မုန်တိုင်ပင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
From Wikipedia, the free encyclopedia
မုန်တိုင်ပင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာတွင် ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့က မြန်မာ တပ်မတော် (ကြည်း)က အရပ်သားများအား အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ် ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်အတွင်း ရွာသူရွာသား ၃၇ ဦးအား စစ်ကောင်စီတပ်များက သတ်ဖြတ်ခဲ့သည်။[၁] စစ်ကိုင်းတိုင်းဒေသကြီးသည် လက်ယက်ကုန်းနှင့် တာတိုင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုများ အပါအဝင် မြန်မာစစ်တပ်၏ အစုအပြုံလိုက်သတ်ဖြတ်မှုများ လုပ်ဆောင်ရာ ဒေသတစ်ခု ဖြစ်လာခဲ့သည်။
မုန်တိုင်ပင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု | |
---|---|
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ် ၏ တစ်စိတ်တစ်ပိုင်း | |
နေရာ | မုန်တိုင်ပင်ရွာ၊ ရေဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး |
ရက်စွဲ | ၁၁ မေ ၂၀၂၂ |
သေဆုံးသူဦးရေ | ၃၇ |
ပြစ်မှုကျူးလွန်သူများ | |
စွဲချက်များ | မရှိ |
နောက်ခံ
နောက်ထပ် အချက်အလက်များ။ ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့သည်။ မကြာမီ စစ်တပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖွဲ့စည်းပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ ယင်းအား တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အရပ်သားများက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ကြီးမားသော ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် မေလတွင် အရပ်သားများဦးဆောင်သော တော်လှန်ရေးမှသည် အပေးအယူလုပ်ရန် ဆန္ဒမရှိသော SAC ကို ဆန့်ကျင်သော ပြည်တွင်းစစ် အဖြစ်သို့ တိုးလာခဲ့သည်။ မုန်တိုင်ပင်ရွာသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အမာခံနယ်မြေအဖြစ် လျင်မြန်စွာပေါ်ထွက်လာသည့် ဗမာ ဗုဒ္ဓဘာသာဗဟိုချက်နယ်မြေတွင် တည်ရှိသည်။[၂] မုန်တိုင်ပင်ရွာတွင် အိမ်ခြေ ၄၀၀ ခန့်နှင့် လူဦးရေ ၁,၉၀၀ ခန့် နေထိုင်ကြပြီး ရွှေဘိုမြို့ အနောက်မြောက်ဘက် ၃၉ မိုင် (၆၃ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။[၃]
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသခံတော်လှန်ရေးအဖွဲ့များက နယ်မြေများကို အုပ်စိုးမိချိန်တွင် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များသည် နယ်မြေပြန်လည်စိုးမိုးရေးအတွက် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ကာထောင်နှင့်ချီသော လူများကို နေရပ်ဒေသများမှ နှင်ထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။[၄] ခုခံတော်လှန်သူများကို နှိမ်နင်းရန်အတွက် စစ်ကောင်စီတပ်များသည် ဖြတ်လေးဖြတ်ဗျူဟာဖြစ်သော အစာရေစာ ဖြတ်တောက်ခြင်း၊ ငွေရေးကြေးရေး ဖြတ်တောက်ခြင်း၊ သတင်းစီးဆင်းမှု ဖြတ်တောက်ခြင်းနှင့် လူသစ်စုဆောင်းမှု ဖြတ်တောက်ခြင်းများကို လုပ်ဆောင်ခဲ့ရာတွင် ကျေးရွာများအား စီးနင်းခြင်း၊ ရှင်သန်ကျန်ရစ်သူများထံ လူသားခြင်းစာနာမှု အကူအညီများ တားမြစ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ပါဝင်ခဲ့သည်။[၅] ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဆားလင်းကြီးမြို့နယ်ရှိ ဒုံးတောရွာမှ ရွာသူရွာသား ၁၁ ဦးအား သတ်ဖြတ်ခဲ့သလို[၁] နောက်တစ်လတွင်လည်း ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးရွာမှ ၆ ဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့သည်။[၁]
ဖြစ်ရပ်
၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့ နံနက် ခြောက်နာရီခန့်တွင် အင်အား ၁၅၀ မှ ၂၀၀ ခန့်ရှိသော စစ်ကောင်စီတပ်များသည် မုန်တိုင်ပင်ရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အနီးအနားကျေးရွာများမှအပါအဝင် လူဦးရေ ၁၀,၀၀၀ ခန့် ထွက်ပြေးခဲ့ကြရသည်။[၆][၇][၃] အချိန်မီ ထွက်ပြေးခြင်းမပြုနိုင်ခဲ့သော ရွာသူရွာသား ၁၀၀ ခန့်မှာ ကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေခဲ့ကြသည်။[၇][၃] နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်များက ဘုန်းကြီးကျောင်းသို့ ဝင်ရောက်လာကာ ကျန်ရှိသော ရွာသူရွာသားများအား နှိပ်စက်ခြင်း၊ မေးမြန်းခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။[၃]
နောက်တစ်ရက် နံနက် ၆ နာရီခန့်တွင် စစ်ပစ္စည်းများအား မူးမြစ်သို့ သယ်ယူရန်အတွက် အမျိုးသားလူငယ် ၁၀ ဦးအား အတင်းအဓမ္မ စေခိုင်းခဲ့သည်။[၃] ယင်းနောက် အဆိုပါ ၁၀ ဦးအား စစ်ကောင်စီတပ်များက ဓားများဖြင့် ခုတ်ကာ မီးရှို့ခဲ့သည်။[၈][၃] အဆိုပါနေ့ နေ့လယ် ၂ နာရီခွဲနှင့် ၃ နာရီအကြားတွင် ကျန်ရစ်သော ဖမ်းဆီးထားသူများအား ချည်နှောင်ကာ ဇေယျသိဒ္ဓိဘုရားအနီးတွင် သေနတ်ဖြင့် ပစ်ကာ သတ်ဖြတ်ခဲ့သည်။[၈][၃] ရွာသားများအဆိုအရ ဘုန်းတော်ကြီး၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရွာသား ရှစ်ဦးမှာ အသတ်ခံရမည့်ဘေးမှ လွတ်မြောက်လာခဲ့သည်။[၃]
နောက်တစ်ရက် နံနက် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်များက အနီးနားရှိ ပုန်းတကားရွာသို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။[၃] အသက်ရှင်ကျန်ရစ်သူများဖြစ်သော အမျိုးသား ၈ ဦး၊ အမျိုးသမီးနှင့် ကလေးငယ် ၅၀ တို့ကို မကြာမီတွင် လွှတ်ပေးခဲ့သည်။[၃] ယင်းတို့ လွတ်မြောက်ပြီးနောက် ကျေးရွာအား စစ်ကောင်စီတပ်များက မီးရှို့ခဲ့သည်များကို လိုက်လံငြိမ်းသတ်စဉ် မီးလောင်ကျွမ်းနေသော ၂၉ ဦးကိုလည်း တွေ့ရှိခဲ့ရသည်။[၇][၃] ဖြစ်စဉ်အတွင်း နေအိမ် ၉၄ လုံး မီးလောင်ကျွမ်းခဲ့သည်။[၃] ဖြစ်စဉ်အပြီး ရက်အနည်းငယ်အကြာတွင် အနီးနားရှိ အင်ပင်ရွာအနီးတွင် နောက်ထပ် သေဆုံးနေသူ ၁၁ ဦးအား ထပ်မံတွေ့ရှိခဲ့ရသည်။[၉][၃]
ကျူးလွန်သူများ
အစုအပြုံလိုက် သတ်ဖြတ်မှုအား တိုက်ကြီးအခြေစိုက် အမှတ် ၇၀၈ ခြေမြန်တပ်ရင်း (ခမရ ၇၀၈) မှ ဖြစ်ပြီး အမိန့်ပေးကွပ်ကဲသူမှာ ဒုတိယဗိုလ်မှူးကြီးထွန်းလင်းအောင် ဖြစ်သည်။[၃][၁၀] ခမရ ၇၀၈ သည် တပ်မမှူးဗိုလ်မှူးချုပ် ကြည်သိုက် အမိန့်ပေးကွပ်ကဲသော အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၄) လက်အောက်ခံ ဖြစ်သည်။[၃][၁၀] ဗိုလ်မှူးချုပ်ကြည်သိုက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အစီရင်ခံရသည်။ စီးနင်းမှုအား ပျူစောထီးပြည်သူ့စစ်အဖွဲ့ကလည်း ကူညီခဲ့ကြောင်း ရွာသားများက ပြောဆိုခဲ့သည်။[၈]
ကျူးလွန်ခံရသူများ
သတ်ဖြတ်ခံရသူများ အားလုံးမှာ အသက် ၂၅ မှ ၆၄ နှစ်အရွယ်ရှိ အမျိုးသားများ ဖြစ်သည်။[၈][၃] ယင်းအထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ သုံးဦးနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများလည်း ပါဝင်သည်။[၁၁][၆] အသတ်ခံရသူအများစုကို မျက်လုံးများစည်းထားပြီး လည်ပင်းကို လှီးထားသော ဓားဒဏ်ရာ သို့မဟုတ် သေနတ်ဒဏ်ရာများ တွေ့ရသလို အချို့မှာ မီးလောင်ကျွမ်းနေပြီး သတ်ဖြတ်ခံထားရသော လက္ခဏာများ တွေ့ရှိခဲ့သည်။[၉][၇]
ဖြစ်စဉ်အပြီး
နောက်တစ်လတွင် စစ်ကောင်စီတပ်များက မြင်းမူမြို့နယ် ကန်ပြားရွာမှ အရပ်သား ၆ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်။[၁]
သတ်ဖြတ်မှုတွင် ပါဝင်သော စစ်သားတစ်ဦး၏ မိုဘိုင်းဖုန်းကို အရာတော်မြို့နယ်အနီးမှ ရွာသားများက တွေ့ရှိခဲ့ပြီး[၁၁][၈] အဆိုပါ ဖုန်းအတွင်းမှ မုန်တိုင်ပင်ရွာ ဘုန်းကြီးကျောင်းတွင် ရွာသားများအား ဖမ်းဆီးထားပုံများအပါအဝင် စီးနင်းမှု ဗီဒီယိုနှင့် ဓာတ်ပုံမှတ်တမ်းများကို တွေ့ရှိခဲ့ရသည်။[၁၂][၁၃] ထို့အပြင် တပ်ကြပ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားများက သတ်ဖြတ်ခဲ့ဖူးသူအရေအတွက်၊ ခန္ဓာကိုယ်အား ခုတ်ထစ်ပုံများအား ပြောဆိုနေကြသော ဗီဒီယိုဖိုင်ကိုလည်း တွေ့ရှိခဲ့ရသည်။[၈][၁၄][၁၁]
တုံ့ပြန်မှုများ
ပြည်တွင်း
အစုအပြုံလိုက် သတ်ဖြတ်မှုအတွက် တရားမျှတမှု ထုတ်ဖော်ပေးရန် ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့တွင် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုခဲ့သည်။[၈] ဇူလိုင်လ ၂၃ ရက်နေ့တွင် သတ်ဖြတ်ခံရမှု ဖြစ်စဉ်အချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့သည်။[၃] စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အစောပိုင်းတွင် သတ်ဖြတ်မှုများကို ငြင်းဆိုခဲ့ပြီး "လုပ်ကြံပြောဆိုမှု"ဟု ဆိုခဲ့သော်လည်း[၆] နောက်ပိုင်းတွင် တပ်မတော်က ဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောဆိုခဲ့သည်။[၈]
နိုင်ငံတကာ
သတ်ဖြတ်မှုအပေါ် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ထိတ်လန့်တုန်လှုပ်ဖွယ်နှင့် ခြောက်ခြားဖွယ်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်အား လက်နက်တင်ပို့ရောင်းချခြင်းများ ရပ်ဆိုင်းရန် ပြောဆိုခဲ့ကာ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးသို့ အခြေအနေအား ပြောဆိုခဲ့သည်။[၁၄]
အခြားကြည့်ရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.