဝင်သည်။ ဤသည်တို့ကိုပင် စုပေါင်းကာ မှတ်သားရ လွယ်ကူစေခြင်းငှာ နုမာငါးရာ ရင့်မှာတကျိပ်-ဟု ပြောစမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။ အမှန်အားဖြင့် ဇာတ်တော်ငါးရာ့ငါးဆယ် မပြည့်ဘဲ ၅၄၇-သာရှိသည်။ ထိုဇာတ်တော်များသည် မြန်မာမှုနယ်ပယ်၌ ဇာတ်တော် ၅၅၀-နှင့် ဇာတ်တော်ကြီး ၁၀-ဘွဲ့ဟု ထင်ရှားသည်။
တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။
ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံနှင့် ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ-
၁။ (တေ) တေမိယဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊
၂။ (ဇ) မဟာဇနကဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊
၃။ (သု) သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊
၄။ (နေ) နေမိဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ဝါဆိုလ၊
၅။ (မ) မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊
၆။ (ဘူ) ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊
၇။ (စန်) စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊
၈။ (နာ) နာရဒဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊
၉။ (ဝိ) ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ဝါခေါင်လ၊
၁၀။ (ဝေ) ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads