မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား

From Wikipedia, the free encyclopedia

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား
Remove ads

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား သည် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်တွင် တည်ရှိသည်။

Thumb
မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး
Thumb
မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား ဂန္ဓကုဋိတိုက် စေတီတော်ကြီး

သမိုင်းကြောင်း

Thumb
ဘုရားရှိ မြန်မာ့ဗိသုကာလက်ရာတစ်ခု

မန္တလေးမြို့ အောင်သီဟကျောက်ဆစ်လုပ်ငန်းမှ ဦးသောင်းထွန်း၊ ဒေါ်မမလေးတို့က ဉာဏ်တော်အမြင့် ၁၅ ပေ၊ ဒူးခေါင်းတော်အကျယ် ၈ ပေ ၆ လက်မနှင့် အလေးချိန် ၁၇ တန်ခန့်ရှိ ဆင်းတုတော်ကြီးကို ရွှေလီမြို့သို့ ပင့်ဆောင်ရန် မော်တော်ယာဉ်ဖြင့် မန္တလေးမှ သယ်ဆောင်လာစဉ် ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာအလွန် မန္တလေး-လားရှိုးကားလမ်း မိုင်တိုင် ၄၇/၁ အရောက်တွင် မော်တော်ယာဉ်တိမ်းမှောက်ပြီး ဆင်းတုတော်ကြီးမှာ ကားပေါ်မှကျ၍ မြေခခဲ့သည်။ ဆင်းတုတော်ကြီး မြေခသည့်ရက်မှာ မြန်မာသက္ကရာဇ် ၁၃၅၈ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက်နေ့ (၁၉၉၇ ခုနှစ် ဧပြီလ ၆ ရက်) တနင်္ဂနွေနေ့ ၁၁ နာရီအချိန်ခန့်ဖြစ်သည်။ ဆင်းတုတော်ကြီးအား ရွှေလီမြို့သို့ ဆက်လက်ပင့်ဆောင်ခြင်းမပြုတော့ပဲ အများလှူဒါန်းငွေ ၈၀၀,၀၀၀ ကျပ် နှင့် ထုလုပ်သူက လှူဒါန်းငွေ ၂၀၀,၀၀၀ ကျပ်၊ စုစုပေါင်း ၁,၀၀၀,၀၀၀ ကျပ်ဖြင့် ကျောက်ဆစ်လုပ်ငန်းရှင်အား ပေးချေ၍ လက်ရှိနေရာတွင် ပူဇော်ရန် ဆောင်ရွက်ခဲ့သည်။

ဆင်းတုတော်ကြီးကို ၁၉၉၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ပက်လက်အနေအထားဖြင့် စတင်အပူဇော်ခံပြီးနောက် ၁၉၉၇ ခုနှစ် မေလ ၉ ရက်နေ့တွင် ပက်လက်အနေအထားမှ ထိုင်ကိုယ်တော်အဖြစ်သို့ ဝန်ချီစက်ဖြင့် ပင့်ဆောင်မယူပြီး ၁၉၉၇ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ယာယီစံကျောင်းသို့ ပင့်ဆောင်၍ အပူဇော်ခံခဲ့သည်။

၁၃၅၉ ခုနှစ် ဝါခေါင်လဆန်း ၄ ရက် (၁၉၉၇ ခုနှစ် ဩဂုတ်လ ၇ ရက်)နေ့တွင် ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ဩဝါဒစရိယနှင့် တွဲဘက်အကျိုးတော်ဆောင်ဆရာတော်ကြီး အမှူးပြု၍ သံဃာ့နာယကဆရာတော်ကြီးများထံမှ ထိုစဉ်က မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်နှင့် တာဝန်ရှိသူများက ဆင်းတုတော်ကြီးအား ပူဇော်ရေးအတွက် လျှောက်ထားဩဝါဒ ခံယူခဲ့သည်။ ဆရာတော်ကြီးများက ဆင်းတုတော်ကြီးအား မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ဟူသော ဘွဲ့တော်ကို ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ နာယကတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်၏ ကြီးကြပ်မှုဖြင့် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ဩဝါဒခံယူကာ ဆင်းတုတော် အစဉ်အမြဲကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋိတိုက်စေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

ဓမ္မရတိကုန်းမြေ နေရာတွင် ၁၃၅၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၃ ရက် (၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်)နေ့၌ မြေသန့်မင်္ဂလာ၊ ပန္နက်တော်တင်မင်္ဂလာနှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားများကို တစ်ပေါင်းတည်းပြုလုပ်ကျင်းပကာ တည်ဆောက်ရေးလုပ်ငန်းများ (ပင်မစေတီ ဆောက်လုပ်ခြင်း၊ လမ်းများဖောက်ခြင်းနှင့် ပန်းဥယျာဉ်တည်ဆောက်ခြင်း စသည့် အထွေထွေလုပ်ငန်းများ အပါအဝင်) ကို စတင် ဆောင်ရွက်ခဲ့သည်။

ပင်မစေတီတော် ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၁၃၅၉ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် (၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်)နေ့တွင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားကိုလည်းကောင်း၊ ၁၃၆၀ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၄ ရက် (၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်)နေ့တွင် မူလဌာပနာတော်သွင်း မင်္ဂလာအခမ်းအနားကိုလည်းကောင်း၊ ၁၃၆၁ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက် (၁၉၉၉ ခုနှစ် ဩဂုတ်လ ၄ ရက်)နေ့တွင် ကွမ်းတောင်ဌာပနာ၊ အလယ်ဌာပနာနှင့် အထက်ဌာပနာတော်သွင်း မင်္ဂလာအခမ်းအနားကိုလည်းကောင်း ကျင်းပပြီး အဆင့်ဆင့်ဆောက်လုပ်ခဲ့သည်။

တည်ဆောက်ရေးလုပ်ငန်းများ အားလုံးပြီးစီးခဲ့ပြီးနောက် ၁၃၆၁ ခုနှစ် တပေါင်းလပြည့် (၂၀၀၀ ခုနှစ် မတ်လ ၁၉ ရက်) နေ့တွင် ဆင်းတုတော်ကြီးကို ယာယီစံကျောင်းမှ စေတီတော်၏ ဂန္ဓကုဋိတိုက်အတွင်းသို့ ပင့်ဆောင်ခဲ့သည်။

၁၃၆၁ ခုနှစ် နှောင်းတန်ခူးလဆန်း ၈ ရက် (၂၀၀၀ ခုနှစ် ဧပြီလ ၁၁ ရက်)နေ့တွင် ဗုဒ္ဓဘိသေကအနေကဇာတင်နှင့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား ဂန္ဓကုဋိတိုက် စေတီတော်ကြီး၏ ရွှေထီးတော် တင်လှူပွဲမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။ []

Remove ads

ရုပ်ပုံများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads