ထူးအိမ်သင်
အဆိုတော်၊ တေးရေးသူ From Wikipedia, the free encyclopedia
Remove ads
ထူးအိမ်သင် (၁ ဇူလိုင် ၁၉၆၃ – ၁၄ ဩဂုတ် ၂၀၀၄) သည် ၁၉၈၀ ခုနှစ်လယ်များတွင် မြန်မာ့ဂီတလောက၌ ပေါ့ဂီတကို ပေါ့ရော့ခ်၊ ပေါ့ဂျက်ဇ် စသည်ဖြင့် မတူညီသည့်အသွင်များဖြင့် ယူဆောင်ပေးသည့် ကျော်ကြားသော အဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်သည်။[၂] အနုပညာသက်တမ်း ၁၈ နှစ်တာကာလအတွင်း တကိုယ်တော် အယ်လ်ဘမ် ၁၄ ခုထိ ထုတ်လုပ်ခဲ့ပြီး သူ၏ အနုပညာလက်ရာများသည် မြန်မာပရိသတ်များကြားတွင် ယနေ့တိုင် လွှမ်းမိုးနေဆဲဖြစ်သည်။[၃]
Remove ads
ကိုယ်ရေးကိုယ်တာ
အဘဦးထွန်းမြင့်နှင့် အမိဒေါ်မြရင်တို့မှ ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန်ဖြစ်သည်။ အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီးစသည်ဖြင့် ချစ်စနိုးခေါ်ဝေါ်ကြသည်။ ထူးအိမ်သင်၏ဇနီးမှာ မသွယ်သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာ မိကွန်ထော ဖြစ်သည်။
ပညာရေး
အ.မ.က (၂၀) ပုသိမ်တွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ.ထ.က (၃) ပုသိမ်မှ အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်း ရှိ ပုသိမ်ဒေသကောလိပ် သို့တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မိသားစုနှင့်အတူ မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မော်လမြိုင်တက္ကသိုလ် မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။
အနုပညာလှုပ်ရှားမှု
မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။[၄] ၁၉၈၆ ခုနှစ်တွင် နာရီပေါ်မှမျက်ရည်စက်များ စီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ထူးအိမ်သင်၏ အခြားတစ်ကိုယ်တော် တေးစီးရီးများမှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ ဝင်ရိုးစွန်းမီး၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စာအလွဲများ၊ ချစ်ခြင်းအားဖြင့် စသည်တို့ဖြစ်သည်။ ထူးအိမ်သင်သည် ကဗျာများကိုလည်း ရေးသားခဲ့သည်။
၁၉၉၁ခုနှစ်တွင်ထွက်ရှိခဲ့သည့် ရာဇဝင်များရဲ့ သတို့သမီးသီချင်းကြောင့် ပရိတ်သက်များမျက်ခုံးလှုပ်ခဲ့ရသည်။ သီချင်းသည် မြန်မာနိုင်ငံ၏ အဓိက ရေစီးကြောင်းဖြစ်သည့် ဧရာဝတီမြစ်ကို ဖော်ကျူးထားသော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူး၍ ရေးသားထားသည်ဟု အများက ထင်ကြသည်။ ထို့ကြောင့် သူ၏ ဖျော်ဖြေတင်ဆက်ရေးပွဲများကို စစ်အစိုးရမှ ပိတ်ပင်ခဲ့သည်။
နိုင်ငံရေးလှုပ်ရှားမှု
၁၉၈၈ အရေးအခင်းအပြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၌ ပြန်ကြားရေးတာဝန်ခံအဖြစ် အဆိုတော် မွန်းအောင် နှင့် အတူ ခေတ္တမျှ တာဝန်ထမ်းဆောင်ခဲ့သည်။ "အရေးကြီးပြီ" ဆိုသောတိုက်ပွဲဝင်သီချင်းကို ထိုစဉ်ကရေးစပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြို့ပေါ်သို့ပြန်လာပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ဘဝနိဂုံး
နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁:၄၀ အသက် ၄၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူ့ကိုချစ်ခင်လေးစားသော ပရိသတ်များက သူ့အတွက်အမှတ်တရအဖြစ် ဝက်ဆိုဒ်တစ်ခု ထောင်ပေးထားကြသည်။
တေးသီချင်းခွေများ
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads