သခင်ဘသောင်း

တို့ဗမာအစည်းအရုံးတည်‌ထောင်သူ From Wikipedia, the free encyclopedia

သခင်ဘသောင်း
Remove ads

သခင်ဘသောင်း (၁၉ဝ၁ - ၁၉၈၁) သည် မြန်မာ့လွတ်လပ်‌ရေး ကြိုးပမ်းကြရာတွင် အရေးပါသော တို့ဗမာအစည်းအရုံးကို စတင်တည်‌ထောင်သူ ဖြစ်သည့်အပြင် စာရေးဆရာလည်းဖြစ်သည်။

အချက်တိုများ သခင် ဘသောင်း, ကိုယ်ရေး အချက်အလက်များ ...
Remove ads

ငယ်စဉ်ဘဝ နှင့် ပညာရေး

သခင်ဘသောင်းသည် မကွေးခရိုင် နတ်မောက်မြို့နယ် ဖုံကုန်းရွာ ဇာတိဖြစ်၍၊ ၁၂၆၂ ခုနှစ် တပို့တွဲ လပြည့်ကျော် ၅ ရက် (၁၉ဝ၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်) ကြာသပတေးနေ့တွင် ဖွားမြင်သူဖြစ်သည်။ ဖခင်မှာ သီပေါမင်း လက်ထက် နန်းတွင်းလက်ဖက်ရည်တော် ဖြစ်၍၊ နောင်တွင် တောင်တွင်းကြီး စစ်ကဲအဖြစ် အမှုထမ်းရသော ဦးမြစ် ဖြစ်သည်။ မိခင်မှာ ဖုံကုန်းရွာသူ ဒေါ်လေးခင် ဖြစ်သည်။ ဦးမြစ်သည် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ချိန်က ပြန်လည် ခုခံတိုက်ခိုက်ခဲ့သော နယ်ချဲ့ဆန့်ကျင်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး နောင်အခါတွင် မြို့သစ်၊ ပန်းထိန်း၊ ငါးဖဲ၊ တောင်တွင်း (သရက်)၊ လယ်ဝေးတို့တွင် မြို့အုပ်အဖြစ် အမှုထမ်းခဲ့သည်။ ဦးမြစ်၊ ဒေါ်လေးခင်တို့၏ သားသမီး ၄ ယောက်အနက် သခင်ဘသောင်းသည် ဒုတိယသား ဖြစ်သည်။

သခင်ဘသောင်းသည် တောင်တွင်းကြီး ဗိမာန်ကျောင်း၊ မြို့သစ် ဆရာဦးစိုးမင်း၏ တိုင်းရင်းမြန်မာမူလတန်းကျောင်း၊ တောင်တွင်းကြီး အစိုးရအလယ်တန်းတွင် ပထမရသည့်အတွက် ရွှေတံဆိပ်ဆု ချီးမြှင့်ခံရသည်။ သတ္တမတန်းတွင်လည်း ပညာသင်ဆု (စကောလားရှစ်) ရသည်။ ငယ်စဉ်ကပင် ဖခင်ကွယ်လွန်သွားရာ၊ ၁၉၁၉ ခုနှစ်က ဟုမ္မရူး တောင်းရန် ဘိလပ်သို့ သွားရောက် ခဲ့သော "ဘေ-ပု-ရှိန်" ကိုယ်စားလှယ် အဖွဲ့ဝင် ဦးထွန်းရှိန်က သခင်ဘသောင်းကို ကြည့်ရှု စောင့်ရှောက်ခဲ့ရသည့်အလျောက်၊ ဦးထွန်းရှိန်ထံမှ ဝံသာနု စိတ်ဓာတ် အမွေရခဲ့သည်။

Remove ads

ကျောင်းသားသပိတ်ခေါင်းဆောင်

၁၉၂၀ - (၁၀)တန်းတွင် ပညာသင်စဉ် ပထမကျောင်းသားသပိတ်တွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး ကျောင်းမှထွက်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ဒိုင်အာခီ အုပ်ချုပ်ရေးကိစ္စအတွက် မြန်မာနိုင်ငံသို့ လာသော ဝှိုက်ကော်မတီကို ကန့်ကွက်သည့် အတွက် ထောင်ကျသည်။ ၁၉၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝေလမင်းသား လာရောက်ရာ၊ ထိုသို့ မလာရောက်မီ နယ်နှင်ခံရသူများတွင် သခင်ဘသောင်းလည်း အပါအဝင် ဖြစ်သည်။ ထို့ပြင် အမိန့်ဖီဆန်မှုဖြင့် ထောင်ကျသေးသည်။

အမျိုးသားကျောင်းဆရာ

သခင်ဘသောင်းသည် မန္တလေး၊ ရွှေဘို၊ ပုသိမ် မြို့များရှိ အမျိုးသားကျောင်းများတွင် စေတနာ့ဝန်ထမ်း ကျောင်းဆရာအဖြစ် ဆောင်ရွက်သည်။ ထို့နောက် ၁၉၂၄ - ၂၅ ခုနှစ်တွင် မြန်မာပိုင် နယူးဘားမားသတင်းစာ၌ လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ကင်းဝန်မင်းကြီး ပိဋကတ်တိုက် တွင်လည်း လက်ထောက်ပိဋကတ်တိုက်မှူးအဖြစ် ဆောင်ရွက်သည်။ ထိုစဉ် ဂန္ထလောကမဂ္ဂဇင်းက ကြီးမှူးကျင်းပသော ဘာသာပြန် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ၊ ပြိုင်ပွဲ ခြောက်ကြိမ်တွင် ပထမဆု ငါးကြိမ်ရသည်။ ၁၉၂၉ - ၃ဝ တွင် 0utlines of General History ကို "ကမ္ဘာ့ရာဇဝင်ချုပ်" အမည်ဖြင့် မြန်မာဘာသာ ပြန်ဆိုသည့်အတွက် ဝေလမင်းသားစာပေဆုချီးမြှင့် ခံရသည်။ ၁၉၄၂ ခုနှစ် ဂျပန်ခေတ်ဦးတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဘာသာပြန်နည်းပြဆရာအဖြစ် တစ်နှစ်ခန့် ဆောင်ရွက်သည်။

တို့ဗမာအစည်းအရုံး

သခင်ဘသောင်းသည် ၁၉၂၈ ခုနှစ်တွင် "သခင်" အမည်ကို စတင် သုံးစွဲခဲ့သည်။ ၁၉၃ဝ ပြည့်နှစ် မေလတွင် တို့ဗမာ အစည်းအရုံး ကြေညာစာတမ်း၊ နိုင်ငံပြုစာစု အမှတ် (၁) ကို ထုတ်ဝေသည်။ တို့ဗမာအစည်းအရုံး စတင်တည်ထောင်သူများတွင် သခင်ဘသောင်းသည် တဦး အပါအဝင် ဖြစ်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်များအစည်းအရုံး အမှုဆောင်အဖြစ် ဆောင်ရွက်သည်။ ၁၉၃၃ ခုနှစ်တွင် ရွှေဘို၌ ဒိုင်အာခီဥပဒေပြု လွှတ်တော်အမတ်လောင်းအဖြစ် တရားဟောသည့်အတွက် ထောင်ကျခဲ့ရာ၊ ထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြခဲ့သည်။

Remove ads

စာပေရေးသားခြင်း


သခင်ဘသောင်းသည် နိုင်ငံရေးလောကတွင် ကျင်လည်ရင်း စာပေများ ရေးသားခဲ့သည်။ ပြင်သစ် စာရေးဆရာ မော်လယဲ (Moliere) ၏ Le Medecin Malgre Lui ကို မှီငြမ်း ပြုသော သခင်ဘသောင်း၏ "ဆရာဝန်ပါဘဲ" ပြဇာတ်သည် ခေတ်သစ် မြန်မာ ပြဇာတ်သမိုင်းတွင် အစောဆုံး ပြဇာတ်တပုဒ် အဖြစ် ထင်ရှားသည်။ သောမတ်ဟာဒီ (Thomas Hardy) ၏ Tess of the Dubervilles ကို မှီငြမ်း ပြုသော "ပန်းသာမစာဥ" ဝတ္ထုသည်လည်း အထူးထင်ရှားသည်။ ကမ္ဘာကျော် "တထောင့်တညပုံပြင်များ (၁၉၅၈)" ကိုလည်း ဘာသာပြန်ခဲ့သည်။

ရေးသား ပြုစုခဲ့သော အခြားစာပေများမှာ ရေနံဝတ္ထု ပထမပိုင်း (Oil by Upton Sinclair)၊ တိုက်သင်္ဘော ဝံပုလွေ (၁၉၄ဝ)၊ အဖေ့အမွေ ပြဇာတ်နှင့် တိုင်းပြည့်ရန်သူ ပြဇာတ် (Ibsen ၏ ပြဇာတ်များ)၊ အမေလေး၊ ခြေလေးချောင်း တော်လှန်ရေး (Animal Farm by George Orwell)၊ သူခိုးအာမက် (၁၉၆၁) (Thief of Bagdad)၊ မျက်မမြင်တိုင်းပြည် (၁၉၆ဝ) (The Country of the Blind by H.G.Wells)၊ ဒေးဗစ်ကော့ပါးဖီး(၁၉၆၁) (David Copperfield by Charles Dickens)၊ ကမ္ဘာပတ်လည်ရက်ရှစ်ဆယ် (Round the World in Eighty Days by Jules Verne) [၁၉၅၉ - ၆ဝ၊ ယူနက်စကို ဘာသာပြန်ဆုရသည်] ကော်ဇောတော်နှင့် ဗေဒင်ပညာရှိ၊ ဂြိုဟ်စီးဂြိုဟ်နင်း၊ နေပြိုင်သူရဲ၊ ဗမာ့ဒုန်းယာဉ်၊ လောကနိဗ္ဗာန် (Igor Gouzenko ရဲ့ The Fall of a Titan )၊ ဒီမိုကရေစီဆိုတာ၊ ဗိုလ်တင်းပုတ်ပြည်ဝင်၊ ဗုဒ္ဓ၏ စကြဝဠာတရား (၁၉၇၅) စသည်တို့ ဖြစ်သည်။၁၉၆၉ ခုနှစ်တွင် စာပေဗိမာန်က ကျင်းပသော ဘာသာပြန်စာပေ နှီးနှောဖလှယ်ပွဲ၌ "ဘာသာပြန်သူတဦး၏ အတွေ့အကြုံနှင့် ထင်မြင်ချက်များ" စာတမ်းကို တင်သွင်းခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ပြန်ကြားရေးဌာန အသံလွှင့်ရုံ၌ အမှုထမ်းသည်။ ပြန်ကြားရေးဌာနတွင် စာပေစိစစ်ရေးမှူး အဖြစ် ဆောင်ရွက်သည်။ ကာကွယ်ရေးဝန်ကြီးဌာန လူမှုဆက်ဆံရေးတပ်က ထုတ်ဝေသော "မြန်မာနှင့်ကမ္ဘာ" စာစောင်တွင်လည်း အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ၁၉၆၅ ခုနှစ်က စ၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဌာနချုပ်တွင် ဖွင့်လှစ်သော စာပြုသင်တန်းများတွင် ဘာသာပြန်ဆို ရေးသားမှုကို သင်ကြားပို့ချပေးခဲ့သည်။

သခင်ဘသောင်းကို ဘာသာပြန် ထူးချွန်သူ ဆရာကြီးအဖြစ် မြန်မာ စာပေလောကက သတ်မှတ်ကြသည်။ ဆရာကြီးသည် အင်္ဂလိပ် မြန်မာ နှစ်ဘာသာ ထူးချွန်သူဖြစ်လေရာ မူရင်းစာရေးဆရာ၏ အာဘော်ကို မိအောင် ထိထိမိမိ ပြန်ဆိုနိုင်သူဖြစ်လေသည်။ ဆရာကြီး၏ ပန်းသာမစာဥ၊ တစ်ထောင့်တစ်ညပုံပြင်များ၊ ခြေလေးချောင်းတော်လှန်ရေး စသော ဝတ္ထုများသည် ဘာသာပြန်ဖြစ်သော်လည်း ဘာသာပြန်မှန်း မသိနိုင်လောက်အောင် လက်စွမ်းပြထားသော ဝတ္ထုများဖြစ်သည်။

Remove ads

ဂုဏ်ပြုချီးကျူးခံရခြင်း

၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ရရှိသည်။

ဘဝနိဂုံး

သခင်ဘသောင်းသည် ၁၃၄၃ ခုနှစ် တန်ခူးလပြည့်ကျော် ၂ ရက် (၁၉၈၁ ခုနှစ် ဧပြီလ ၂၁ ရက်) တွင် ကွယ်လွန်သည်။ ဇနီး ဒေါ်သန်းကြည်နှင့် သား တစ်ယောက်၊ သမီး တစ်ယောက် ကျန်ရစ်ခဲ့သည်။ ။

ထင်ရှားသောစာအုပ်အချို့

  1. ပန်းသာမစာဥ
  2. ဗုဒ္ဓ၏စကြဝဠာတရား
  3. ဆရာဝန်ပါပဲ(ပြဇာတ်)
  4. တိုင်းပြည့်ရန်သူ(ပြဇာတ်)
  5. အမေလေး
  6. ခြေလေးချောင်းတော်လှန်ရေး
  7. တစ်ထောင့်တစ်ည
  8. သူခိုးအာမတ်
  9. ကမ္ဘာ့ရာဇဝင်ချုပ်
  10. ကမ္ဘာပတ်လည်ရက်ရှစ်ဆယ်[]

ကျမ်းကိုး

  1. ဘာသာပြန် စာပေ။ စာ ၁၄ - ၄၇။
  2. မလိခ။ မြန်မာစာပေ အဘိဓာန် ၂။ စာ ၁၅၅။
  3. မလိခ။ မြန်မာဝတ္ထု အညွှန်း ၃။ စာ ၅၃ - ၅၈။
  4. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် ၁၉၈၂။ စာ ၂၄၇ - ၂၄၈။
  5. ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၉ - ၁ဝ။
  6. ပန်းသာ မစာဥ - သခင်ဘသောင်း၊ သတ္တမ အကြိမ်၊ ရာပြည့် စာအုပ်တိုက်၊ စာအုပ် အမှတ် - ၂၅၆၊ ဇန်နဝါရီ၊ ၂ဝဝရ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads