၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း
From Wikipedia, the free encyclopedia
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းယူမှုဖြစ်ပွားခဲ့သည်။ မနက်ပိုင်းအချိန်တွင် တပ်မတော်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အခြားသောပါတီဝင်များကို ဖမ်းဆီးခဲ့သည်။[၁၀][၁၁] ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေး ခေါ်ယူကာ နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းခဲ့သည်။[၁၂][၁၃][၁၄] အာဏာသိမ်းယူမှု ဖြစ်ပွားပြီး မကြာမီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေါ်ကီတော်ကီပိုင်ဆိုင်မှုဖြင့်လည်းကောင်း၊ ဦးဝင်းမြင့်ကို ကိုဗစ်ကာလ၌ ကျန်းမာရေးထုတ်ပြန်ချက်များကို မလိုက်နာခြင်းကြောင့်ဟု စွပ်စွဲ၍ လည်းကောင်း တရားစွဲဆိုခဲ့သည်။[၁၅][၁၆][၁၇][၁၈] ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အားလည်း ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်များကို မလိုက်နာခြင်းကြောင့်ဟု စွပ်စွဲကာ ထပ်မံတရားစွဲခဲ့ပြန်သည်။[၁၉]၂၀၂၁ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထိ စစ်အစိုးရအားဆန့်ကျင်သူများအား အာဏာသိမ်းစစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်ဖမ်းဆီးခြင်း ညှင်းပန်းနှိပ်စက်ခံရခြင်းတို့ကြောင့် သေဆုံးသူ ၉၂၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ၆၈၀၀ကျော်ရှိသည်ဟု AAPP[၂၀]နှင့် နိုင်ငံတကာသတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများတွင်တွေ့ရသော်လည်း အာဏာသိမ်းစစ်ကောင်စီမှာငြင်းဆန်နေဆဲဖြစ်သည်။
| ||||||||||||||||||||||
စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုများအား စစ်အစိုးရ၏ ဖြိုခွင်းမှုများကို တုံ့ပြန်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လက်နက်ကိုင် တော်လှန်ဆန့်ကျင်မှုများ နိုင်ငံအဝှမ်းတွင် ဖြစ်ပေါ်ခဲ့သည်။[၂၁]
၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ ကလေးသူငယ်များအပါအဝင် အရပ်သား ၁,၇၁၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၉,၉၈၄ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။[၂၂] ၂၀၂၁ ခုနှစ် မတ်လအတွင်း ထင်ရှားသော NLD ပါတီဝင် သုံးဦးမှာ ဖမ်းဆီးစစ်ဆေးခံနေရစဉ်အတွင်း သေဆုံးခဲ့သလို[၂၃][၂၄] ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လေးဦးကိုလည်း စစ်အစိုးရက ကွပ်မျက်ခဲ့သည်။[၂၅]
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျရောက်သော မြန်မာနိုင်ငံ၏ ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား ၉,၀၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။[၂၆]
နောက်ခံသမိုင်းကြောင်း

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင်လွှတ်လပ်ရေးရပြီးနောက် တိုင်းပြည်အတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်လာခဲ့သည်။ ၁၉၅၈ နှင့် ၁၉၆၀ အကြားတွင် တပ်မတော်သည် ဝန်ကြီးချုပ်ဦးနုအစား တိုင်းပြည်ကိုခေတ္တအုပ်ချုပ်ခဲ့သည်။[၂၇] ၁၉၆၀ တွင် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော်လည်း[၂၈] ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းသည် အာဏာသိမ်းပိုက်ပိုက်ခဲ့သည်။[၂၉]
၁၉၈၈ ခုနှစ်တွင် အရေးအခင်းကြီးဖြစ်ခဲ့ရာ ဦးနေဝင်းအစိုးရကို ဖြုတ်ချနိုင်ခဲ့လေသည်။ သို့သော် တပ်မတော်ဦးစီးသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ သည် ချက်ချင်းအာဏာသိမ်းပိုက်ခဲ့သည်။[၃၀] ၁၉၉၀ ပြည့်နှစ်တွင် ရွှေးကောက်ပွဲကို ပြန်လည်ကျင်းပခဲ့ရာ ဒေါ်ဆောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အနိုင်ရခဲ့လေသည်။ သို့သော်တပ်မတော်သည် ထိုရလဒ်များကို အသိအမှတ်မပြုဘဲ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချခဲ့သည်။[၃၁][၃၂][၃၃]
စစ်တပ်အစိုးရသည် ၂၀၁၁ ခုနှစ်တွင်ပြီးဆုံးခဲ့သော်လည်း အရပ်သားအစိုးရ၏ပါတီမှာ စစ်တပ်ကသာဖွဲ့စည်းထားခြင်းဖြစ်သည်။[၃၄] ၂၀၁၅ ခုနှစ်၏ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ထပ်မံ၍ အနိုင်ရရှိခဲ့သည်။ သို့သော် လွှတ်တော်၏ နေရာများအနက် ၂၅ ရာခိုင်နှုန်းကိုတပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နေရာယူထားသည်။[၁၀][၃၅]
၂၀၂၀ ခုနှစ်၏ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်နေရာ ၄၇၆ နေရာအနက် ၃၉၆ နေရာကိုအနိုင်ရရှိခဲ့ရာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်ထက်ပင် ပို၍များပြားသည်။ တပ်မတော်၏ ကျောထောက်နောက်ခံ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမူ နေရာ ၃၃ နေရာသာ အနိုင်ရရှိခဲ့သည်။[၁၀] ထိုအခါတပ်မတော်သည် မဲပေးခွင့်ရှိသူ ဦးရေးထက် မဲစာရင်းထုတ်ပြန်ရာတွင် ၁၀ သန်းကျော်ပိုမိုများပြားနေခြင်း ကြိုတင်ဆန္ဒမဲပေးချိန်များတွင်လဲ မလျှော်ကန်သော (ဥပဒေနှင့် မညီညွှတ်သော) မဲပေးခြင်းများ ရွေးကောက်ပွဲကော်မရှင်သို့ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းများမရှိခဲ့ခြင်း စသည်ဖြင့်အကြောင်းပြချက်အမျိုးမျိုးပြကာ ရွေးကောက်ပွဲရလဒ်များကို အမှန်မဟုတ်ကြောင်းစွပ်စွဲခဲ့သည်။[၃၆] သို့ဖြစ်ရာ ပြင်သစ်၊ အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့သည် အာဏာသိမ်းပိုက်နိုင်သည့်အကြောင်းနှင့်ပတ်သက်၍ စိုးရိမ်ခဲ့ကြသည်။[၁၀][၃၇]
ဖြစ်ရပ်များ
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် အခြားသောပါတီခေါင်းဆောင်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။[၃၈] မိမိကိုလည်း တပ်မတော်မှ လာရောက်ဖမ်းဆီးနိုင်ချေ ရှိကြောင်းလည်းပြောဆိုခဲ့သည်။[၃၉] ထို့အပြင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများမှာလည်း ရုတ်တရက်ပျောက်ဆုံးသွားလေသည်။[၄၀][၄၁][၄၂]
ရွေးကောက်ခံကိုယ်စားလှယ်များ အယောက် ၄၀၀ ခန့်ကို နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ အကျယ်ချုပ်ချခဲ့သည်။[၄၃] ထိုအခါ NLD သည် ထိုဖမ်းဆီးခံရသောသူတို့အား ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ နေထိုင်နိုင်အောင်စီစဉ်ပေးခဲ့သည်။[၄၄] ဆိုရှယ်မီဒီယာအသုံးပြုသူများသည် ထိုကိုယ်စားလှယ်များကိုရိပ်သာအတွင်း၌သာ လွှတ်တော်အစည်းအဝေးစတင်ရန် ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာတပ်မတော်သည် ထိုကိုယ်စားလှယ်များအား ၂၄ နာရီအတွင်း စည်ပင်ဧည့်ရိပ်သာမှ ထွက်ခွာရန်အမိန့်ပေးခဲ့သည်။[၄၅][၄၄] ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် NLD လွှတ်တော်အမတ်အယောက် ၇၀ တို့သည် စစ်အစိုးရကိုဆန့်ကျင်သောအားဖြင့် လွတ်တော်အစည်းအဝေးစတင်သကဲ့သို့ သစ္စာဆိုကတိပြုခဲ့ကြသည်။[၄၆]
ထို့အပြင် တပ်မတော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသော မြဝတီမင်းကြီးကျောင်း ဆရာတော်နှင့် ရွှေညဝါဆရာတော်တို့အား ဖမ်းဆီးခဲ့သည်။[၄၇][၄၈] ရှစ်လေးလုံးတွင်ပါဝင်ခဲ့သူ ကိုမြအေးအားလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။[၄၉] နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (Assistance Association for Political Prisoners) အဖွဲ့၏အဆိုအရ လွှတ်တော်အမတ် ၁၃၃ ဦးနှင့် ပြည်သူလှုပ်ရှားမှုအတွက်တက်ကြွသူ ၁၄ ဦးတို့ကိုဖမ်းဆီးထားသည်။[၄၇]

နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် တပ်မတော်စစ်သားများကို တွေ့မြင်ခဲ့ရသည်။[၅၀] နံနက် ၁၀နာရီခန့်မှစ၍ မြဝတီရုပ်မြင်သံကြားမှစစ်တပ်သည်တိုင်းပြည်ကို စတင်အုပ်ချုပ်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။[၅၁][၅၂] ဒုသမ္မတဦးမြင့်ဆွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်အာဏာလွှဲပြောင်းမှုမရှိသော်လည်း ယာယီသမ္မတဖြစ်လာခဲ့ပြီး ၁ ရက် ၂ လ ၂၀၂၁ ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း(၁၁) ပုဒ်မ ၄၁၇အရ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး ပုဒ်မ ၄၁၈ အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အာဏာလွှဲပြောင်းခဲ့သည်။[၅၃] အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည်တိုင်းပြည်ကို တစ်နှစ်မျှ အုပ်ချုပ်မည်ဖြစ်ကြောင်းနှင့် စစ်ဆေးဆောင်ရွက်ရန်ရှိသည်များဆောင်ရွက်ပြီး သည့်နောက် နိုင်ငံတော်သမ္မတ အား ပုဒ်မ ၄၂၂ အရ အာဏာ ပြန်လည်လွှဲအပ်ပြီးနောက် (၆) လအတွင်း ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၅၄][၅၅] ညပိုင်းတွင် တပ်မတော်သည် ပြည်ထောင်စုဝန်ကြီးအသစ် ၁၁ ဦး ကို ခန့်အပ်ကြောင်းကြေညာခဲ့သည်။[၁] ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။[၅၆][၅၇]
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို ရဲတပ်ဖွဲ့ကဝင်စီးခဲ့ရာ သူမအားနိုင်ငံခြားမှဆက်သွယ်ရေးကိရိယာများ (ICOM စကားပြောစက် ၁၀ လုံးနှင့် Jumber တစ်လုံး) ကို တရားမဝင်တင်သွင်းသည်ဟု တရားစွဲ၍ရမန်ယူခဲ့သည်။[၅၈][၅၉][၆၀][၆၁] ထိုအမှု၏ပြစ်ဒဏ်သည် ထောင်ဒဏ် ၃ နှစ် အပြင် ဒဏ်ကြေးပါပေးဆောင်ရမည်ဖြစ်သည်။[၅၈][၆၂] နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ နေပြည်တော်တွင် ပြုလုပ်ခဲ့သော Car Campaign တွင် လက်ပြနှုတ်ဆက်ခဲ့သည်ကို လူစုလူဝေးပြုလုပ်သည်ဟူ၍ လည်းကောင်း၊ မဲဆွယ်စည်းရုံးရေး ကာလများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ဥပဒေစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်သည်ဟူ၍ လည်းကောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဥပဒေဖြင့် တရားစွဲ၍ရမန်ယူခဲ့သည်။[၅၉][၅၈]
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဩစတြေးလျန်းလူမျိုး စီးပွားရေးအကြံပေးဖြစ်သူ ရှောင် တာနယ် (Sean Turnell) အားဖမ်းဆီးခဲ့သည်။[၆၃]
ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်တို့တွင် တပ်မတော်သည် ညဘက်အပြင်မထွက်ရနှင့် လူ ၅ ဦးနှင့်အထက် စည်းဝေးခြင်းမပြုရအမိန့်တို့ကို ကြေညာခဲ့သည်။[၆၄][၆၅][၆၆]
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြန်မာ့ရဲတပ်ဖွဲ့သည် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ကို ဝင်ရောက်စီးနင်းခဲ့သည်။[၆၇] ထို့အပြင်တပ်မတော်သည် ဆိုက်ဘာဥပဒေမူကြမ်းကိုရေးဆွဲခဲ့သည်။ ထိုဥပဒေမူကြမ်းကို နည်းပညာသမားများသည် လူ့အခွင့်အရေးကိုချိုးဖောက်သည်ဟုဆိုကာ အပြင်းအထန်ရှုတ်ချခဲ့သည်။[၆၈] မြန်မာ့အင်တာနက်အတွင်း Firewall ကို တရုတ်မှကူညီ၍ တည်ဆောက်မည့်အကြောင်းကို သံသယဖြစ်လာခဲ့ကြသဖြင့် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ သို့သော်တရုတ်သည် ထိုအကြောင်းကို ကောလဟာလဟူ၍ငြင်းပယ်ခဲ့သည်။[၆၉]
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကယားပြည်နယ်၌ ရဲသားများသည်လည်း ဆန္ဒပြသူများနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။[၇၀]
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညသန်းခေါင်အချိန်၌ တပ်မတော်နှင့်မြန်မာ့ရဲတပ်ဖွဲ့သည် အစိုးရဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများ၊ NLD အဖွဲ့ဝင်များ၊ ဆန္ဒပြသူများနှင့် အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးရွှေမန်းကို ဖမ်းဆီးခဲ့သည်။[၇၁]
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်အစိုးရမှသတင်းမီဒီယာအား "အာဏာသိမ်းအစိုးရ" (အင်္ဂလိပ်အားဖြင့် "junta"၊ "regime") စသောအခေါ်အဝေါ်များကို အသုံးမပြုရန်တားမြစ်ခဲ့သည်။[၇၂] ထို့အပြင်မင်းကိုနိုင်အားလည်း ဖေ့စဘွတ်ပေါ်တွင်ပို့စ်များရေးတင်ခဲ့ရာ နိုင်ငံတော်ငြိမ်ချမ်းရေးကို ထိခိုက်စေသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။[၇၃]
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် တပ်မတော်သည် ပြည်သူများအားဖိနှိပ်ရန် တင့်ကားများ၊ သံချပ်ကာကားများစသည်တို့ကို မြို့ကြီးများတစ်ခွင်ပို့ချထားသည်။ ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် ဆက်လက်ဆန္ဒပြခဲ့ကြသည်။[၇၄] ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံတရားစွဲရမန်ယူခဲ့သည်။[၇၅]
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် နာမည်ကျော် ဆယ်လီဘရစ်တီ ၆ ဦးအား CDM ပြုလုပ်ရန်လှုံ့ဆော်မှုကြောင့် ဖမ်းဆီးခဲ့သည်။[၇၆]
၂၀၂၁ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂမြန်မာသံအမတ် ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းပိုက်မှုကို ငြင်းဆန်ကြောင်းပြောကြားခဲ့သည်။[၇၇] နောက်နေ့တွင် တပ်မတော်မှသူ့အား ရာထူးနေရာမှ ဖြုတ်ချခဲ့သည်။[၇၈] စမ်းချောင်းမြို့နယ် ရဲစခန်းမှ ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ (Yuki Kitazumi) အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။[၇၉]
၂၀၂၁ မတ်လ ၈ ရက်တွင် MRTV သည် မစ္ဈိမ၊ Myanmar Now၊ DVB၊ 7 Day News နှင့် ခေတ်သစ်မီဒီယာ ဟူသောသတင်းမီဒီယာတို့ကို ထုတ်ဝေခွင့်ပိတ်ပင်ခဲ့သည်။[၈၀]
မတ်လ ၉ ရက်နေ့တွင် ယူကေသံအမတ် ကျော်စွာမင်းသည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံသို့ ပြန်ခေါ်ခြင်းခံခဲ့ရသည်။[၈၁]
နိုင်ငံတော်သမ္မတအား ထိန်းသိမ်းခြင်း
၂၀၂၁ခုနှစ် အောက်တိုဘာလတွင် တရားရုံး၌ ဦးဝင်းမြင့်၏ ထွက်ဆိုချက်များအရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ နံနက် (၅)နာရီခန့်တွင် သမ္မတအိမ်တော်ရှိ အိပ်ခန်းသို့ စစ်သားများက တံခါးလာခေါက်ခဲ့သည်။ ထိုအချိန်တွင် အိမ်တော်အတွင်း အကြမ်းဖက်တိုက်ဖျက်ရေးဝတ်စုံများ ဝတ်ဆင်ထားသော စစ်သားများ ရောက်ရှိနှင့်နေပြီဖြစ်သည်။ ထို့နောက် စစ်သားများက အိမ်တော်အရှေ့ပိုင်းရှိ သမ္မတရုံးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ကြီး (သို့မဟုတ်) ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူတစ်ဦးမှ ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။ သမ္မတမှ ငြင်းဆိုသဖြင့် အနောက်ပိုင်းရှိ အိမ်တော်သို့ ပြန်ပို့ခဲ့သည်။ ထို့နောက် သမ္မတနှင့် မိသားစု၏ လက်ကိုင်ဖုန်းများကို သိမ်းဆည်းလိုက်ကြသည်။ ထိုနေ့ နေ့လယ်ပိုင်းတွင် သမ္မတအိမ်တော်မှ (၃)ရက်အတွင်း ဖယ်ရှားရန် ပြောခဲ့သည်။ ဖေဖော်ဝါရီ (၄)ရက်နေ့ညတွင် သမ္မတအိမ်တော်အနီးရှိ ဝန်ကြီးအိမ်တော်များမှ တစ်လုံးတွင် နေရာချပေးခဲ့ပြီး ၂၀၂၁ခုနှစ် မေလ (၂၃)ရက်နေ့တွင် နောက်ထပ်နေရာတစ်ခုသို့ ရွှေ့ပြောင်းခဲ့သည်။[၈၂]
အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်း
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ရာမှ တစ်နှစ်ပြည့်မြောက်သဖြင့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့နှင့် ၂၀၂၂ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တို့တွင် တစ်ကြိမ်လျှင်(၆)လစီ သက်တမ်းတိုးမြှင့်ခဲ့သည်။[၈၃][၈၄][၈၅]
အခြေခံဥပဒေအရ အရေးပေါ်ကာလကို သာမန်အားဖြင့် (၆)လ ၂ကြိမ်သက်တမ်းတိုးနိုင်သော်လည်း ၂၀၂၃ခုနှစ် ဇန်နဝါရီလအထိတွင် တိုင်းပြည်သည် သာမန်အခြေအနေမဟုတ်သဖြင့် နောက်ထပ် (၆)လ သက်တမ်းတိုးကြောင်း ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ယာယီသမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှတဆင့် ကြေညာခဲ့သည်။ အခြေခံဥပဒေဆိုင်ရာခုံရုံးအား သဘောထားတောင်းခံခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ကြောင်း သဘောထားပြန်ခဲ့သည်။[၈၆] ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် နောက်ထပ် (၆)လ သက်တမ်းတိုးမြှင့်ခဲ့သည်။[၈၇]
သိမ်းပိုက်ခြင်းအကြောင်းအရင်း
တပ်မတော်မှ အာဏာသိမ်းပိုက်ခြင်း အကြောင်းအရင်းကို သေချာစွာမသိရသေးပေ။ တပ်မတော်သည် မဲစာရင်းမှားယွင်းမှုသည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်သည်ဟုဆိုခဲ့သည်။[၈၈] အာဏာမသိမ်းပိုက်မီ ရက်အနည်းငယ်အကြာတွင် ရွေးကောက်ပွဲကော်မရှင်သည် စစ်တပ်၏စွပ်စွဲမှုကို သက်သေပြနိုင်ခြင်းမရှိသောကြောင့် ငြင်းပယ်ခဲ့သည်။[၈၉] ထိုသို့အာဏာသိမ်းပိုက်ရခြင်း၏ အကြောင်းအရင်းမှာ တပ်မတော်မှနိုင်ငံကို ဆက်လက်အုပ်ချုပ်လိုခြင်းကြောင့် ဖြစ်သည်ဟုဆိုကြသည်။[၉၀][၉၁]
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အသက် ၆၅ နှစ် ပြည့်သောအခါတွင် ရာထူးမှအနားယူရမည်ဖြစ်ရာ လက်ရှိတာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ၂၀၂၁ ဇူလိုင်လတွင် အနားယူရတော့မည်ဖြစ်သည်။[၉၂] ဗိုလ်ချုပ်မင်းအောင်လှိုင်အားဆက်ခံမည့်သူသည် ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံတော်သမ္မတကသာလျှင် ရွေးချယ်တင်မြှောက်နိုင်သည်။[၉၂] သို့ဖြစ်ရာမင်းအောင်လှိုင်အနားယူသောအခါ နိုင်ငံတကာတရားရုံးများမှသူ့အား ရိုဟင်ဂျာပြဿနာများနှင့် အခြားစစ်ရာဇဝတ်မှုများဖြင့် တရားစွဲနိုင်မည်ဖြစ်သည်။[၉၃][၉၄] ရာထူးမှအနားယူပြီးနောက်သူသည် နိုင်ငံရေးကိုဆက်လက်လုပ်ဆောင်မည်ဟုလည်း အရိပ်အမြွှက်ပြခဲ့သည်။[၉၄]
Justice For Myanmar အဖွဲ့သည် မင်းအောင်လှိုင်မိသားစုတွင် စီးပွားရေးကိစ္စရပ်များရှိသောကြောင့် စီးပွားရေး အဆင်မပြေမှု မဖြစ်စေရန် အာဏာသိမ်းပိုက်ခြင်း ဖြစ်သည်ဟုဆိုခဲ့သည်။[၉၅] မင်းအောင်လှိုင်သည် စစ်တပ်ပိုင်ဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်တို့ကို ချုပ်ကိုင်ထားသည်။ [၉၆] သူ၏ သားသမီးများသည်လည်း စီးပွားရေးဆိုင်ရာနယ်ပယ်အချို့ကို ပိုင်ဆိုင်ထားသည်။[၉၅]
အာဏာမသိမ်းမီ ရက်အနည်းငယ်အကြာက International Monetary Fund သည် ကိုဗစ်ရောဂါကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား အမေရိကန်ဒေါ်လာ ၃၅၀ မီလီယံ ပေးအပ်ခဲ့သည်။[၉၇] ထိုရန်ပုံငွေကို ထိုအဖွဲ့မှပြန်ယူခြင်းမရှိဘဲ ပေးအပ်ထားသည်။[၉၇] နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ မေးမြန်းခံရသောအခါ IMF သည် အစိုးရပြည်သူ၏အလိုအတိုင်း ငွေကိုသုံးဆောင်သွားမည် ဟူ၍သာဆိုခဲ့သည်။[၉၈] ဗဟိုဘဏ်၏အကြီးအကဲဖြစ်သူသည် စစ်တပ်မှဖြစ်ကြောင်းနှင့်ပက်သက်၍ ပြောဆိုခြင်းမရှိခဲ့ပေ။[၉၈][၉၉]
အာဏာသိမ်းစစ်ကောင်စီ၏ လော်ဘီသတင်းထောက်သည် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံနှင့်အလွန် နီးစပ်လျက်ရှိနေသောကြောင့် အာဏာသိမ်းရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာတပ်မတော်အနေဖြင့် အမေရိကန်ကဲ့သို့သော အနောက်တိုင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ရန် ဆောင်ရွက်လိုကြောင်း ပြောဆိုခဲ့သည်။[၁၀၀]
နိုင်ငံရေးပထဝီဝင်အားဖြင့်ကြည့်ခြင်း
အနောက်တိုင်းမီဒီယာများ၏ ဖော်ပြချက်များအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား လွှမ်းမိုးခြယ်လှယ်နိုင်သည်။[၁၀၁][၁၀၂][၁၀၃] ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အစည်းအဝေးများတွင် မြန်မာ့တပ်မတော်အား အရေးယူမည့်ဥပဒေမူကြမ်းတို့ကို တရုတ်နှင့်ရုရှားနိုင်ငံတို့သာလျှင် ဗီတိုအာဏာသုံး၍ ငြင်းဆန်ခဲ့ကြသည်။ ထို့အပြင် ထိုနှစ်နိုင်ငံတို့သည် မြန်မာ့စစ်တပ်အား လက်နက်ထောက်ပံ့ရာ၌ အဓိကနိုင်ငံများဖြစ်ကြသည်။[၁၀၄] ၂၀၁၉ တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ရင်းနှီးမြှုပ်နှံထားသောငွေကြေးမှာ ဒေါ်လာ ၁၉ ဘီလီယံရှိခဲ့၍ ဥရောပမှ မြှုပ်နှံထားသောငွေကြေးမှာ ဒေါ်လာ ၇၀၀ မီလီယံသာ ရှိခဲ့သည်။[၁၀၄] ရုရှားနိုင်ငံသည်လည်း မြန်မာနိုင်ငံအား စစ်လက်နက်ရောင်းရသဖြင့် ပိုမိုရောင်းရရန် စစ်အာဏာသိမ်းပိုက်မှုကို ထောက်ခံသည်။[၁၀၅]
အစ္စရေးနိုင်ငံသည်လည်း မြန်မာ့စစ်တပ်အား စစ်လက်နက်နှင့် စစ်ဖက်သုံးကိရိယာများကို ထောက်ပံ့ပေးလျက်ရှိခဲ့သည်။[၁၀၆][၁၀၇] အစ္စရေးတရားရုံးမှ မြန်မာနိုင်ငံအား စစ်လက်နက်ရောင်းဝယ်မှုပိတ်ဆို့ရန် အမိန်ထုတ်ခဲ့သော်လည်း မြန်မာစစ်တပ်သည် အခြားအစ္စရေးကုမ္ပဏီများမှ လက်နက်များကို လက်ခံရရှိခဲ့သည်။[၁၀၈][၁၀၉] တပ်မတော်အရာရှိများသည် အစ္စရေးလက်နက်ပြပွဲများကိုလည်း တက်ရောက်ခဲ့ကြသည်။[၁၁၀]
ဥပဒေအရသုံးသပ်မှု
တပ်မှ အာဏာသိမ်းခြင်းသည် ဥပဒေနှင့်ကိုက်ညီသည် မညီသည်ကို ဥပဒေပညာရှင်များက မေးခွန်းထုတ်ခဲ့ကြသည်။[၁၁၁] NLD အစိုးရသည် တပ်မတော်၏ ဥပဒေအသုံးချမှုကို ငြင်းပယ်ခဲ့ကြသည်။[၁၁၂][၁၁၃] တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှ ဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ တို့ကိုအသုံးပြုခဲ့၍ အာဏာသိမ်းပိုက်ခဲ့သည်။[၁၁၄] သို့သော်ဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်သမ္မတကသာလျှင် နိုင်ငံတော်အရေးပေါ်အခြေအနေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်တိုင်ပင်ပြီးမှသာ ကြေညာနိုင်စွမ်းရှိသည်။[၁၁၅] ထို့သို့ကြေညာပြီးမှသာလျှင် ဥပဒေပုဒ်မ ၄၁၈ အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲနိုင်မည်ဖြစ်သည်။[၁၁၅] အာဏာမသိမ်းပိုက်ခင် အချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များမှာ ပြည်သူများကရွေးကောက်တင်မြှောက်ထားသည့် အဖွဲ့ဝင်များပင်ဖြစ်သည်။ သို့သော်တပ်မတော်သည် ထိုကောင်စီကို ဗိုလ်ချုပ်မင်းအောင်လှိုင်ကသာ ဦးဆောင်သည်ဟုဆိုခဲ့ရာ ဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ တို့ကိုအသုံးချခဲ့သည်။[၁၁၆] ထိုသို့ ဥပဒေများကို အသုံးချခဲ့သော်လည်း အစိုးရ၏ တရားဝင် အတည်ပြုမှုမပါရှိခဲ့သောကြောင့် တပ်မတော်အနေဖြင့် ထိုသို့ပြုလုပ်ရန်တရားဝင်သည် မဝင်သည်မှာ ဝေခွဲမရဖြစ်နေသည်။[၁၁၇][၁၁၁]
နိုင်ငံတကာ ဥပဒေပညာရှင်များကော်မရှင် International Commission of Jurists အဖွဲ့က စစ်တပ်၏အာဏာသိမ်းခြင်းသည် မြန်မာနိုင်ငံဖွဲ့စည်းပုံကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တွေ့ရှိကာ စွပ်စွဲထားသော ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းပုံမှန်မဟုတ်ခြင်းသည် အရေးပေါ်အခြေနေကြေညာရန်အတွက် ဖွဲ့စည်းပုံအရ လုံလောက်မျှတသော အနေအထားမဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပေသည်။ ထို့အပြင် အဆိုပါဖော်ပြချက်တွင် ဥပဒေပညာရှင်များအဖွဲ့က စစ်တပ်၏လုပ်ဆောင်ချက်များသည် တရားဥပဒေစိုးမိုးမှု၊ နိုင်ငံတကာဥပဒေနှင့် မြန်မာနိုင်ငံဖွဲ့စည်းပုံ သုံးခုစလုံးကို ဖောက်ဖျက်သည်ဟုလည်း ကြေညာခဲ့သည်။[၁၁၈]
တုံ့ပြန်မှုများ
ပြည်တွင်း
ဆန္ဒပြမှုများ
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများ

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျန်းမာရေးလုပ်သားများနှင့် အခြားအလုပ်သမားများသည် "ပြည်သူများမလိုက်နာခြင်း"ကို စတင်ပြုလုပ်ခဲ့ကြသည်။[၁၁၉][၁၂၀] ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌လည်း "Civil Disobedience Movement" အဖွဲ့ကိုဖွဲ့စည်းခဲ့ရာ follower ပေါင်း ၂၀၀,၀၀၀ ကျော်မျှပါဝင်ခဲ့ကြသည်။[၁၂၁][၁၁၃] အစိုးရ၌လုပ်ကိုင်ကြသော အလုပ်သမားများသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အနုနည်းဖြင့်ဆန္ဒပြခဲ့ကြသည်။[၁၁၃][၁၂၂] ဆေးရုံနှင့် ကျန်းမာရေးအေဂျင်စီ ၁၁၀ ကျော်မှ အလုပ်သမားများပါဝင်ခဲ့ကြသည်။[၁၂၃][၁၂၁] ဆရာဆရာမပေါင်း ၁၀၀,၀၀၀ ကျော်နှင့်[၁၂၁] နိုင်ငံကြားရေးဝန်ကြီးဌာနမှ အဖွဲ့ဝင်ဟောင်းများသည်လည်း ပါဝင်ခဲ့ကြသည်။[၁၂၃] နေပြည်တော်၏ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အလုပ်သမားများသည်လည်း ဆန္ဒပြခဲ့ကြသည်။[၁၂၄] ရှစ်လေးလုံးတွင်ပါဝင်ခဲ့သူ မင်းကိုနိုင်သည်လည်း ထိုသို့စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန်အတွက် တိုက်တွန်းခဲ့သည်။[၁၂၅] ဆန္ဒပြသရာတွင် လက်သုံးချောင်းထောင်ထားခြင်းကို သင်္ကေတပြုခဲ့ကြသည်။[၁၂၆] အချို့သော အင်တာနက် အသုံးပြုသူများသည် အာရှ၏ အွန်လိုင်း ဒီမိုကရေစီလှုပ်ရှားမှုဖြစ်သော နို့လက်ဖက်ရည်မဟာမိတ် (Milk Tea Alliance) ဖြင့်ဆန္ဒပြခဲ့ကြသည်။[၁၂၇] ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းသည် Civil Disobedience တွင်စတင်ပါဝင်ခဲ့သည်။[၁၂၈] "ကမ္ဘာမကြေဘူး" နှင့် "အရေးကြီးပြီ" ဟူသောသီချင်းတို့ကိုသီဆိုခြင်းဖြင့်လည်း ဆန္ဒပြခဲ့ကြသည်။[၁၂၉]

ရန်ကုန်မြို့ ကဲ့သို့သော မြို့ကြီးများ၌ ညနေ ၈ နာရီ အချိန်တိုင်းတွင် အိမ်တွင်း၌ "cacerolazo" ခေါ် အိုးများနှင့်သံပုံးများကို ရိုက်ခတ်ခြင်းဖြင့် စစ်အစိုးရကိုဆန္ဒပြခဲ့ကြသည်။[၁၃၀][၁၃၁][၁၃၂]
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်တပ်၏ ထုတ်ကုန်များကို အားမပေးခြင်းလုပ်ငန်းကိုလည်း စတင်ခဲ့သည်။[၁၃၃] ထိုအားမပေးသောထုတ်ကုန်များတွင် Mytel၊ မြန်မာဘီယာ၊ မန္တလေးဘီယာ၊ ဒဂုံဘီယာ၊ သတ္တမမြောက်အာရုံ စသည်တို့ပါဝင်ကြသည်။[၁၃၄] စစ်ကိုင်းတိုင်း Mytel ၌ အလုပ်သမား ၇၁ ဦးသည် လုပ်ငန်းမှထွက်ခွာခဲ့ကြသည်။[၁၂၁]

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၈ နာရီ၌ အချို့သောရန်ကုန်သားများသည် ဒေါ်အောင်ဆန်းစုကြည်အားစေလွှတ်ရန် ၁၅ မိနစ်မျှထွက်ရောက်ဆန္ဒပြခဲ့ကြသည်။[၁၃၅] မန္တလေးစည်ပင်မှ အဖွဲ့ဝင် ၆ ယောက်သည် ဖေဖော်ဝါရီလ ၃ ရက်တွင် လုပ်ငန်းမှထွက်ခွာခဲ့သည်။[၁၃၆] ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးဆေးတက္ကသိုလ်ရှေ့၌ လူအယောက် ၃၀ ဆန္ဒပြခဲ့ကြရာ ဖမ်းဆီးခြင်းခံခဲ့ရသည်။[၁၃၇][၁၃၈] ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ လူအယောက်နှစ်သောင်းခန့် လမ်းပေါ်ထွက်ခဲ့၍ အောင်ဆန်းစုကြည်အား လွတ်ပေးရန် ဆန္ဒပြခဲ့ကြသည်။[၁၃၉] ထို့အပြင် မန္တလေးနှင့် ပျဉ်းမနားမြို့တို့၌လည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[၁၄၀] ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တပ်မတော်သည် အကြမ်းဖက်အားကိုသုံး၍ ဆန္ဒပြသူများကို လူစုခွဲစေခဲ့သည်။ ဆန္ဒပြသူ ၆ ဦးမှာ ဒဏ်ရာ ရရှိခဲ့သည့်အပြင် အသက် ၂၀ အရွယ်ရှိသော မိန်းကလေးတစ်ဦးသည်လည်း ဦးခေါင်း၌ကျည်ဆန်မှန်ခဲ့ကာ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။[၁၄၁] ဆန္ဒပြသူအယောက် ၁၀၀ ခန့်မှာ ဖမ်းဆီးခြင်းခံခဲ့ရသည်။[၁၄၂] ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံရသူအများစုကို ပြန်လွှတ်ပေးခဲ့သည်။[၁၄၃]

လူငယ်များသည် ရိုးရာဝတ်စုံများ၊ စကတ်များ၊ မင်္ဂလာဆောင်ဝတ်စုံများ စသည်တို့ကိုဝတ်ဆင်ပြီး တစ်မူထူးခြားစွာဆန္ဒပြခြင်းဖြင့် ပြည်တွင်းသာမက နိုင်ငံတကာမီဒီယာများကို တွေ့မြင်စေရန်ပြုလုပ်ခဲ့ကြသည်။[၁၄၄][၁၄၅]
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) တွင် မော်လမြိုင်မြို့၌ ရဲများသည် သေနတ်များပစ်ခတ်ခြင်းဖြင့် ဆန္ဒပြသူများကိုလူစုခွဲစေခဲ့သည်။[၁၄၆] ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ဆန္ဒပြသူများအား သေနတ်ပစ်ခတ်ခြင်းဖြင့် လူစုခွဲစေခဲ့သည်။ ထို့အပြင် သတင်းထောက် ၅ ဦးလည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။[၁၄၇] မန္တလေးမြို့တွင်လည်း စစ်သားများသည်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းခဲ့ပြီး ရာဘာကျည်ဆန်များအပြင် လောက်လေးခွများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်။[၁၄၈]
အင်တာနက်ဖြတ်တောက်မှု
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တပ်မတော်သည် ဖေ့စဘွတ်လူမှုကွန်ရက်ကို "တိုင်းပြည် တည်ငြိမ်လိုသောကြောင့်" ဖေဖော်ဝါရီ ၇ ရက်နေ့အထိပိတ်ပင်ရန် အင်တာနက်ပေးစွမ်းသူများကို အမိန့်ပေးခဲ့သည်။[၁၄၉] MPT သည်လည်း Facebook messenger၊ အင်စတာဂရမ် နှင့် WhatsApp တို့ကိုပိတ်ပင်ခဲ့သည်။ တယ်လီနောကမူ ဖေ့စဘွတ်ကိုသာ ပိတ်ပင်ခဲ့သည်။[၁၅၀][၁၄၉] ဖေ့စဘွတ်ကို ပြည်သူများမလိုက်နာခြင်းလှုပ်ရှားမှု ပြုလုပ်ရန်အတွက်အသုံးပြုခဲ့ကြသည်။[၁၄၉] ဖေ့စဘွတ်အပိတ်ပင်ခံရသောအခါ အသုံးပြုသူများသည် တွစ်တာသို့ပြောင်းရွှေ့လာခဲ့ရာ #RespectOurVotes၊ #HearTheVoiceofMyanmar၊ #SaveMyanmar. စသည်တို့ကိုရေးခဲ့ကြသည်။[၁၅၁] ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တပ်မတော်သည် တွစ်တာကိုပါပိတ်ပင်ခဲ့သည်။[၁၅၂][၁၅၃] ဖေဖော်ဝါရီလ ၆ ရက်တွင် အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်ခဲ့သည်။[၁၅၄] ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကုလသမဂ္ဂမှ အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့သောကြောင့် အင်တာနက် လိုင်းများကိုနေ့လယ်တွင်ပြန်ဖွင့်ပေးခဲ့သည်။ သို့သော် လူမှုကွန်ရက်များကိုမူ ဆက်လက်ပိတ်ပင်ထားသည်။[၁၅၅] ဖေဖော်ဝါရီလ ၁၅ ရက်မှစ၍ အင်တာနက်ဝန်ဆောင်မှုကို မနက် ၁ နာရီမှ ၉ နာရီအထိပိတ်ပင်ခဲ့သည်။[၁၅၆][၁၅၇] စစ်အစိုးရ၏ အင်တာနက်နှင့်ပတ်သက်ပြီး နေ့စွဲအလိုက်စေခိုင်းမှုများကို တယ်လီနော မြန်မာ မှ ထုတ်ဖော်ပြောကြားခဲ့သည်။[၁၅၈]
စီးပွားရေး
ထိုင်းနိုင်ငံ၏ အကြီးမားဆုံး အိမ်ရာတိုးတက်ရေး စီးပွားရေးဖြစ်သော Amata Corporation သည် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကုန်ကျသော စက်မှုတိုးတက်ရေးဇုန်တည်ဆောက်ခြင်းကို အာဏာသိမ်းပိုက်မှုကြောင့်ရပ်ဆိုင်းထားသည်။[၁၅၉][၁၆၀] မြန်မာနိုင်ငံအတွက် ကားထုတ်လုပ်မှု အကြီးဆုံးဖြစ်သော စူဇူကီးသည်လည်း ပြည်တွင်းကားထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည်။[၁၅၉] ရန်ကုန် စတော့အိတ်စချိန်းသည်လည်း ကူးသန်းရောင်းဝယ်ရေးကို ရပ်ဆိုင်းထားသည်။[၁၅၉] မြန်မာနိုင်ငံ၏ အိမ်ရောင်းဝယ်ရေးလုပ်ငန်းစီးပွားရေးသည်လည်း ၁၀၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့သည်။[၁၆၁] ပြင်သစ်ရေနံကုမ္ပဏီဖြစ်သော Total SE သည် မိမိ၏ပံ့ပိုးမှုအပေါ် အာဏာသိမ်းပိုက်ခြင်း၏အကျိုးသက်ရောက်မှုကို လေ့လာနေသည်ဟုဆိုခဲ့သည်။[၁၆၂]
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကီရင် ကုမ္ပဏီ (Kirin Company) သည် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်နှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။[၁၆၃][၁၆၄][၁၆၅] ထိုကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ဘီယာထုတ်လုပ်မှုတွင် ဈေးကွက်ရှယ်ရာ ၈၀% (အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ) ကိုပိုင်ဆိုင်ထားသည်။[၁၆၅] ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် Razer ကို တွဲဖက်တည်ထောင်သူ သည် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ရှယ်ယာအများစုပိုင်ဖြစ်သော Virginia Tobacco ဆေးလိပ်ကုမ္ပဏီသို့ ရင်းနှီးမြှုပ်နှံမှုရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။[၁၆၆] ဗိုလ်ချုပ်မင်းအောင်လှိုင်သည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပက်သက်၍ နိုင်ငံတကာစီးပွားရေးနှင့်လုပ်ဆောင်မည် ပြောဆိုခဲ့သည်။[၁၆၇]
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် မြန်မာနိုင်ငံအားထောက်ပံ့မည့်ငွေ ဒေါ်လာ ၁ ဘီလီယံ ပေးအပ်ခြင်းကိုရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။[၁၆၈]
တပ်တွင်းပုန်ကန်မှုများ
ဆန္ဒပြမှုများစပြီးမကြာမီတွင် မြန်မာ့ရဲတပ်ဖွဲ့မှ ပုန်ကန်မှုများပေါ်ပေါက်လာခဲ့သည်။ ၂၀၂၁ မတ်လ ၅ ရက်နေ့တွင် ရဲအရာရှိ ၁၁ ဦးသည် ဆန္ဒပြသူများအား မသတ်ဖြတ်လိုသောကြောင့် မြန်မာ–အိန္ဒိယနယ်စပ်ရှိ မီဇိုရမ်ပြည်နယ်သို့ မိသားစုများနှင့် ထွက်ပြေးခဲ့ကြသည်။[၁၆၉][၁၇၀][၁၇၁][၁၇၂][၁၇၃] စစ်ကောင်စီသည် မီဇိုရမ်ဒေသရှိ ရဲအရာရှိများအား မြန်မာနိုင်ငံသို့ ပြန်ပို့ပေးရန် တောင်းဆိုခဲ့သည်။[၁၇၄] အာသံရိုင်ဖယ်တက်ဖွဲ့ကိုမူ နှစ်နိုင်ငံနယ်စပ်၏ လုံခြုံရေးကို ကျပ်မတ်စေရန် အိန္ဒိယအစိုးရမှ အမိန့်ပေးခဲ့သည်။[၁၇၅] ၂၀၂၁ မတ်လ ၅ ရက်နေ့အထိ ရဲသားများ ၆၀၀ ကျော်မျှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်၍ ရာထူးမှနုတ်ထွက်ခဲ့ကြသည်။[၁၇၆] မတ်လ ၁၀ ရက်မှစ၍ နယ်စပ်၌ဖြတ်သန်းမှုကို ပိတ်ပင်ခဲ့သည်။[၁၇၇]
မြန်မာ့တပ်မတော်၌လည်း တပ်တွင်းပုန်ကန်မှုများရှိခဲ့သည်။ တပ်မ ၇၇ မှ အရာရှိ ထွန်းမြတ်အောင်နှင့် တပ်မ ၉၉ မှ ဗိုလ်မှူးဟိန်းသော်ဦးတို့အပါအဝင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် စစ်သားများသည် မိမိတို့ရာထူးမှနုတ်ထွက်ခဲ့ကြသည်။[၁၇၈][၁၇၉][၁၈၀] ထိုတပ်အရာရှိတို့သည် တပ်မတော်အတွင်း၌ မတည်ငြိမ်မှုများ ရှိနေပြီဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။[၁၇၈][၁၇၉][၁၈၀]
နိုင်ငံတကာ
ပြင်ပဆန္ဒပြမှုများ

ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးအယောက် ၂၀၀ ခန့်နှင့် အချို့သော ထိုင်းဒီမိုကရေစီလှုပ်ရှားမှုအတွက် တက်ကြွသူများသည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[၁၈၂] ထိုဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး နှစ်ဦး ဖမ်းဆီး ခံခဲ့ရသည်။[၁၈၃]
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်လည်း မြန်မာနိုင်ငံသားများသည် ကုလသမဂ္ဂ တက္ကသိုလ်၌ အာဏာသိမ်းပိုက်ခြင်းကို ဆန္ဒပြခဲ့ကြသည်။[၁၈၄] ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဝါရှင်တန်ဒီစီ၏ မြန်မာသံရုံးရှေ့၌ မြန်မာ-အမေရိကန်လူများ အယောက် ၁၅၀ ကျော် ဆန္ဒပြခဲ့ကြသည်။[၁၈၅]
စင်္ကာပူရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံအတွက် ဆန္ဒဖော်ထုတ်ခြင်းမပြုလုပ်ရန် သတိပေးခဲ့သည်။[၁၈၆][၁၈၇] ထိုရဲတပ်ဖွဲ့သည် မြန်မာသံရုံးရှေ့၌ နိုင်ငံခြားသားဆန္ဒပြသူ ၃ ဦးကို ဆန္ဒပြခွင့်မယူထားသောကြောင့် ဖမ်းဆီးခဲ့သည်။[၁၈၈]
နိုင်ငံခြားအစိုးရများ

မြန်မာ
အာဏာသိမ်းပိုက်မှုကိုဆန့်ကျင်
အလွန်စိုးရိမ်သည်ဟုဆို
ကြားနေ
အဆိုပြုမှုမရှိ
အိန္ဒိယ၊[၁၈၉] ဘင်္ဂလားဒေ့ရှ်၊[၁၉၀] အင်ဒိုနီးရှား၊[၁၉၁] တရုတ်၊[၁၉၂] မလေးရှား၊[၁၉၃] ပါကစ္စတန်၊[၁၉၄] ဖိလစ်ပိုင်၊[၁၉၅] တောင်ကိုရီးယား၊[၁၉၆] စင်္ကာပူ[၁၉၇] စသောနိုင်ငံများသည် အာဏာသိမ်းပိုက်ခြင်းကို စိုးရိမ်ပါကြောင်းနှင့် အစိုးရနှင့်တပ်မတော်တို့သည် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း တိုက်တွန်းခဲ့သည်။[၁၉၈] ဩစတြေးလျ၊[၁၉၉][၂၀၀] ကနေဒါ၊[၂၀၁] ပြင်သစ်၊[၂၀၂] ဂျာမနီ၊[၂၀၃] ဂျပန်[၂၀၄] နယူးဇီလန်၊[၂၀၅] စပိန်၊[၂၀၆] ဆွီဒင်၊[၂၀၇] တူရကီ၊[၂၀၈] ယူနိုက်တက်ကင်းဒမ်း[၂၀၉] နှင့် အမေရိကန်နိုင်ငံများ[၂၁၀] သည် ဖမ်းဆီးခံရသူတို့ကို လွှတ်ပေးသင့်ကြောင်း ရာဇသံအမိန့်ဖြင့် ပြောဆိုခဲ့ကြသည်။[၂၁၁][၂၁၂] အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်သည်လည်း အာဏာသိမ်းပိုက်ခြင်းသည် နိုင်ငံတော်၏ ဒီမိုကရေစီကို တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် တပ်မတော်အား လိုအပ်လာလျှင် ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၂၁၃][၂၁၄] နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျက်ဆင်တာ အာဒန် (Jacinta Ardern) သည် အာဏာသိမ်းပိုက်မှုကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ရပ်တန့် ထားသည့်အပြင် ရာထူးကြီးဗိုလ်ချုပ်များကိုလည်း ပိတ်ပင်ခဲ့သည်။[၂၁၅] ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံတို့သည် ထိုအာဏာသိမ်းခြင်းကိစ္စကို ပြည်တွင်း ပြဿနာ အဖြစ်နှင့်သာ ယူဆ၍ ဝင်ရောက်မစွက်ဖက်လိုကြောင်း ပြောဆိုခဲ့ကြသည်။[၂၁၆][၂၁၇][၂၁၈]
ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ အန်တိုနီရို ဂူတာရက်စ်သည် ထိုသို့အာဏာသိမ်းခြင်းသည် မြန်မာ့ဒီမိုကရေစီကို ထိခိုက်ကြောင်း ပြောဆိုခဲ့သည်။[၂၁၉] ထို့အပြင် အာဆီယံအဖွဲ့သည်လည်း နိုင်ငံများအစည်းဝေးခေါ်ယူခဲ့၍ ဆွေးနွေးခဲ့ကြသည်။[၂၂၀][၂၂၁] ဥရောပ သမဂ္ဂသည်လည်း ထိုသို့ အာဏာသိမ်းပိုက်ခြင်းနှင့်ပက်သက်၍ ဝေဖန်ခဲ့သည်။[၂၂၂][၂၂၃]
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ယူကေမှဦးစီး၍ မြန်မာနိုင်ငံ၏ဒီမိုကရေစီ ပြန်လည်ဖော်ယူရေးနှင့် တပ်မတော်အား ပစ်ဒဏ်ပေးနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူခဲ့ကြသည်။[၂၂၄][၂၂၅][၂၂၆][၂၂၇] သို့သော် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံးမှ သဘောတူညီချက်မရရှိခဲ့ပေ။ တရုတ်နှင့်ရုရှားနိုင်ငံတို့သည် အစိုးရနှင့်ပြန်လည်ဆွေးနွှေးလိုသည်ဟုဆိုကာ သဘောတူပေးရန်ငြင်းဆိုခဲ့သည်။ ထို့အပြင် အမြဲတမ်း အဖွဲ့ဝင် များဖြစ်ကြသော တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ဗီတိုအာဏာကိုအသုံးပြုခဲ့၍ ထိုသို့ပြုလုပ်ရန်ပိတ်ပင်ခဲ့သည့်အပြင် တရုတ်သည် "အစိုးရပြန်လည်ဖွဲ့စည်းခြင်း" သာဖြစ်သည်ဟုဆိုခဲ့သည်။[၂၂၈] အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများမဟုတ်ကြသော အိန္ဒိယနှင့်ဗီယက်နမ်နိုင်ငံတို့သည် ထိုသို့ဒီမိုကရေစီပြန်လည်ဖော်ယူရေးကို ပြုလုပ်ပေးရန်တောင်းဆိုခဲ့သည်။[၂၂၉] ၂၀၂၁ မတ် လ ၁၀ ရက်နေ့တွင် လုံခြုံရေးကောင်စီသည် ဖမ်းဆီးခံရသူများအား ပြန်လွတ်ပေးရန်၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအားကူညီပေးရန်၊ စစ်တပ်နှင့်ပြည်သူနှစ်ဖက်လုံးမှ ဆွေးနွှေးတိုင်ပင်ကြရန်သာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။[၂၃၀][၂၃၁][၂၃၂][၂၃၃]
၂၀၂၁ မတ် ၂၇ တွင် မြန်မာ့တပ်မတော်နေ့အခမ်းအနားကို နိုင်ငံရှစ်နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။[၂၃၄]

၂၀၂၁ ဧပြီ ၂၄ တွင် အာဆီယံအသင်းမှ မင်းအောင်လှိုင်အား အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံခေါင်းဆောင်များစည်းအဝေးသို့ တက်ရောက်ရန်ဖိတ်ခေါ်ခဲ့သည်။ စစ်အာဏာသိမ်းပိုက်မှုကို ဆန့်ကျင်သောနိုင်ငံရေးသမားများမှ ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့သည် အာဆီယံအား ဆက်သွယ်နိုင်ခဲ့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရအား ထိုအစည်းအဝေးသို့ ဖိတ်ခေါ်ခြင်းမပြုခဲ့ပေ။[၂၃၅][၂၃၆] ထိုအစည်းအဝေးတွင် မင်းအောင်လှိုင်အား နိုင်ငံခေါင်းဆောင်ဟူ၍ ခေါ်ဆိုခြင်းမရှိခဲ့ပေ။[၂၃၇] အာဆီယံသည် အချက်ငါးချက်ပါ သဘောတူညီမှု (five-point consensus) ကို ထုတ်ပြန်ခဲ့၍ မင်းအောင်လှိုင်အား ပြည်သူတို့အပေါ် အကြမ်းဖက်မှုများကို လျှော့ချပေးရန်သာတောင်းဆိုခဲ့၍ အခြားထိရောက်သော ဆောင်ရွက်ချက်များကို ပေးစွမ်းခြင်းမပြုခဲ့ပေ။[၂၃၈]
အာဆီယံအထူးကိုယ်စားလှယ်များ
အာဆီယံ၏ သဘောတူညီထားသော အချက် (၅)ချက်အရ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်များ ခန့်အပ်ခဲ့သည်။ ၂၀၂၁ခုနှစ်တွင် ဘရူနိုင်းနိုင်ငံခြားရေးဒုဝန်ကြီး အီရိဝမ် ယူစွပ်ဖ်၊ ၂၀၂၂ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်၊ ၂၀၂၃ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီ တို့က အထူးကိုယ်စားလှယ်များအဖြစ် ဆောင်ရွက်ကြသည်။[၂၃၉]
ဆက်လက်ဖတ်ရှုရန်

ဝီကီရင်းမြစ်တွင် ဤဆောင်းပါးနှင့် ပတ်သက်သော စာတမ်းများ ရှိသည် –
ကိုးကားချက်
Wikiwand - on
Seamless Wikipedia browsing. On steroids.