ကျော်သူ
From Wikipedia, the free encyclopedia
Remove ads
ကျော်သူသည် ရုပ်ရှင်သရုပ်ဆောင် နှင့် ရုပ်ရှင်ဒါရိုက်တာ အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု နှစ်ခု ရရှိထားသူ ဖြစ်သည်။ ၁၉၅၉ နိုဝင်ဘာလ ၂ ရက် တွင်မွေးဖွားသည်။ ၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်း မြန်မာ့ရုပ်ရှင် ထိပ်ပိုင်းဦးဆောင်သူများထဲမှ တစ်ဦးအဖြစ် ရုပ်ရှင်များကို ရိုက်ကူးခဲ့သည်။ ကျော်သူသည် ဆင်းရဲသားများအတွက် လူမှုရေးလုပ်ငန်းများတွင် အချိန်များစွာ စိုက်ထုတ်နေပြီး၊ ထိုလုပ်ငန်းသည် မြန်မာစစ်အစိုးရအတွက် ပြောဆိုဝေဖန်မှုများဖြစ်စရာ တဖြည်းဖြည်း ဖြစ်လာသည်။ ကျော်သူသည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
Remove ads
ငယ်ဘဝ
ကျော်သူသည် ဦးစိန်တင်၊ ဒေါ်မြသန်း တို့မှ ရန်ကုန်တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ကျော်ဝင်း ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တက်ရောက်ခဲ့ပြီး၊ ရုပ်ရှင်လုပ်ငန်းတွင် ဇောက်ချလုပ်ကိုင်လို၍ တက္ကသိုလ်နောက်ဆုံးနှစ်တွင် ကျောင်းထွက်ခဲ့သည်။ လှိုင်တက္ကသိုလ်ကျောင်းဝင်းတွင် ကျောင်းတက်နေစဉ် ဇနီးဖြစ်လာမည့် မြင့်မြင့်ခင်ဖေ နှင့် ၁၉၇၈ တွင် တွေ့ဆုံခဲ့သည်။ ကျော်သူသည် မြင့်မြင့်ခင်ဖေနှင့် လက်ထပ်ခဲ့ပြီး၊ သား ပြည်သိန်းကျော် နှင့် သမီး မြင်းမိုရ်ဦး တို့ မွေးဖွားခဲ့သည်။
Remove ads
သရုပ်ဆောင်ဘဝ
ကျော်သူသည် ရုပ်ရှင်လောကသို့ ၁၉၈၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး၊ ရုပ်ရှင်သက်တမ်းအနှစ် နှစ်ဆယ်ကျော်အတွင်း ရုပ်ရှင်ကား ၂၀ဝ ကျော်တွင်ပါဝင်၍ ဒါရိုက်တာအဖြစ် ရုပ်ရှင် ၆ ကား ရိုက်ကူးခဲ့သည်။ ၁၉၈၀ နှင့် ၁၉၉၀ နှစ်များတွင် ကျော်သူသည် မြန်မာ့ရုပ်ရှင်တွင် အောင်မြင် ကျော်ကြားသူများထဲမှ တစ်ယောက်ဖြစ်သည်။
တပြည်သူမရွှေထား ရုပ်ရှင်တွင် အကောင်းဆုံးသရုပ်ဆောင်ခဲ့သည့်အတွက် ၁၉၉၄ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ကို ရရှိခဲ့သည်။ ၁၉၉၄ ခုနှစ်အထိ ဝါဒဖြန့်ကားများကို ငြင်းဆိုခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် သူ၏ရုပ်ရှင်ကားများထဲမှ တစ်ကားသည် လူကြိုက်များပြီး၊ ဆုရရှိမည်ဟု ခန့်မှန်းပြောဆိုကြသော်လည်း ဆုတစ်ခုမှ မရရှိခဲ့ပါ။
ဒုတိယအကယ်ဒမီဆုကို ၂၀ဝ၃ ခုနှစ်၏ အမေ့နို့ဖိုး ရုပ်ရှင်ကားအတွက် အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့သည်။ နောက်ဆုံးတွင် အာဏာပိုင်များနှင့် စကားများရန်ဖြစ်သောကြောင့် – ရဟန်းသံဃာများဦးဆောင်သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို အားပေးထောက်ခံခဲ့သည့်အတွက် ၂၀ဝ၇ အောက်တိုဘာလတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၂၀ဝ၇ အောက်တိုဘာလတွင် သူ၏နောက်ဆုံး ခုခံအားကျရောဂါ ပညာပေးရုပ်ရှင် အကြွင်းမဲ့လုံခြုံရာ ကို အစိုးရဆင်ဆာအဖွဲ့မှ ပြသရန် ပိတ်ပင်တားဆီးခဲ့သည်။
Remove ads
လူမှုရေးအလုပ် နှင့် နိုင်ငံရေးများ
နိုင်ငံ၏ဆင်းရဲသားများကိုကူညီရန် သူ၏ထင်ပေါ်ကျော်ကြားမှုများကို အသုံးပြုခဲ့သည်။ သူသည် ဆင်းရဲသားများအား အခမဲ့နာရေးအကူအညီပေးသည့် အခမဲ့နာရေးကူညီမှုအသင်းကိုစတင်တည်ထောင်သူနှင့် ဒုတိယဥက္ကဋ္ဌ (ယခု ဥက္ကဋ္ဌ ) ဖြစ်သည်။[၁] ၂၀ဝ၈ ဇွန်လအထိ အသင်းသည် နာရေး ၅၀ ဝဝဝ ကျော်ကို ကူညီခဲ့သည်။ ၂၀ဝ၃ ခုနှစ်မှစ၍ ရန်ကုန်အနီးအနားရှိ ဆင်းရဲသားများအား ကျန်းမာရေးစရိတ် ကူညီပေးကမ်းခဲ့ပြီး၊ ၂၀ဝ၇ မှစ၍ အခမဲ့ဆေးကုခန်းကို ဖွင့်လှစ်ခဲ့သည်။ သူ၏နာရေးကူညီမှု အသင်းမှတဆင့် မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံးကို ပျက်စီးစေခဲ့ပြီး၊ လူ့အသက်ပေါင်း ၁၃၀ ဝဝဝ ကျော် ပေးဆပ်ခဲ့ရသည့် ၂၀ဝ၈ မေလ၏ နာဂစ်မုန်တိုင်းဒဏ်ခံရမှုများတွင် တက်ကြွစွာ ကယ်ဆယ်ရေး နှင့် အကူအညီပေးရေးများ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။ ၂၀ဝ၈ ဇွန်လအရောက်တွင် ဒုက္ခသည်များအတွက် ကျပ်သန်း ၅၀ဝ ( အမေရိကန်ဒေါ်လာ ၄၀ဝ ဝဝဝ ) စုဆောင်းရှာဖွေ ကူညီခဲ့သည်။ ကျော်သူ နှင့် သူ၏ဇနီးတို့သည် ၂၀ဝ၇ စက်တင်ဘာ ရဟန်းသံဃာများ ဆန့်ကျင်ဆန္ဒပြမှုကို လူသိရှင်ကြား ကူညီထောက်ခံခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။ သူသည် လန်ဒန်ရှိ မြန်မာအဖွဲ့အစည်း၏ ၂၀ဝ၉ ခုနှစ်အတွက်ပေးသော "လူထုအတွက်ရပ်တည်ပေးသော အနုပညာရှင်" ဆုကို ရရှိခဲ့သည်။
ဦးကျော်သူဦးစီးဆောင်ရွက်နေသော အခမဲ့နာရေးကူညီမှုအသင်းသည် နိုင်ငံသားအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေကြသောသူများစွာကိုအကူညီပေးခဲ့ကြ၍ ဆန္ဒပြပွဲများအတွင်း လုံခြုံရေးဆောင်ရွက်သူများက ဆန္ဒပြပြည်သူများကို သတ်ဖြတ်မှုများစွာပြုလုပ်ခဲ့ကြသည့်အတွက် ရဲနှင့်စစ်သားများအပါအဝင် ၎င်းတို့၏မိသားစုဝင်များအား နာရေး၊ ကျန်မာရေးအကူညီများမပေးတော့ဟုလည်း ကြေညာခဲ့သည်။ တစ်ဖက်တွင် အာဏာသိမ်းစစ်ကောင်စီက ရုံးမတက်သောဝန်ထမ်းများကို ဇွတ်အတင်းရုံးပြန်တက်ရန် ဖိအားပေးခြိမ်းခြောက်ကြ၏ ။ အကျိုးဆက်အနေဖြင့် အခမဲ့နာရေးကူညီမှုအသင်း၏ရုံးအား ညနက်သန်းခေါင်အချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ ထိုရုံးအတွင်းတွင် ရှိနေသောသူများကို ရိုက်နှက်နှိပ်စက်ခဲ့ကြသည့်အပြင် ကွန်ပျူတာနှင့် အခြားပစ္စည်းများကိုလည်း အဓမ္မသိမ်းယူသွားခဲ့ကြသည်။ ၂၀၂၁ မတ်လ ၄ ၌ ဦးကျော်သူကို ဝန်ထမ်းများရုံးမတက်ရာတွင် အားပေးအားမြှောက်ပြုသည်ဟုသော အကြောင်းပြချက်ဖြင့် ပုဒ်မ ၅၀၅ (က) ထုတ်ကာ ပြစ်တင်စွပ်စွဲထားသည်။ ၎င်း၏ဇနီးဖြစ်သူ၊ အသင်း၏ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေကိုလည်း ဖေဖော်ဝါရီ ၂၅ ၌ အဆိုပါပုဒ်မဖြင့်ပင် စစ်ကောင်စီက တရားစွဲဆိုခဲ့ကြသည်။[၂]
ဓာတ်ပုံများ
- ဇနီးဖြစ်လာမည့် မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်) နှင့်အတူ၊ ၁၉၈၁ ခုနှစ်။
- ကျော်သူကိုယ်တိုင် ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများအနက်မှ ဒုတိယမြောက်ရုပ်ရှင်ဖြစ်သော “ဒဏ္ဍာရီထဲကသတို့သမီး” ရုပ်ရှင်ကားရိုက်ကူးစဉ် ကလောမြို့၌ မိသားစုနှင့်အတူ တွေ့ရစဉ်။
ဒေါက်တာဘွဲ့
၂၀၁၁-ခု၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ရန်ကုန်မြို့ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့နှင့် Master of Humane Social Services ဘွဲ့ကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads