နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၁ အာဏာသိမ်းပြီးနောက် တပ်မတော်က ဖွဲ့စည်းခဲ့သောကောင်စီ From Wikipedia, the free encyclopedia
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (အင်္ဂလိပ်: State Administration Council; အတိုကောက် SAC သို့မဟုတ် နစက၊ အရပ်အသုံး: အာဏာသိမ်းစစ်ကောင်စီ(စကစ)/စစ်အစိုးရ[မှတ်စု ၁]) သည် တပ်မတော်၏ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး တစ်ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၂ တွင် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)၊ ပုဒ်မ ၄၁၉ အရ ဤကောင်စီကိုဖွဲ့စည်းသည်ဟု ၉/၂၀၂၁ ထုတ်ပြန်ချက်ဖြင့် ကြေညာခဲ့သည်။[၇] ထိုအဖွဲ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်သည်။[၈][၉]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | |
---|---|
![]() | |
အကျဉ်းချုပ် | |
စတင် | ၂ ဖေဖော်ဝါရီ ၂၀၂၁ |
ပြည်နယ် | မြန်မာနိုင်ငံ |
ဦးဆောင်သူ | ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ခန့်အပ်သူ | အရေးပေါ်အခြေအနေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်[၁] |
တာဝန်ခံမှု | တပ်မတော် ကာကွယ်ရေးဦးစီးချုပ် |
ဝဘ်ဆိုဒ် | တရားဝင် ဝက်ဘ်ဆိုဒ် |
ဤကောင်စီကို ဖေဖော်ဝါရီ ၂ တွင် စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၃) ဦး၊ စုစုပေါင်း (၁၁) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။[၇] သို့သော် ဤကောင်စီကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ရာ ဖေဖော်ဝါရီ ၄ တွင် အရပ်သားငါးဦးပါဝင်လာခဲ့သည်။ ထိုအချိန်ကပါဝင်သောသူများမှာ စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၈) ဦးဖြင့် စုစုပေါင်း (၁၆) ဦးဖြစ်သည်။[၁၀]
၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရ ဟူ၍ ပြောင်းလဲဖွဲ့စည်းပြီးနောက် ကောင်စီဥက္ကဋ္ဌနေရာကို နိုင်ငံတော်ဝန်ကြီးချုပ်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။[၁၁][၁၂]
အဖွဲ့ဝင်များ
၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။[၁၃]
စဉ် | အမည် | ရာထူး | အဖွဲ့ |
၁ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် | ဥက္ကဋ္ဌ | တပ်မတော် |
၂ | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း | ဒုတိယဥက္ကဋ္ဌ | |
၃ | ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး | အတွင်းရေးမှူး | |
၄ | ဗိုလ်ချုပ်ကြီးရဲဝင်းဦး | တွဲဖက်အတွင်းရေးမှူး | |
၅ | ဗိုလ်ချုပ်ကြီး မြထွန်းဦး | အဖွဲ့ဝင် | |
၆ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း | ||
၇ | ဗိုလ်ချုပ်ကြီး မောင်မောင်အေး | ||
၈ | ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်[၁၄] | ||
၉ | ဗိုလ်ချုပ်ကြီး ညိုစော | ||
၁၀ | ဦးဝဏ္ဏမောင်လွင် | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | |
၁၁ | ဒေါ်ဒွဲဘူ | ||
၁၂ | ပိုးရယ်အောင်သိန်း | ||
၁၃ | ဖဒိုမန်းငြိမ်းမောင် | ကရင်ပြည်သူ့ပါတီ | |
၁၄ | ဒေါက်တာမှုထန် | ||
၁၅ | ဒေါက်တာ ဘရွှေ | ပြင်ပ | |
၁၆ | ခွန်စံလွင် |
ယခင်အဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၂၀၂၁ - ဇန်နဝါရီ ၂၀၂၅)
- ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်
- ဦးသိန်းညွန့်
- ဦးခင်မောင်ဆွေ
- ဒေါ်အေးနုစိန်
- Jeng Phang နော်တောင်
- ဦးမောင်းဟာ
- ဦးစိုင်းလုံးဆိုင်
- စောဒန်နီယယ်
- ဒေါက်တာ ဗညားအောင်မိုး
- ပူဂင့်ကျမ်းလျန်
- ဦးမောင်ကို
- ဒေါက်တာ အောင်ကျော်မင်း
- ဒေါက်တာ ကျော်ထွန်း
- ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
- ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်
- ဦးရွှေကြိမ်း
- ဦးရန်ကျော်
ပါတီများ၏ လက်ခံခြင်းနှင့် ငြင်းဆန်ခြင်း
အသစ်ဖွဲ့စည်းလိုက်သော ဤကောင်စီသည် နိုင်ငံရေးပါတီများကို ကောင်စီ၌ ပါဝင်ရန် တောင်းဆိုမှုများပြုခဲ့သည်။ ပါဝင်လက်ခံသော ပါတီများရှိသကဲ့သို့ လက်မခံဘဲငြင်းဆန်သော ပါတီများလည်းရှိခဲ့ကြသည်။[၁၅] ကမ်းလှမ်းမှုကိုလက်ခံ၍ ကောင်စီတွင်ပါဝင်သောပါတီများမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ဖြစ်ကြသည်။[၁၆] အချို့သောပါတီများမှ ပါတီခေါင်းဆောင်များသည် ကောင်စီထိပ်ပိုင်းတွင်တိုက်ရိုက်မပါဝင်သော်လည်း ကောင်စီမှခန့်အပ်သော တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးရာထူးများ၊ ဝန်ကြီးဌာနများမှ ထိပ်ပိုင်းရာထူးများကို လက်ခံခဲ့ကြသည်။
အရှိုချင်းအမျိုးသားပါတီကို ကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းခဲ့ရာ ပါတီမှ ငြင်းဆန်ခဲ့သည်။[၁၇] ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့ကလည်း ပါဝင်ရန် ကောင်စီ၏ ကမ်းလှမ်းမှုအပေါ် ပယ်ချခဲ့သည်။[၁၅]
အစိုးရရာထူး အစားထိုးခြင်းများ
တရားရုံးချုပ်၊ ပြည်ထောင်စုဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ စသည်တို့အပါအဝင် အစိုးရအဖွဲ့အစည်းများစွာမှ အရပ်သားဝန်ထမ်းများစွာကို တာဝန်မှရပ်စဲခဲ့သည်။[၁၈][၁၉][၂၀] ထို့နောက် ဝန်ကြီးများ[၂၁][၂၂][၂၃]၊ မြို့တော်ဝန်[၂၄]၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထိပ်ပိုင်းရာထူးများ[၂၅][၂၆]၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့,[၂၇]၊ တရားသူကြီးများ[၂၈][၂၉] နှင့် တရားရုံးချုပ်တရားသူကြီးများ [၃၀][၃၁] ကို အစားထိုးခန့်အပ်ခဲ့သည်။ အခြေခံဥပဒေခုံရုံးကို ဖေဖော်ဝါရီ ၈ ရက်တွင်အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။[၃၂]
နစကသည် ဖေဖော်ဝါရီ ၁၁ ၌ တိုင်းနှင့်ပြည်နယ်အုပ်ချုပ်ရေးကောင်စီနှင့် ဥက္ကဋ္ဌရာထူးများကို လည်းကောင်း[၃၃][၃၄]၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် စစ်တပ်အရာရှိများကို လည်းကောင်း ခန့်အပ်မှုများပြုခဲ့သည်။[၃၅]
ဆောင်ရွက်ချက်နှင့် ကန့်ကွက်ခြင်းများ
ဖေဖော်ဝါရီ ၉ တွင် စာမျက်နှာ ၃၆/၃၇ အရေအတွက်ရှိသော ဆိုက်ဘာဥပဒေမူကြမ်းကို မြန်မာနိုင်ငံ ဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှုပေးသူများထံသို့ ပေးပို့၍ အကြံဉာဏ်တောင်းခံခဲ့သည်။[၃၆] ယင်းမူကြမ်း၌ အင်တာနက်ဝန်ဆောင်မှုပေးသူများက "အမုန်းတရားကိုဖြစ်စေသော၊စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော စကား/စာသား/ရုပ်ပုံ/ဗီဒိယိုနှင့် အသံဖိုင်/သင်္ကေတ စသည်တို့ကို တားဆီးဖယ်ရှားဖျက်သိမ်းခြင်း"အတွက် တာဝန်ခံရန်နှင့် အစိုးရ၏ညွှန်ကြားထညးသောနေရာများ၌ အသုံးပြုသူ၏ အချက်အလက်ကို အနည်းဆုံးသုံးနှစ် ထိမ်းသိမ်းထားရန်လည်းပါဝင်သည်။[၃၇][၃၆] အရပ်ဘက်အဖွဲ့အစည်း (၁၅၀) ကျော်က ထိုဥပဒေမူကြမ်းသည် အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်၊ သတင်းအချက်လက်ကာကွယ်နိုင်မှုနှင့် လွတ်လပ်ခွင့်၊ အခြားဒီမိုကရေစီစံနှုန်းများကို ချိုးဖော်သည်၊ အစိုးရကို ဆန့်ကျင်သောအကြောင်းအရာများကို တားမြစ်ခွင့်၊ အင်တာနက်ဝန်ဆောင်မှုပေးသူများကို ကန့်သတ်ခြင်း၊ သတင်းအချက်လက်များကို ကြားဖြတ်ယူရန် အခွင့်အရေးများကို အစိုးရကို ပေးအပ်ထားသည်ဟု အသီးသီး ကြေညာခဲ့ကြသည်။[၃၆]
ဖေဖော်ဝါရီ ၁၀ ၌ ကောင်စီ၏စေခိုင်းချက်အရ အရပ်သားနိုင်ငံရေးသမားများနှင့် ရွေးကောက်ပွဲကော်မရှင်အရာရှိများကို ညပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခြင်းများပြုခဲ့သည်။ ရည်ရွယ်ချက်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အသက်မဲ့စေရန်ဆောင်ရွက်ခြင်းဖြစ်၏ ။[၃၈] ထိပ်ပိုင်းဖမ်းဆီးထိမ်းသိမ်းခံရသူများ၌ တနင်္သာရီ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ရခိုင် ဝန်ကြီးချုပ်များပါဝင်သွားခဲ့သည်။ ထို့အပြင် ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အရရှိများစွာလည်းပါဝင်ခဲ့သည်။[၃၈]
ကောင်စီက အကျဉ်းသားပေါင်း ၂၃,၃၁၄ ဦးကို ဖေဖော်ဝါရီ ၁၁ တွင် လွှတ်ပေးခဲ့ရာ[၃၉] အန်အယ်လ်ဒီပါတီ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံရာ၌ အားပေးအားမြှောက်ပြုသောသူများလည်းပါဝင်သည်။[၄၀] နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအဖွဲ့ (AAPP) က ယခုထောင်ခါမှုသည် နိုင်ငံရေးသမားများကို ဖမ်းဆီးရန် နေရာလွတ်ထားခြင်းဖြစ်သည်ဟု ၎င်းတို့၏စိုးရိမ်သောကကို ဖော်ပြခဲ့သည်။[၄၁] ထို့နောက် နိုင်ငံနှင့်အဝှမ်း ညပိုင်း လုံခြုံရေးစိုးရိမ်ရခြင်းနှင့် မီးကွင်းပစ်ခြင်း စသည့်ကိစ္စရပ်များသည် ဤအကျဉ်းသားများလွှတ်ပေးလိုက်ခြင်းနှင့် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပွားခဲ့သည်။[၄၂]
ဖေဖော်ဝါရီ ၁၄ တွင် နစကသည် လက်ရှိကျင့်သုံးနေသော ဥပဒေအချို့ကို ပြင်ဆင်ခဲ့ရာ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ယာယီကန့်သတ်သော ဖမ်းဝရန်းမပါရှိဘဲ ရှာဖွေ၊ ဖမ်းဆီးနိုင်ခွင့်များကို တရားဝင်ဖြစ်စေခဲ့သည်။[၄၂] ယခင်အစိုးရလက်ထက်က ဖျက်ပစ်ခဲ့သည့် ဧည့်စာရင်းဥပဒေကိုလည်း ပြန်လည်အသက်သွင်းခဲ့သည်။[၄၂]
သတင်းမီဒီယာများက "အာဏာသိမ်းစစ်ကောင်စီ" (သို့) "အာဏာသိမ်းစစ်အစိုးရ" ဟုသုံးနှုန်းရေးသားကြသည်။ ထိုအမည်နှင့်ပတ်သက်၍ အာဏာသိမ်းစစ်အစိုးရဟု မသုံးနှုန်းကြရန် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို စာရေးအကြောင်းကြားခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၂ တွင် ကျင်းပသောအစည်းအဝေး၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ခေါ်ဝေါ်ရေးသားလျှင် အရေးယူမည်ဟူ၍ ထပ်မံပြောကြားခဲ့လေသည်။[၄၃][၄၄]
အမြင်သဘောထားများနှင့် တုံ့ပြန်မှုများ
အရပ်ဘက်အဖွဲ့ဝင်များမှာ အရေအတွက်အနေဖြင့် ရှစ်ဦးရှိရာ နှစ်ဦးမှာ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့ဖြစ်၍ ထိုနှစ်ဦးသည် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းများဖြစ်ကြပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကို တည်ထောင်ခဲ့ကြသောသူများလည်း ဖြစ်ကြသည်။ ဦးခင်မောင်ဆွေသည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်ကာ ဦးသိန်းညွန့်သည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီတွင်း ငွေရေးကြေးရေးပြဿနာအချို့ကြောင့် ပါတီမှနုတ်ထွက်ခဲ့ပြီး တစ်သီးပုဂ္ဂလအဖြစ်ယှဉ်ပြိုင်ခဲ့ကာ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီပါတီ ကိုထူထောင်ခဲ့၍ ၎င်းပါတီသည် ကြံခိုင်ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ပြုထားသည်။[၄၅] ထိုနှစ်ဦး၏ပါတီများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်၌ တပ်မတော်နှင့် တွေ့ဆုံလေ့ရှိသောပါတီများဖြစ်ကြသည်။[၄၆]
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်လာသော ပဒိုမန်းငြိမ်းမောင်နှင့်ပတ်သက်၍ ကေအန်ယူအဖွဲ့က ကြေညာချက်တစ်ခုထုတ်ပြန်ရာတွင် ၎င်းသည် ကေအန်ယူအဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း အများအမြင်ရှင်းစေရန်ဟူသောရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့သည်။[၁၇][၄၇] ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးစောဒန်နီရယ်သည်လည်း ၎င်း၏ဆန္ဒအလျှောက် နိုင်ငံတော်ကောင်စီတွင်ပါဝင်ခဲ့သောကြောင့် မိခင်ပါတီက ၎င်းကိုထုတ်ပယ်ကြောင်း သတင်းကြေညာချက်တစ်ခုကို ဖေဖော်ဝါရီ ၄ တွင် ပြုလုပ်ခဲ့သည်။[၄၈]
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံရခြင်း
၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် တရားဝင်ရွေးကောက်ခံ အမတ်များဖြင့် ဖွဲ့စည်းထားသည့် တရားဝင်ကော်မတီဖြစ်သည့်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား "အကြမ်းဖက်အုပ်စု" အဖြစ် ကြေညာခဲ့သည်။[၄၉] ထိုသို့ အကြမ်းဖက်အဖွဲ့ဟူ၍ ကြေညာခြင်းခံရသကဲ့သို့ မီဒီယာများ၊ လူမှုကွန်ယက်များနှင့် အများပြည်သူအများကြားတွင်လည်း အကြမ်းဖက် စစ်ကောင်စီ ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲကြ၏ ။[၅၀]
မှတ်စု
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.