မြင့်မြင့်ခင်ဖေ
From Wikipedia, the free encyclopedia
Remove ads
ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် ကို အဖ ဦးဌေးအောင်ဖေ၊ အမိ ဒေါ်တင်တင်လတ် တို့က ၁၉၅၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။

၁၉၈၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ဦးကျော်သူနှင့် လက်ထပ်ခဲ့ပြီး သားကြီး ပြည်သိမ်းကျော် နှင့် သမီးငယ် မြင်းမိုရ်ဦး တို့ကို မွေးဖွားခဲ့သည်။
၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နာရေးကူညီမှုအသင်း စတင်တည်ထောင်စဉ်က အသင်းတည်ထောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး မြန်မာပြည်တွင် ပထမဦးဆုံးသော အမျိုးသမီးနိဗ္ဗာန်ယာဉ်မောင်းနှင်သူအဖြစ် ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှစတင်၍ နာရေးယာဉ်များကို မောင်းနှင်ခဲ့သည်။
နာရေးကူညီမှုအသင်းတွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ အမှုဆောင်အဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တွဲဖက်ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ယနေ့အထိ အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။
၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ ရန်ကုန်ရှိ ပလာဇာ ၃ ခု တပြိုင်တည်း ဗုံးပေါက်စဉ်ကလည်းကောင်း၊ မိသားစု ၁၈၀၀ အိမ်ခြေ ဆုံးရှုံးခဲ့ရပြီး မှော်ဘီမြို့နယ် ဝါးတရာကျေးရွာသို့ရွှေ့ပြောင်းခံခဲ့ရသော ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ လှိုင်မြို့နယ် မီးလောင်မှုဖြစ်ခဲ့စဉ်ကလည်းကောင်း၊ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ မြစ်၀ကျွန်းပေါ်ဒေသတွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်း ကျရောက်ခဲ့စဉ်ကလည်းကောင်း ကယ်ဆယ်ရေးလုပ်ငန်းများကို နာရေးကူညီမှုအသင်းသူအသင်းသားများနှင့်အတူ ဦးဆောင်လုပ်ကိုင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် နွေရာသီမှစ၍ မြန်မာပြည်တလွှား မိုးခေါင်ရေရှားပါးမှုဒဏ်ခံခဲ့ရစဉ်က ရေပေးဝေခြင်းနှင့် အဝီစိတွင်းတူးလှူခြင်းလုပ်ငန်းများကို အသင်းသားများ၊ နယ်ခံများနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင် ဦးဆောင်ခဲ့သည်။
ပြည်မြို့မှ ရေတွင်းတူးရာတွင်ကူညီခဲ့သော နယ်ခံများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ပူးပေါင်း၍ ၂၀၁၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ပြည်မြို့၌ သုခကုသိုလ်ဖြစ်ဆေးခန်း အခွဲကို ဖွင့်လှစ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဧရာ၀တီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် လက်မှတ်စုဆောင်းရာတွင်လည်းကောင်း၊ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း၌ ဧရာ၀တီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုမှုအခမ်းအနား ကျင်းပရာတွင်လည်းကောင်း ဦးဆောင်လုပ်ကိုင်ခဲ့သည်။
၂၀၁၁ ဒီဇင်ဘာလ နှင့် ၂၀၁၂ ဇန်နဝါရီလ အတွင်းက ကချင်ပြည်နယ် စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော စစ်ဘေးဒဏ်သင့် တိုင်းရင်းသားပြည်သူများအတွက် ငွေကြေးနှင့်ပစ္စည်းများ ဗန်းမော်နှင့် မြစ်ကြီးနားမြို့များသို့ သွားရောက်လှူဒါန်းခဲ့ရာတွင် ကိုယ်တိုင်ပါဝင် ဦးဆောင်ခဲ့သည်။
၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့ တွင် နှစ်ငါးဆယ်အတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးသော အမေရိကန်နိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦး၏ ခရီးစဉ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton လာရောက်စဉ် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာများမှ ပုဂ္ဂိုလ် ၁၀ ဦးအား ခေါ်ယူတွေ့ဆုံရာ၌ ဖိတ်ကြားခံခဲ့ရသည်။
နာရေးကူညီမှုအသင်း၏ ပင်မလုပ်ငန်းဖြစ်သော ဈာပနပို့ဆောင်ရေးလုပ်ငန်းအပြင် တိုးချဲ့လုပ်ကိုင်ခဲ့သော သုခဆေးခန်း၊ သုခအလင်းစာကြည့်တိုက်၊ သုခအလင်း ပညာရေးနှင့် သင်တန်းများ၊ သုခအာဟာရ စားသောက်ဆိုင် နှင့် အသင်းအဆောက်အဦများ ဆောက်လုပ်ရာတွင် ဦးဆောင်လုပ်ကိုင်ခဲ့သည်။
အသင်းသူအသင်းသားများအား အများကောင်းကျိုး ပရဟိတလုပ်ငန်းများကို ဗုဒ္ဒမြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ လုပ်ကိုင်ဖြစ်စေရန် သင်တန်းများတွင် ‘ဗုဒ္ဓဓမ္မနှင့် ပရဟိတ’ ခေါင်းစဉ်ဖြင့် သင်တန်းပို့ချပေးသည်။
‘ရွှေဇီးကွက်’ ဟူသော ကလောင်အမည်ဖြင့် လူမှုရေး၊ ဘာသာရေးဆိုင်ရာ ဆောင်းပါးများ ရေးသားလေ့ရှိသည်။
ရန်ကုန်မြို့ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းက ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် ကို Master of Humane Social Services (M.H.S.S) ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့သည်။ ။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads