သင်္ချာပညာရပ်နယ်ပယ်များ

သင်္ချာဆိုင်ရာ ဘာသာရပ်များကို အမျိုးအစားအုပ်စုခွဲခြင်း From Wikipedia, the free encyclopedia

Remove ads

စတင်ပေါ်ပေါက်လာသည့် ရှေးအခါမှစ၍ သင်္ချာပညာသည် ခေတ်အလျောက် တိုးတက်ပြောင်းလဲ၍ ကျယ်ပြန့်လာရာ သင်္ချာဘာသာရပ်တွင်း၌ ပညာရပ်နယ်ပယ်များ ခွဲခြားသတ်မှတ်ရန် လိုအပ်လာသည်။ ထိုသို့ ခွဲခြားသတ်မှတ်ရာတွင် ခွဲပုံခွဲနည်း အမျိုးမျိုးရှိသည့်အနက် တစ်မျိုးနှင့်တစ်မျိုး တူညီသည်များရှိသကဲ့သို့ ကွဲပြားသည်များလည်းရှိလေသည်။ ထိုခွဲခြားပုံ ခွဲခြားနည်းများသည်လည်း အသေတသမတ်တည်း ရှိရန် မဖြစ်နိုင်ချေ။ သင်္ချာပညာရပ်ကိုယ်တိုင်က တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ထိုပညာရပ် ခွဲပုံခွဲနည်းများလည်း တိုးတက်ပြောင်းလဲလာရန် လိုအပ်လေသည်။

သင်္ချာတွင် ပညာရပ်နယ်ပယ်များခွဲခြားရာ၌ မိရိုးဖလာ ခွဲခြားပုံခွဲခြားနည်းတစ်မျိုးမှာ သင်္ချာသန့်သန့် (pure mathematics) နှင့် အသုံးချသင်္ချာ (applied mathematics) ဟူ၍ ခွဲခြားခြင်းဖြစ်သည်။ သင်္ချာကို သင်္ချာဘာသာရပ်သက်သက်အတွက် (mathematics for the sake of mathematics) လေ့လာခြင်းကို သင်္ချာသန့်သန့်ဟု ခေါ်ပြီး၊ အပြင်လက်တွေ့လောက၌ အသုံးချရန် ရည်ရွယ်၍ လေ့လာစူစမ်းခြင်းကို အသုံးချသင်္ချာဟု ခွဲခြားခေါ်ဝေါ်ခြင်းဖြစ်သည်။ ဤသို့ခွဲခြားရာတွင် သင်္ချာသန့်သန့်နှင့် အသုံးချသင်္ချာကြားရှိ နယ်နိမိတ်မှာ ရှင်းလင်းပြတ်သားခြင်းမရှိကြောင်း သတိပြုသင့်၏။ သင်္ချာသန့်သန့်ကိစ္စအနေဖြင့် သုတေသနပြု တွေ့ရှိထားသည့် ရလဒ်များသည် နောင်တွင် (တစ်ခါတစ်ရံ ရာစုနှစ်နှင့်ချီ၍ ကြာမြင့်ပြီးနောက်) လက်တွေ့ကမ္ဘာတွင် လွန်စွာအသုံးကျလာခြင်းများ ရှိသကဲ့သို့၊ လက်တွေ့အသုံးချရန် အသုံးချသင်္ချာအနေဖြင့် စတင်စူးစမ်းသော ကိစ္စအချို့တွင် လုံလောက်သော သဘောတရားအခြေခံ မရှိသေးကြောင်း တွေ့ရှိရ၍ သင်္ချာသန့်သန့်ကိစ္စရပ်အဖြစ် ပြောင်းလဲသုတေသနပြုရသည်များလည်း ရှိလေသည်။

သင်္ချာပညာရပ်နယ်ပယ်များတွင် ကိန်းသီအိုရီ (number theory) ကဲသို့ ရှေးအခါကတည်းက ပေါ်ပေါက်လာသည့် နယ်ပယ်များရှိသကဲ့သို့၊ ပိုင်းစသီးခြားသင်္ချာ (discrete mathematics)၊ တွက်ချက်ခြင်းဆိုင်ရာ သင်္ချာ (computational mathematics) အစရှိသည့် မကြာသေးမီကာလကမှ ပေါ်ပေါက်လာသည့် နယ်ပယ်များလည်း ရှိလေသည်။


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads