ရုရှားအင်ပါယာ
ယူရေးရှားနှင့် မြောက်အမေရိကရှိ ယခင်အင်ပါယာ (၁၇၁၂-၁၉၁၇) From Wikipedia, the free encyclopedia
Remove ads
ရုရှားအင်ပါယာသည် ယူရေးရှားမြောက်ပိုင်း အများစုအထိ ကျယ်ပြန့်လှသော အင်ပါယာတခုဖြစ်သည်။ အင်ပါယာသည် ၁၇၂၁ ခုနှစ် နိုဝင်ဘာလတွင် စတင် အသက်ဝင်ခဲ့ပြီး ၁၉၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပယ်ပျက်ခဲ့သည်။ ၁၉ ရာစုနှောင်းပိုင်းကာလများတွင် အင်ပါယာသည် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ၂၂,၈၀၀,၀၀၀ စတုရန်း ကီလိုမီတာ (၈,၈၀၀,၀၀၀ စတုရန်းမိုင်) အထိ ကျယ်ပြန့်ခဲ့သည်။ ယင်းသည် ကမ္ဘာ့ကုန်းမြေထု၏ ၆ ပုံ ၁ ပုံခန့်ရှိကာ သမိုင်းတလျှောက်တွင် ဗြိတိသျှအင်ပါယာနှင့် မွန်ဂိုအင်ပါယာပြီးလျင် တတိယမြောက် အကြီးမားဆုံး အင်ပါယာတခုပင်ဖြစ်သည်။ အင်ပါယာသည် ၁၇၉၉ ခုနှစ်နှင့် ၁၈၆၇ ခုနှစ်ကြားကာလများတွင် မြောက်အမေရိကတိုက်၌ ကိုလိုနီပြုခဲ့သေးသည်။ အင်ပါယာ၏ ၁၈၉၇ ခုနှစ်တွင် စာရင်းကောက်ခဲ့သည့် တခုတည်းသော သန်ခေါင်စားရင်းအရ လူဦးရေသည် ၁၂၅.၆ မီလီယံ ရှိခဲ့သည်။ ယင်းတွင် မျိုးနွယ်စုများ၊ ဘာသာရေး၊ လူမှုစီးပွားရေးနှင့် ဘာသာစကားနှင့်သက်ဆိုင်သော မတူကွဲပြားချက်များ ပါဝင်သည်။
ရုရှားအင်ပါယာ ဘုန်းမီးနေလထွန်းလင်းတောက်ပခြင်းသည် ဆွီဒင်အင်ပါယာ၊ ပိုလန်-လူသူနီယား ဓနသဟာယအဖွဲ့၊ အောတိုမန်း အင်ပါယာ၊ တရုတ်နိုင်ငံ၏ ရှင်းမင်းဆက်စသော အိမ်နီးချင်းပြိုင်ဘက်များ၏ ဆုတ်ယုတ်လာမှုကြောင့် ဖြစ်သည်။ ၁၀ ရာစုမှ ၁၇ ရာစုနှစ်အထိ ရုရှားတွင် ဘိုယာ (boyar) ဟုခေါ်သော မင်းမျိုးနွယ်များက အုပ်ချုပ်ခဲ့သည်။ ရုရှားအင်ပါယာကို အခြေခံအုတ်မြစ် ချမှတ်ခဲ့သူမှာ တတိယမြောက် အိုင်ဗန် (Ivan III) ဖြစ်ပြီး ရုရှားအမျိုးသားတိုင်းပြည်ကို အခြေပြုသည့်စနစ်ကို တည်ထောင်ခဲ့သည်။ ၁၅၅၀ ခုနှစ်နှင့် ၁၇၀၀ ကြားကာလများတွင် ရုရှားအင်ပါယာသည် တနှစ်လျင် ၃၅,၀၀၀ စတုရန်း ကီလိုမီတာ (၁၄,၀၀၀ စတုရန်းမိုင်) နှုန်းဖြင့် နယ်မြေကျယ်ပြန့်လာခဲ့သည်။
၁၉ ရာစုအစပိုင်းတွင် ရုရှားနယ်မြေအကျယ်အဝန်းသည် မြောက်ပိုင်းတွင် အာတိတ် သမုဒ္ဒရာအထိ၊ တောင်ပိုင်းတွင် ပင်လယ်နက်အထိ၊ အနောက်ပိုင်းတွင် ဘောလ်တစ် ပင်လယ်မှ အလာစကာ၊ ဟာဝိုင်အီနှင့် အရှ့ပိုင်းတွင် ကယ်လဖိုးနီးယားပြည်နယ်အထိ တိုးပွားလာခဲ့သည်။ ၁၉ ရာစု ကုန်ဆုံးချိန်တွင် ရုရှားအင်ပါယာသည် ဗဟိုအာရှ၏ နယ်မြအကုန်လုံးနီးပါးနှင့်[၆] အရှေ့မြောက်အာရှ၏ တစိတ်တဒေသများကို ထိန်းချုပ်ခဲ့သည်။ အင်ပါယာသည် ၂၀ ရာစုနှစ်သို့ ရောက်သောအခါ ဘေးအန္တရာယ်များနှင့် စတင်ကြုံတွေ့လာခဲ့သည်။ ၁၈၉၁-၁၈၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ငတ်မွတ်ခေါင်းပါးမှုကြီးသည် လူပေါင်းသိန်းချီ သေဆုံးစေခဲ့ပြီး အင်ပါယာကို လူကြိုက်နည်းပါးလာစေခဲ့သည်။ ဥရောပတိုက်ရှိ တခုတည်းကျန်ရှိသော သက်ဦးဆံပိုင်ဘုရင်စနစ်အဖြစ် အင်ပါယာသည် ကွန်မြူနစ်ဝါဒကဲ့သို့သော[၇] တော်လှန်ရေးစိတ်ကူးစိတ်သမ်းများကို မြင်တွေ့လာခဲ့ရသည်။ ၁၉၀၅ ခုနှစ် တော်လှန်ရေးပြီးဆုံးသောအခါ ဒုတိယမြောက် နီကိုလပ်သည် အမြင့်ဆုံး နိုင်ငံရေးအာဏာ ချုပ်ကိုင်ထားသော်လည်း အမျိုးသား ပါလီမန်ကို ဖန်တီးရန် ခွင့်ပြုပေးခဲ့သည်။
ရုရှားသည် မဟာမိတ်တပ်ပေါင်းစုဘက်မှ ပထမကမ္ဘာစစ်အတွင်းသို့ ဝင်ရောက်သောအခါ စစ်ရှုံးမှုများစွာနှင့် ကြုံတွေ့ခဲ့ရပြီး အင်ပါယာအား လူထုက ဆန့်ကျင်မှု ပိုများလာခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ဆူပူပုန်ကန်မှုများစွာ ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ တော်လှန်ရေးကို ဦးတည်စေခဲ့သည်။ ယင်းသည် ဒုတိယမြောက် နီကိုလပ်အား ရာထူးမှဖယ်ရှားခြင်းခံခဲ့ရစေကာ ရုရှားယာယီအစိုးရနှင့် ရုရှားသမ္မတနိုင်ငံကို ဖြစ်တည်စေခဲ့သည်။ လူကြိုက်မများသော စစ်ပွဲအတွင်းပါဝင်မှု၊ နိုင်ငံအနှံ့ အစာရေစာပြတ်လပ်မှုများသည် ဇူလိုင်လတွင် အစိုးရအား အစုလိုက်အပြုံလိုက် ဆန္ဒပြမှုကို ဖြစ်ပေါ်စေခဲ့သည်။ သမ္မတနိုင်ငံသည် Bolsheviks ဦးဆောင်သော အောက်တိုဘာတော်လှန်ရေးကြောင့် ဖြုတ်ချခံခဲ့ရသည်။ ၁၉၂၃ ခုနှစ်တွင် အောင်ပွဲများဆက်တိုက် ရရှိခဲ့သော Bolsheviks သည် ယခင်အင်ပါယာ၏ နယ်မြေအများစုပေါ်တွင် ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်ခဲ့သည်။ ရုရှားအင်ပါယာသည် ဂျာမန်၊ ဩစတျေးလျ-ဟန်ဂေရီနှင့် အောတိုးမန်းအင်ပါယာတို့နှင့်အတူ ပြိုလဲခဲ့သော ၄ ခုမြောက် အင်ပါယာအဖြစ် သမိုင်းတွင်ခဲ့သည်။[၈]
Remove ads
မှတ်စု
- Principalities of Moldavia and Wallachia in 1829–1856.
- In 1914, the city was renamed Petrograd to reflect anti-German sentiments of Russia during World War I.[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads