မစ်ဟေး ဂေါ်ဗာချော့ဗ်
ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးခေါင်းဆောင် From Wikipedia, the free encyclopedia
Remove ads
ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တာဝန်ကို ၁၉၈၅ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် အပ်နှင်းခံရသော မီခါယီး ဂေါ်ဘာ ချော့ကို ရုရှတောင်ပိုင်း စတာဗရိုပို ဒေသ ကရာစနိုဗာဒေးစကီးခရိုင် ပရီဗိုနိုရွာ၌ ၁၉၃၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တောင်သူလယ်သမား မိဘနှစ်ပါးမှ မွေးဖွားသည်။ စတာဗရိုပိုဒေသသည် ၁၉၈၂ ခုနှစ် နိုဝင်ဘာလ မှ ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပါတီအထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သူ ယူရီဗလာဒီ မီရို ဗစ်ချ် အင်ဒရိုပေါ့(၁၉၁၄- ၁၉၈၄)၏ မွေးရပ်ဖြစ်သည့်အပြင် သဘောတရားရေးရာ ကျွမ်းကျင်နိုင်နင်းမှုကြောင့် ပါတီ၌ ဩဇာတိက္ကိမကြီးမားသူ မီခါယီး အင်ဒရီယေဗစ်ဆုစလော့(၁၉ဝ၂-၁၉၈၂)နှစ်ပေါင်းများစွာ သက်ဆုံးတိုင် အလုပ်လုပ်ခဲ့ရာ အရပ် ဒေသလည်း ဖြစ်သည်။
ဂေါ်ဘာချော့သည် ၁၉၄၆ ခုနှစ်မှ ၁၉၅ဝ ပြည့်နှစ်အထိ စတာဗရိုပိုဒေသတွင် လယ်ထွန်စက်မောင်းအဖြစ် အသက်မွေးသည်။ ၁၉၅ဝ ပြည့်နှစ်တွင် မော်စကိုမြို့ ပြည်သူ့တက္ကသိုလ်၌ ပညာဆည်းပူးခွင့်ရသည်။ ၁၉၅၂ ခုနှစ်တွင် ကွန်မြူနစ်ပါတီဝင် ဖြစ်လာသည်။ ၁၉၅၅ ခုနှစ်တွင် ဥပဒေဘွဲ့ရသည်။ ထိုအချိန် တွင် ကွန်ဆိုမိုလူငယ်အဖွဲ့အစည်းတွင် စတာဗရိုပိုဒေသဆိုင်ရာ ကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ စတာဗရိုပိုဒေသ စုပေါင်းလယ်ယာလုပ်ငန်းတွင် အားသွန်ခွန်စိုက် ပါဝင် ဆောင်ရွက်သည်။ ၁၉၆၇ ခုနှစ်တွင် စတာဗရိုပိုစိုက်ပျိုးရေး တက္ကသိုလ်၌ သုတေသနပညာရှင် ဖြစ်လာသည်။
ဂေါ်ဘာချော့သည် ကွန်မြူနစ်ပါတီ စတာဗရိုပိုမြို့တော် ကော်မတီတွင် ၁၉၅၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ပထမအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၆၈ ခုနှစ်မှ ၁၉၇ဝ ပြည့်နှစ် အထိ ဒုတိယအတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်အပ်နှင်းခံခဲ့ရသည်။ ၁၉၇ဝ ပြည့်နှစ်တွင် ဒေသပါတီကော်မတီ အတွင်းရေးမှူး ဖြစ်လာ သည်။ ၁၉၇၁ ခုနှစ်တွင် ပါတီဗဟိုကော်မတီဝင် ဖြစ်လာသည်။ ၁၉၇၈ ခုနှစ် နိုဝင်ဘာလတွင် ဆိုဗီယက်ခေါင်းဆောင် ဗရက်ဇညက်က ဂေါ်ဘာချော့အား ပါတီဗဟိုကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ပေးသည်။
ဂေါ်ဘာချော့သည် လယ်ယာစိုက်ပျိုးရေးအတွက် တာဝန်ခံသော ပါတီရေးရာ ကော်မတီ၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရသည်။ မီခါယီး ဆုစလော့၏ လမ်းညွှန်မှု၊ ယူရီ အင်ဒရိုပေါ့၏ အသိအမှတ်ပြုမှုတို့ကို ခံယူရရှိသဖြင့် ဂေါ်ဘာချော့သည် အသက် ၄၉ နှစ်အရွယ်မှာပင် ပါတီနိုင်ငံရေးဦးဆောင်အဖွဲ့ ပေါ်လစ်ဗျူရိုတွင် အချိန်ပြည့်ကော်မတီဝင်ဖြစ်လာသည်။
ဆိုဗီယက် ပြည်ထောင်စုတွင် သဘာဝဘေးဒဏ်များ နှစ်စဉ် ကျရောက်နေသည့်ကြားမှ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးစေရန် အောင်မြင်စွာ ကွပ်ကဲနိုင်သဖြင့် ပါတီအထွေ ထွေအတွင်းရေးမှူး အင်ဒရိုပေါ့၏ ယုံကြည်အားထားမှုကို ခံယူရရှိခဲ့သည်။ ဤသို့ဖြင့် ပေါ်လစ်ဗျူရိုအဖွဲ့တွင် အသက်အငယ်ဆုံးဖြစ်သော ဂေါ်ဘာချော့သည် အထွေထွေအတွင်းရေးမှူးရာထူးကို ဆက်ခံ နိုင်မည့်သူ ဖြစ်သည်ဟု အနောက်အုပ်စု လေ့လာသူများက အကဲဖြတ်ခံရသည်အထိ ထင်ရှားလာသည်။
ပါတီအထွေထွေအတွင်းရေးမှူး ချယ်ရနီယင်းကိုးက ဂေါ်ဘာချော့အား ၁၉၈၄ ခုနှစ် ဧပြီလတွင် နိုင်ငံခြားဆက်သွယ်ရေးရာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးသည်။ ပါတီအထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ကွန်စတန်တင် ချယ်ရနီယင်းကိုး ၁၉၈၅ ခုနှစ် မတ်လ ၁ဝ ရက်နေ့တွင် ကွယ်လွန်သွားသောအခါ ဂေါ်ဘာချော့သည် ပါတီအထွေထွေ အတွင်းရေးမှူးတာဝန်ကို ယူခဲ့သည်။ အစဉ်အလာအရ ပါတီအကြီးအကဲက နိုင်ငံတော်အကြီးအကဲရာထူးကိုပါ ပူးတွဲယူရမည်ဖြစ်သော်လည်း ဂေါ်ဘာချော့သည် နိုင်ငံတော် အကြီးအကဲအဖြစ် ဆိုဗီယက်နိုင်ငံခြားရေးမူဝါဒ ဗိသုကာကြီး ဂရိုမီကိုအား တာဝန်ပေးရန် အဆိုပြုခဲ့သည်။ ယင်းဆောင်ရွက်ချက်သည် ဆိုဗီယက်နိုင်ငံရေးသမိုင်းတွင် ထူးခြားလှပေသည်။
Remove ads
မှတ်စု
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads