တပ်ကုန်းမြို့နယ်
မြန်မာနိုင်ငံ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ မြို့နယ် From Wikipedia, the free encyclopedia
Remove ads
တပ်ကုန်းမြို့နယ် (/'tæt koʊn/) သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တပ်ကုန်းမြို့နယ်ရှိ လူဦးရေမှာ ၂၁၇,၀၉၃ ယောက်[၁][၂] ဖြစ်ပြီး ရုံးစိုက်ရာမြို့မှာ တပ်ကုန်းမြို့ ဖြစ်သည်။
တပ်ကုန်းမြို့နယ်အား ၁၉၅၇ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး ဦးဗဆွေ ကြွရောက်၍ မြို့နယ်ဖွင့်ပွဲ ကျင်းပခဲ့ပြီး ပြည်ထဲရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာနခွဲ၏ (၅-၇-၁၉၆၀)နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၇၃)ဖြင့် တရားဝင်မြို့နယ်အဖြစ် အသိအမှတ်ပြုခဲ့သည်။ [၃]
Remove ads
နောက်ခံသမိုင်း
တပ်ကုန်းမြို့နယ်တဝိုက် ဧရိယာများသည် ပျူခေတ်ကတည်းက အခြေချနေထိုင်မှုများရှိခဲ့သည်ဟု ယူဆကြသည်။ အထူးသဖြင့် ညောင်ကိုင်းကျေးရွာအနီးတွင် ရှေးမြို့ဟောင်းရာနှင့် ပျူသင်္ချိုင်းရာများ တွေ့ရှိထားသည်။[၄][၅]
ပုဂံခေတ် အနော်ရထာ၏ နယ်ခြား(၄၃)မြို့တည်ရာတွင် တပ်ကုန်းမြို့နယ်မှ ရွှေမြို့သည် တစ်ခုအပါအဝင် ဖြစ်လာသည်။[၆]
ကနဦး ရမည်းသင်းစား၏ အုပ်ချုပ်မှုအောက်တွင် ရှိနေရာမှ သက္ကရာဇ် ၈၄၇ ခုနှစ် တောင်ငူကို မင်းကြီးညို ဆက်ခံသောအခါ ညောင်လွန့်နယ်အထိ တောင်ငူပိုင်နက်အတွင်းသို့ ရောက်လာခဲ့သည်။ တပ်ကုန်းမြို့နယ်အတွင်းမှ ရွှေမြို့နှင့် ကင်းသာတို့သည် တောင်ငူ(၅၂)မြို့တွင် ပါဝင်လာသည်။[၇]
၁၈၅၂ ခုနှစ်၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် ရေနီအထိ အင်္ဂလိပ်တို့သိမ်းယူခြင်း ခံရပြီး တပ်ကုန်းမြို့နယ်ဧရိယာများသည် မြန်မာဘုရင်အုပ်ချုပ်မှုအောက်တွင် ကျန်ရှိပြီး ရမည်းသင်းနယ် အုပ်ချုပ်မှုအောက်သို့ ပြန်ရောက်သည်။[၇]
ယနေ့ခေတ်တပ်ကုန်းနယ်ဧရိယာများသည် ကိုလိုနီခေတ်တွင် အရှေ့ပိုင်းတိုင်း(Eastern Division)၊ ပျဉ်းမနားခရိုင်အောက် ပေါင်းလောင်းမြို့နယ်၊ တောင်ညိုမြို့နယ်နှင့် ရမည်းသင်းခရိုင်အောက် ရမည်းသင်းမြို့နယ်များတွင် ပါဝင်သည်။ ယေဘုယျအားဖြင့် ဆင်သေချောင်း၏ မြောက်ပိုင်းနယ်များသည် ရမည်းသင်းခရိုင်တွင် ပါဝင်ပြီး ဆင်သေချောင်း၏တောင်ပိုင်းနယ်များသည် ပျဉ်းမနားခရိုင်တွင် ပါဝင်သည်။[၈] ကိုလိုနီခေတ် ၁၉၀၀ ပြည့်နှစ်တွင် ညောင်ကိုင်းကျေးရွာ၌ ရဲစခန်းစတင်ဖွင့်လှစ်ပြီး ညောင်လွန့်-တဲမြင့်-ဆည်တို-ကျောင်းကုန်း-ကင်းသာ-မကျီးကုန်း-ဒွက်ကျော်-မြောက်မြိုက်အတွင်း နယ်များကို အုပ်ချုပ်သည်။ ယင်းသည် နောင်အခါ တပ်ကုန်းမြို့နယ်ဖြစ်လာမည့် နယ်နိမိတ်၏အစ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဂျပန်ခေတ်တွင် အဆိုပါရဲစခန်းကို ညောင်ကိုင်းမှ တပ်ကုန်းသို့ ပြောင်းရွှေ့ခဲ့သည်။[၄]
လွတ်လပ်ရေးရပြီးနောက် ၁၉၅၇ ခုနှစ်တွင် မြို့နယ်ဖွင့်ပွဲကို ကျင်းပခဲ့ပြီး ၁၉၆၀ တွင် ပြည်ထဲရေးဌာန၏ တရားဝင်အမိန့်ကြေညာချက်ဖြင့် တရားဝင်မြို့နယ်ဖြစ်လာသည်။ ထိုအချိန်က တပ်ကုန်းမြို့နယ်ကို တပ်ကုန်းမြို့အပြင် ရွှေမြို့မြို့နယ်ခွဲနှင့် အိုင့်ကျယ်မြို့နယ်ခွဲတို့ဖြင့် ဖွဲ့စည်းခဲ့သည်။[၄]
ထို့နောက် ခေတ်အဆက်ဆက် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်အတွင်းရှိ မြို့နယ်အဖြစ်ရှိရာမှ ၂၀၀၆ခုနှစ် နေပြည်တော်တည်ရန် ပျဉ်းမနားခရိုင်ဖွဲ့စည်းသည့်အခါ ပျဉ်းမနားခရိုင်အတွင်းသို့ ရောက်ရှိသည်။ နေပြည်တော်၏ သီရိ(၅)မြို့နယ်အသစ်ဖွဲ့စည်းသည့်အခါ တပ်ကုန်းမြို့နယ်မှ နန်းဩ၊ ခေတ်အေး၊ ကျောက်ဖြာ၊ ဝဲကြီး၊ ဖြုတ်ခွဲ၊ ပုဇွန်ဆိတ်၊ ညောင်လူး၊ တက်ရှိန်း၊ စသည့် တောင်ဘက်ပိုင်း ကျေးရွာအုပ်စုများ ပါဝင်သွားသည်။[၉] ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်တွင်ပါဝင်သောမြို့နယ် ဖြစ်လာသည်။[၁၀]
Remove ads
ပထဝီအနေအထား
တပ်ကုန်းမြို့နယ်သည် အရှေ့ဘက် ရှမ်းရိုးမတောင်တန်းနှင့် အနောက်ဘက် ပဲခူးရိုးမတောင်တန်းကြားတွင် တည်ရှိပြီး မြို့နယ်၏ ၂၀%ခန့်သာ ညီညာပြန့်ပြူးကာ ကျန်ဧရိယာများမှာ သစ်တောများနှင့် လျှိုမြောင်များဖြစ်ကြသည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၄၅၀ပေ မှ ၆၂၅၂ပေ အထိ ရှိသည်။ အမြင့်ပေ ၆၂၅၂ပေရှိ ပြင်ကျယ်တောင်သည် တပ်ကုန်းမြို့နယ်၏အမြင့်ဆုံးတောင်ထိပ်ဖြစ်ပြီး တပ်ကုန်းမြို့နယ်နှင့် ပင်လောင်းမြို့နယ်၏ နယ်နမိတ်လည်း ဖြစ်သည်။[၁၁]
စစ်တောင်းမြစ်၏ မြစ်ဖျားခံရာ ဆင်သေချောင်းနှင့် နဝင်းချောင်းတို့သည် တပ်ကုန်းမြို့နယ်၏ အဓိက ရေဝေချောင်းများ ဖြစ်ပြီး မြောက်မှတောင်သို့ စီးဆင်းသည်။ နဝင်းချောင်းသည် မြို့နယ်ကို မြောက်မှတောင်သို့ အလယ်တည့်တည့်မှ ဖြတ်သန်းစီးဆင်းပြီး ချောင်းဝှမ်းတလျှောက်သည် မြို့နယ်၏ အဓိကမြေပြန့်လွင်ပြင်ဒေသဖြစ်သည်။ ဇီးကုန်း(အဆုံ)ကျေးရွာအနီးတွင် ဆင်သေချောင်းအတွင်းသို့ စီးဝင်ကာ ဆင်သေချောင်းအဖြစ် တောင်ဘက်သို့ ဆက်လက်စီးဆင်းသည်။ အခြားထင်ရှားသော ချောင်းများမှာ ညောင်ကိုင်းချောင်း၊ မုန်ချောင်း၊ ကင်းသာချောင်း နှင့် မြို့လှချောင်းတို့ ဖြစ်သည်။[၁၁]
Remove ads
နယ်နိမိတ်နှင့်အကျယ်အဝန်း
မြောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်နှင့် တောင်ဘက်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မြို့နယ်အကျယ်အဝန်းမှာ ၆၉၅.၈၈ စတုန်ရန်းမိုင် ရှိပြီး အကျယ်ဆုံးနေရာများတွင် အရှေ့-အနောက် ၄၆မိုင် ၃ဖာလုံခန့်၊ တောင်-မြောက် ၁၈မိုင်၅ဖာလုံခန့် ရှိပါသည်။ [၁၂]
ရာသီဥတု
တပ်ကုန်းမြို့နယ်သည် ပူပြင်းခြောက်သွေ့သောဒေသနှင့် ပူနွေးစွတ်စိုသောဒေသအကြားတွင် တည်ရှိသည်။ ဇန်နဝါရီလသည် အအေးဆုံးလဖြစ်ပြီး မေလတွင် အပူဆုံးဖြစ်လေ့ရှိသည်။ မိုးရွာသွန်းမှုမှာ ဖေဖော်ဝါရီလတွင် အနည်းဆုံးဖြစ်ပြီး အောက်တိုဘာလတွင် အများဆုံးဖြစ်သည်။
သစ်တောများ
တပ်ကုန်းမြို့နယ်အတွင်း ကြိုးဝိုင်း၊ ကြိုးပြင် သစ်တောဧရိယာ စုစုပေါင်း ဧက ၁၇၇,၁၄၃ ရှိသည်။ မြို့နယ်ဧရိယာစုစုပေါင်း၏ ၄၀ရာခိုင်နှုန်းခန့်ဖြစ်သည်။ မြို့နယ်၏အရှေ့ဘက်ပိုင်း ရှမ်းရိုးမတောင်တန်းများပေါ်တွင် ပြင်ကျယ်၊ နတ်မာ၊ ညောင်ကိုင်း နှင့် ရေဆင်း သစ်တောကြိုးဝိုင်းများရှိပြီး မြို့နယ်၏အနောက်ဘက်ပိုင်း ပဲခူးရိုးမကုန်းတန်းများပေါ်တွင် အထက်ဆင်သေ၊ အောက်ဆင်သေ၊ လွှပုံ၊ တောင်ညို နှင့် ငလိုက်သစ်တောကြိုးဝိုင်းများ ရှိသည်။[၁၁]
Remove ads
အုပ်ချုပ်ရေး
တပ်ကုန်းမြို့နယ်၏ ရုံးစိုက်ရာမြို့မှာ တပ်ကုန်းမြို့ဖြစ်ပြီး ရပ်ကွက် (၆)ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။ ကျေးရွာအုပ်စုပေါင်း (၄၉)ခုရှိရာတွင် ကျေးရွာစုစုပေါင်း (၁၇၆) ရွာ ပါဝင်သည်။ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မြို့နေလူဦးရေ ၄၁၆၈၃ ဦး (၁၉.၂%)ရှိပြီး ကျန် ၈၀.၈% မှာ ကျေးလက်တွင် နေထိုင်သည်။ မြို့နယ်အတွင်း တပ်ကုန်းတစ်မြို့သာ မြို့အနေဖြင့် ရှိသော်လည်း ညောင်လွန့်နှင့် ရွှေမြို့ကျေးရွာများသည် အစဉ်အလာကြီးမားပြီး စည်ကားအချက်အခြာကျသည့် ရွာကြီးများဖြစ်ကြသည်။ [၂]
Remove ads
စီးပွားရေး
မြို့နယ်၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်ပြီး စပါး၊ ပဲ၊ နှမ်း နှင့် သီးနှံများ အဓိကထွက်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောကြောင့် အလွယ်အကူ တင်ပို့ရောင်းချနိုင်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြို့နယ်တွင်း အလုပ်လုပ်သူဦးရေ၏ ၅၀ရာခိုင်နှုန်းခန့်မှာ လယ်ယာနှင့် သစ်တောလုပ်သားများ ဖြစ်ပြီး ၂၀ရာခိုင်နှုန်းခန့်မှာ အခြေခံလုပ်သားများ ဖြစ်ကြသည်။ လယ်ယာနှင့်သစ်တောကဏ္ဍမှ မြို့နယ်အတွင်း အလုပ်အကိုင်ဖန်တီးပေးမှုစုစုပေါင်း၏ ၆၄ ရာခိုင်နှုန်းရှိသည်။[၂]
မြန်မာဘုရင်များလက်ထက်က လယ်တွင်း၊ တောင်တွင်း၊ ချင်းတွင်း၊ ဘော်တွင်းဟူသည့် တွင်းကြီး ၄ တွင်းမှာ စပါးအထွက်ကောင်းလွန်းသဖြင့် အားထားရကြောင်း အဆိုရှိသည်။ ထိုထဲမှ ဘော်တွင်းသည် ယခုတပ်ကုန်းမြို့နယ် နဝင်းချောင်းအရှေ့ဘက်ရှိ ဘော်(အောင်မြေရိပ်သာ)ရွာ ဝန်းကျင်ဒေသများဖြစ်ကြောင်း သိရသည်။[၄]
Remove ads
ယဉ်ကျေးမှု
တပ်ကုန်းမြို့နယ်အတွင်း အဓိကကိုးကွယ်သည့်ဘာသာမှာ ဗုဒ္ဓဘာသာဖြစ်ပြီး အခြား ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာကိုးကွယ်မှု အနည်းငယ်စီ ရှိသည်။ ၂၀၂၀ ခုနှစ်စာရင်းအရ မြို့နယ်အတွင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းပေါင်း ၂၇၅ ကျောင်းနှင့် သီလရှင်ကျောင်း ၁၄ ကျောင်းရှိသည်။ ခရစ်ယာန်ဘုရားကျောင်း ၃ ကျောင်း၊ ဗလီ ၆ ခုနှင့် ဟိန္ဒူဘုရားကျောင်း ၂ ကျောင်း ရှိပါသည်။[၁၂]
ဆယ့်နှစ်ရာသီပွဲတော်များအနက် တပ်ကုန်းမြို့နယ်အတွင်း အထူးတလည်ကျင်းပကျသည့် ပွဲတော်မှာ တန်ဆောင်တိုင်ပွဲဖြစ်သည်။ တန်ဆောင်မုန်းလဆန်း ၁၁ ရက်မှ လပြည့်နေ့အထိ ၅ ရက်တိုင် တပ်ကုန်းမြို့ပေါ်တွင် ကျင်းပသည့် ထိုပွဲတော်ကာလတွင် ဆယ့်နှစ်ပွဲဈေးသည်များ၊ အငြိမ့်နှင့်ဇာတ်သဘင်များ၊ အပျော်တမ်းကစားကွင်းများ၊ အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများဖြင့် စည်စည်ကားကားကျင်းပလေ့ရှိပြီး မြို့နယ်တဝှမ်းမှ အားထားကြသည့် ပွဲတော်ဖြစ်သည်။ မြို့နယ်အတွင်းမှ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ အလှူပဒေသာပင်များ ဆင်ယင်၍ မြို့တွင်းလှည့်လည်ကာ မြို့နယ်သာသနာ့ဗိမာန်သို့ ပို့ဆောင်လှူဒါန်းလေ့ရှိကြသည်။ လှူဒါန်းလာသမျှ ပဒေသာပင်များကို မြို့နယ်တွင်းရှိ ဘုန်းတော်ကြီးကျောင်းများအားလုံးသို့ ပြန်လည်ခွဲဝေလှူဒါန်းသည်။
ယခင်က ဝါဆိုလပြည့်နေ့တွင် ကင်းသာကျေးရွာအနီးရှိ ရွှေကြက်တောင်တက်၍ ဘုရားဖူးကြသည့်အလေ့ရှိခဲ့သော်လည်း နေပြည်တော်စတည်သည့်နောက်ပိုင်း ရွှေကြက်တောင်တဝိုက် ကျောက်ထုတ်စခန်းများ များပြားလာပြီးနောက် အဆိုပါဓလေ့ပျောက်ကွယ်သွားခဲ့သည်။ အခြား ဆယ့်နှရာသီပွဲများဖြစ်သည့် သင်္ကြန်ပွဲ၊ သီတင်းကျွတ်မီးထွန်းပွဲများကို အစဉ်အလာမပျက် ကျင်းပလေ့ရှိကြသည်။
Remove ads
လမ်းပန်းဆက်သွယ်ရေး
ကားလမ်း
တပ်ကုန်းမြို့နယ်သည် ရန်ကုန်-မန္တလေး အမှတ်(၁၂)ပြည်ထောင်စုအဝေးပြေးလမ်းမကြီး မိုင်တိုင်(၂၆၇/၀)မှ (၂၈၈/၅)အတွင်း တည်ရှိပြီး တပ်ကုန်းမြို့သည် ရန်ကုန်မှ မြောက်ဘက် (၂၇၇)မိုင်အကွာ၊ မန္တလေးမှ တောင်ဘက် (၁၅၆)မိုင်အကွာတွင် အဆိုပါအဝေးပြေးလမ်းမကြီးပေါ်တွင်တည်ရှိသည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသည် တပ်ကုန်းမြို့နယ်အတွင်း တပ်ကုန်းမြို့၏အနောက်ဘက် မိုင်(၂၀)ခန့်အကွာမှ ဖြတ်သန်းလျက်ရှိသည်။ အမြန်လမ်းမကြီး မိုင်တိုင် (၂၃၃/၄)ဖာလုံအနီးမှ တပ်ကုန်းမြို့သို့ လမ်းခွဲရှိသည်။[၁၃]
အမှတ် (၂၀) ပြည်ထောင်စုအဝေးပြေးလမ်းဖြစ်သည့် နေပြည်တော်-ပင်လောင်း-လွိုင်ကော်လမ်း သည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအနီးရှိ ကင်းသာလမ်းခွဲမှစတင်ပြီး ပင်လောင်းမြို့အထိ (၆၄)မိုင်ခန့် ရှည်လျားသည်။ နေပြည်တော် - ပအိုဝ်းဒေသမှတဆင့် ကယားပြည်နယ်သို့ဆက်သွယ်ရာတွင် အဓိကအရေးပါဆုံးလမ်းဖြစ်သည်။[၁၃] အမှတ်(၂)ခရိုင်ချင်းဆက်လမ်းသည်လည်း ကင်းသာကျေးရွာအနီးမှစတင်ပြီး မြောက်ဘက် ရွှေမြင်တင်(ရမည်းသင်း)၊ လှိုင်းတက်(သာစည်) တို့ကို ဆက်သွားသည်။ သို့သော် အဆိုပါလမ်းကို လမ်းတလျောက်ရှိ ကျေးရွာများမှအပ အသုံးပြုမှုနည်းပါးသည်။ ကင်းသာမှ ရွှေကြက်တောင်ကို ဖြတ်၍ နေပြည်တော် ဇေယျာသီရိမြို့နယ်စစ်ရုံးများသို့ ဆက်သွယ်ထားသည့်လမ်းသည် အဆိုပါ ခရိုင်ချင်းဆက်လမ်းကို ထပ်မံတိုးချဲ့ထားသည့်လမ်းဟု ဆိုနိုင်သည်။
တပ်ကုန်းမြို့မှ နေပြည်တော် ဥတ္တရသီရိမြို့သို့ တိုက်ရိုက်ဆက်သွယ်ထားသည့် မြို့ရှောင်လမ်းသည် နေပြည်တော်ဗုဒ္ဓဂါယာဘုရားများနှင့် သံလိုက်စက်ကွင်းကြောင့်မြေဆွဲအားဆန့်ကျင်သည်ဟု ဆိုကြသည့်နေရာများကြောင့် လူသိများသည်။ တပ်ကုန်းမြို့မှ နေပြည်တော် ပုဗ္ဗသီရိမြို့သို့ တိုက်ရိုက်ဆက်သွယ်ထားသောလမ်းလည်းရှိသည်။
မီးရထားလမ်း
ရန်ကုန်-တောင်ငူ-မန္တလေး မီးရထားလမ်း၏ တပ်ကုန်းမြို့နယ်အတွင်းရှိလမ်းပိုင်းများသည် ကိုလိုနီခေတ်၊ ၁၈၈၈-၈၉ခုနှစ်ကတည်းက ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်း ၁၄.၇၅မိုင်ခန့် ဖြတ်သန်းသည်။ တပ်ကုန်းမြို့တွင် အဓိကဘူတာရုံတစ်ခုနှင့် ညောင်လွန့်၊ မကျီးပင်၊ ဆင်သေ၊ ရွှေမြို့ကျေးရွာများတွင် ဘူတာရုံငယ် (၄)ခုရှိသည်။ တပ်ကုန်းဘူတာသည် ရမည်းသင်းမြို့မှ ၂၀ မိုင်၊ ပျဉ်းမနားမြို့မှ ၂၄မိုင် ကွာဝေးသည်။ ရှေးအခါက ညောင်လွန့်ကျေးရွာမှ အရှေ့ဘက် နတ်တောင်ရှိကျောက်မိုင်းများသို့ ဆက်သွယ်ထားသည့် ၇ မိုင်ခန့်အရှည်ရှိသည့် ကုန်ရထားလမ်းတိုမှာ ယခုအခါ ညောင်လွန့်ကျေးရွာမှ အမှတ်(၂)ခရိုင်ချင်းဆက်လမ်းသို့ ဆက်သွယ်ထားသည့် ကားလမ်းဖြစ်သွားပြီ ဖြစ်သည်။ တပ်ကုန်းမြို့မှ ပင်လောင်းမြို့သို့ ဆက်သွယ်သည့် မီးရထားလမ်းကို ၂၀၁၀ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း စီမံကိန်းတစ်ဝက်တပျက်နှင့် ပြန်လည်ရုပ်သိမ်းခဲ့သည်။[၁၂][၄]
Remove ads
အခြားအရေးကြီးအခြေခံအဆောက်အအုံများ
တံတားများ
ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမပေါ်ရှိ အဆုံတံတားနှင့် ရန်ကုန်-မန္တလေးမီးရထားလမ်းပေါ်ရှိ ဆင်သေတံတားတို့သည် တပ်ကုန်းမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေးအတွက် အရေးအကြီးဆုံးတံတားများဖြစ်သည်။
လျှပ်စစ်မီး
မြို့နယ်အတွင်းရှိ ကျေးရွာစုစုပေါင်း ၁၇၆ ရွာအနက် ၁၂၂ ရွာသည် မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးသွယ်တန်းရရှိထားပြီး ၂၈ ရွာသည် ဆိုလာမီးပေးစနစ်မှ ရရှိထားရာ လျှပ်စစ်မီးမရသေးသည့်ကျေးရွာပေါင်း ၂၆ ရွာ ရှိသည်။ မြို့နယ်အတွက် လျှပ်စစ်ကို ရွှေမြို့ပင်မဓာတ်အားခွဲရုံမှ အဓိကပို့လွှတ်ပြီး ငွေတောင်ဓာတ်အားခွဲရုံ၊ ဥသျှစ်ကုန်းဓာတ်အားခွဲရုံနှင့် သရက်တောဓာတ်အားခွဲရုံများမှတဆင့် ဖြန့်ဖြူးသည်။[၁၂]
ဆည်များ
မြို့နယ်အတွင်းရှိ အဓိကတာတမံများမှာ ဆင်သေရေလှောင်တမံနှင့် ဆင်သေရေလွှဲဆည်၊ ကင်းသာရေလှောင်တမံ၊ မြို့လှရေလှောင်တမံနှင့် မုန်ရေထိန်းတမံတို့ ဖြစ်သည်။ ဆင်သေရေလှောင်တမံနှင့် ရေလွှဲဆည်သည် မြို့နယ်တွင်း စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိကအားထားရာဖြစ်ပြီး နဝင်းချောင်း အနောက်ဘက်ခြမ်းရှိ စိုက်ပျိုးမြေများအား ရေပေးဝေသည်။ နဝင်းချောင်းအရှေ့ဘက်ခြမ်းဧရိယာများကို ကင်းသာရေလှောင်တမံ၊ မုန်ရေထိန်းတမံတို့အပြင် အုန်းပင်ကျေးရွာအနီးရှိ လယ်ငယ်ချောင်းမှ ရေလွှဲသည့် ပွဲစားရေလွှဲဆည်နှင့် ညောင်ကိုင်းကျေးရွာအနီး ညောင်ကိုင်းချောင်းမှရေလွှဲသည့် ညောင်ကိုင်းရေလွှဲဆည်တို့မှ စိုက်ပျိုးရေပေးဝေသည်။ [၁၄]
Remove ads
ပညာရေး
၂၀၂၀ ခုနှစ်စာရင်းအရ တပ်ကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများအနေဖြင့် အထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၄ ကျောင်း၊ အလယ်တန်းကျောင်း ၁၅ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၈ ကျောင်း၊ မူလတန်းကျောင်း ၆၁ ကျောင်း နှင့် မူလတန်းလွန်ကျောင်း ၃၉ ကျောင်း ရှိသည်။ ထို့ပြင် ရွှေမြို့၊ ကျောက်စရစ်ကုန်း၊ သဖန်းချောင်း နှင့် ဥသျှစ်ကုန်းကျေးရွာများတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရှိသည်။ [၁၂] တပ်ကုန်းမြို့ပေါ်တွင် အထက ၂ ကျောင်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (၁) နှင့် မြန်မာ့အသံ တို့တွင် အထက ၁ ကျောင်းစီနှင့် ကျန် အထက ၁၀ ကျောင်းမှာ ရွှေမြို့၊ ညောင်လွန့်၊ အိုင့်ကျယ်၊ တောင်ပို့သာ၊ မကျီးပင်၊ ရှားတော၊ သံပုရာကုန်း၊ အလယ်ကျွန်း၊ ထုံးဘိုနှင့် ကင်းသာ ကျေးရွာများတွင် တည်ရှိသည်။
တပ်ကုန်းမြို့ရှိ စိုက်ပျိုးရေးသုတေသနခြံသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ယာသီးနှံသုတေသနဌာနခွဲတစ်ခု ဖြစ်သည်။ အဆိုပါနေရာသည် ကိုလိုနီခေတ်၊ ၁၉၃၇ခုနှစ်ခန့်ကတည်းက ဗဟိုစိုက်ပျိုးရေးဥယျာဉ်အဖြစ် စိုက်ပျိုးရေး(ကျေးလက်ကြီးပွားရေး) ၁၀ လ သင်တန်းကျောင်း ဖြစ်ခဲ့ဖူးသည်။ စုစုပေါင်း ဧရိယာ ၁၂၀ ဧကခန့်ကျယ်ဝန်းပြီး တပ်ကုန်းမြို့၊ အောင်ဇေယျရပ်ကွက်အတွင်းတွင် တည်ရှိသည်။[၄]
Remove ads
ကျန်းမာရေး
တပ်ကုန်းမြို့နယ်အတွင်း ဆေးရုံ ၂ ရုံနှင့် ကျေးလက်ကျန်းမာရေးဌာန ၄ ခုရှိသည်။ မြို့နယ် ကုတင် ၁၀၀ ပြည်သူ့ဆေးရုံသည် တပ်ကုန်းမြို့ပေါ်တွင် တည်ရှိသည်။ မူလ အောင်ဇေယျရပ်ကွက်တွင်တည်ရှိသည့် ဆေးရုံဟောင်းနေရာမှ ၂၀၁၁ ခုနှစ်တွင် မြို့မြောက်ဘက်အထွက်ရှိ မြသီတာပန်းခြံနေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ဆေးရုံဟောင်းနေရာအား သံဃာ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနအဖြစ် ဆက်လက်အသုံးပြုသည်။ ဒုတိယဆေးရုံမှာ ရွှေမြို့ကျေးရွာရှိ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံဖြစ်သည်။ ညောင်လွန့်၊ မြောက်မြိုက်၊ တောင်ပို့သာ နှင့် အိုင့်ကျယ်ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနများ ရှိသည်။[၁၂]
အားကစားနှင့် ဖျော်ဖြေရေး
ဘောလုံး၊ ခြင်းလုံးနှင့် ဘော်လီဘောကစားနည်းများသည် မြို့နယ်တွင်း လူကြိုက်များသည့် အားကစားနည်းများဖြစ်သည်။ ၁၀ ဧကခန့်အကျယ်အဝန်းရှိသည့် မြို့နယ်အားကစားကွင်းတစ်ခု တပ်ကုန်းမြို့၊ မြဝတီရပ်ကွက်တွင် ရှိသည်။
မူလက တပ်ကုန်းမြို့မြောက်ဘက်အထွက်တွင် ရှိခဲ့သည့် မြသီတာပန်းဥယျာဉ်ကို မြို့နယ် ကုတင် ၁၀၀ ဆေးရုံအဖြစ် ပြောင်းလဲအသုံးပြုပြီးနောက် မြို့နယ်ပန်းဥယျာဉ်အသစ် ပြန်လည်စီစဉ်တည်ထောင်ခြင်း မရှိသေးချေ။ ၂၀၁၈-၁၉ တွင် တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်ရှိ အောင်းကြီးကန်ပတ်ဝန်းကျင်ကို အများပြည်သူအပန်းဖြေအနားယူနိုင်သည့်နေရာတစ်ခုအဖြစ် ပြန်လည်ပြင်ဆင်ထိန်းသိမ်းထားသည်။
အထင်ကရ နေရာများ
- ညောင်လွန့်တောရကျောင်းတိုက်
- ပဋိပတ္တိသာသနာတွင် ရဟန္တာဟု ကျော်ကြားထင်ရှားသော ညောင်လွန့်တောရဆရာတော်ကြီး ဦးမေဓာဝီ သီတင်းသုံးခဲ့ရာ တောရကျောင်းတိုက်ကြီးဖြစ်သည်။ ညောင်လွန့်ကျေးရွာအနောက်ဘက် ၁ မိုင်ခန့်အကွာတွင် တည်ရှိပြီး ဧက ၈၀ ခန့်ကျယ်ဝန်းသည်။[၁၅]
- နေပြည်တော်မြန်မာ့အသံ
- ကနဦးရေဒီယိုစမ်းသပ်ထုတ်လွှင့်မှုများတွင် "နေပြည်တော်မြန်မာ့အသံ"ဟူသောအမည်ကို အသုံးပြုရာမှ နေပြည်တော်မြန်မာ့အသံဟု လူသိများသော်လည်း ရေဒီယိုရော ရုပ်သံပါထုတ်လွှင့်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနတစ်ခုလုံး၏ ရုံးချုပ်ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ရန်ကုန်မှ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ တပ်ကုန်းမြို့၏ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာ သော်တာကျေးရွာအနီးတွင် တည်ရှိသည်။
- မိုးကောင်းဘုရား
- တပ်ကုန်းမြို့မြောက်ဘက်အဝင် ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးဘေးတွင် တည်ရှိသည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်က စစ်ချီရာတွင် စခန်းချတစ်ထောက်နားသည့်ကုန်းပေါ်တွင် တည်ထားသည်ဟု ဆိုကြသည်။ "တပ်ကုန်း" ဟူသည့်အမည်သည်လည်း ထိုမှဆင်းသက်လာဖွယ်ရှိသည်။ မိုးနည်းသည့်နှစ်များတွင် မိုးရွာစေရန် ဆုတောင်းကြသည့်ဘုရားဖြစ်သောကြောင့် မိုးကောင်းဘုရားဟု တွင်ကြောင်း ဆိုကြသည်။[၄]
- ဗျိုင်းအင်းဆုတောင်းပြည့်ဘုရား
- တပ်ကုန်းမြို့၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ ဗျိုင်းအင်းကျေးရွာအနီးတွင် တည်ရှိသည်။ ဘုရားလောင်း ကျွဲမင်းနှင့် ဒေဝဒတ်ကျွဲမင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည့်နေရာအနီးရှိအင်းဖြစ်၍ "ပြိုင်အင်း" ဟုခေါ်ရာမှ နောင်တွင် "ဗျိုင်းအင်း" ဖြစ်လာသည်ဟု ဆိုကြသည်။ ယခုတိုင် သစ္စာဆို ဆုတောင်းလျှင် ပြည့်သည်ဟု ယုံကြည်ကြသည်။ ရှေးဟောင်းဘုရားစေတီများနှင့်အတူ အနီးတွင် ၂၅ ဧကခန့်အကျယ်အဝန်းရှိသည့် ဗျိုင်းအင်းကန်ကြီး တည်ရှိသည်။[၄]
- မဟာမြတ်မုနိဘုရား၊ ညောင်လွန့်
- တပ်ကုန်းမြို့၏ မြောက်ဘက် ၈ မိုင်ခန့်အကွာ ညောင်လွန့်ကျေးရွာတွင် တည်ရှိသည့် ရသေ့ကြီးဦးခန္တီ တည်ထားကိုးကွယ်ခဲ့သော ရုပ်ပွားဆင်းတုတော်ကြီးဖြစ်သည်။ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ဘုရားပွဲကျင်းပလေ့ရှိသည်။
- ဦးခန္တီအိမ်တော်ရာဘုရား၊ ပျော်ရွာ
- တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ ပျော်ရွာနှင့်ပိတောက်ကုန်းကျေးရွာအနီးတွင် တည်ရှိသည်။ ရသေ့ကြီး ဦးခန္တီ၏ မွေးဖွားရာဇာတိဖြစ်သည့် ရမည်းသင်းမြို့နယ်၊ ရွာသာရွာဟု ဆိုကြသည့်နေရာဖြစ်သည်။ ယခုအခါ တပ်ကုန်းမြို့နယ်အတွင်း ပါဝင်ပြီး ရွာသာရွာမှာမူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
- သားခိုတောင်ဘုရား၊ အုန်းပင်
- တပ်ကုန်းမြို့မှ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ အုန်းပင်ကျေးရွာအနီးတွင် တည်ရှိသည်။ မဟိံသဇာတ်တော်လာ ဒေဝဒတ်ကျွဲမင်း၏ ရန်မှ ဘုရားလောင်းကျွဲငယ် ခိုအောင်း သိုဝှက်ထားရာနေရာဖြစ်သောကြောင့် သားခိုတောင်ဟု တွင်ကြောင်း ပြောစမှတ်ပြုကြသည်။ အဆိုပါဇာတ်တော်နှင့်ပင် ဆက်စပ်၍ သားတော်ဘုရားလောင်းကျွဲငယ် ခိုအောင်းခဲ့သည့် ဥမှင်ကို အုန်းပင်၊ ဖခင်ဒေဝဒတ်ကျွဲမင်းနှင့် ဘုရားလောင်းကျွဲငယ်တို့ ယှဉ်ပြိုင်ခတ်ရာနေရာကို ပြိုင်အင်း(ယခု ဗျိုင်းအင်း)၊ ဒေဝဒတ်ကျွဲမင်း လည်ပင်း ပျက်သည့်နေရာကို ကျွဲလည်ပင်း၊ ဦးချိုပြုတ်ကျသည့်နေရာကို ချိုကျအင်း(အခု ကြိုးကြာအင်း)၊ အလောင်းပုတ်၍ အကျိုးကျသည့်နေရာကို အရိုးကုန်း (ယခု မရိုးကုန်း)၊ စသည်ဖြင့် ခေါ်ဝေါ်ကြောင်း ဆိုစမှတ်ပြုကြသည်။[၄]
- မဟာသိမ်တော်ကြီးဘုရား၊ ညောင်ကိုင်း
- အောင်တော်သိမ်ဘုရားဟုလည်း ခေါ်သည်။ တပ်ကုန်းမြို့၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ ညောင်ကိုင်းကျေးရွာအနီးတွင် တည်ရှိသည့် ပုဂံခေတ်ဟန် ဘုရားဖြစ်သည်။ အနီးတွင် သားတော်ရကန်ရှိရာ အဆိုပါကန်မှာ ၁၁၆၇ခုနှစ်၊ ဘိုးတော်ဘုရား မိတ္ထီလာကန်ဆည်ဖို့ပြီးနောက် တောင်ငူသို့ တိုင်းခန်းလှည့်လည်ရာတွင် အဆိုပါကန်အနီး သားတော်တစ်ပါးဖွားမြင်သည်ကို အစွဲပြု၍ သားတော်ရကန်ဟု မည်ကြောင်း ဆိုကြသည်။[၄]
- ဖောင်တော်ဦးစေတီ၊ ဖောင်းတော
- တပ်ကုန်းမြို့မြောက်ဘက် ၅ မိုင်ခန့်အကွာ ဖောင်းတောရွာအနီးတွင် တည်ရှိသည်။ ပုဂံခေတ်၊ အလောင်းစည်သူမင်း တိုင်းခမ်းလှည့်လည်စဉ် ဖောင်တော်ဦးတိုက်ရာတွင် တည်ထားကြောင်း ဆိုကြသည်။ စေတီဟန်မှာ ပုဂံခေတ်စေတီများနှင့် ဆင်တူသည်။[၄]
- ဓါးလေးလက်စေတီ၊ မကျီးကုန်း
- တပ်ကုန်းမြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာ မကျီးကုန်းကျေးရွာတွင် တည်ရှိသည်။ ဓါးလေးလက်ချိတ်ဆွဲပူဇော်ထားပြီး အနီးဝန်းကျင်မှ ပြည်သူများ အငြင်းအခုံ၊ တရားတဘောင် ဖြစ်သောအခါ လာရောက် သစ္စာဆိုသော အလေ့အထရှိခဲ့သည်။[၄]
- ရွှေကြက်တောင်ဘုရား၊ ကင်းသာ
- တပ်ကုန်းမြို့မှ အရှေ့တောင်ဘက် ရ မိုင်ခန့်အကွာ ကင်းသာကျေးရွာအနီးရှိ ရွှေကြက်တောင် (ကင်းသာတောင်)ပေါ်တွင် တည်ထားသည့် ဘုရားများဖြစ်သည်။ အင်းဝဘုရင် နရပတိလက်ထက်တွင် ရမည်းသင်းစား မင်းငယ်ကျော်ထင် တည်ထားခဲ့သောစေတီဖြစ်သည်ဟု ဆိုကြသည်။[၄] ယခင်က နှစ်စဉ် ဝါဆိုလပြည့်နေ့တွင် ရွှေကြက်တောင်တက်သည့် ဓလေ့ရှိခဲ့ကြသော်လည်း နေပြည်တော်တည်သည့်နောက်ပိုင်းတွင် အဆိုပါတောင်ကြောများတဝိုက် ပိုမိုကျယ်ပြန့်လာသည့် ကျောက်ထုတ်လုပ်ရေးစခန်းများကြောင့် အဆိုပါဓလေ့ ပျောက်ကွယ်သွားသည်။
- ဦးအောင်ဇေယျဘုရား၊ အောင်မြေရိပ်သာ(ဘော်)
- တပ်ကုန်းမြို့အရှေ့ဘက် ၄မိုင်ခန့်အကွာ အောင်မြေရိပ်သာကျေးရွာအနီးတွင် တည်ရှိသည်။ အလောင်းဘုရား ယိုးဒယားစစ်ပွဲမှအပြန် လမ်းတထောက်နားရာတွင် တည်ထားခဲ့သောဘုရားဟု ဆိုသည်။[၄]
အထင်ကရ ပုဂ္ဂိုလ်များ
- ညောင်လွန့်တောရဆရာတော် ( ထေရဝါဒဗုဒ္ဓဘာသာ သံဃာတော် ရဟန္တာ မထေရ်ကြီး) [၁၆]
- ခန္တီ၊ ဦး၊ ရသေ့ကြီး (ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြုပုဂ္ဂိုလ်) [၁၇]
- တောင်တွင်းကြီး ကိုကိုကြီး - စာရေးဆရာ (၁၉၃၁-၁၉၈၁)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads