အဋ္ဌကထာ
ဘုရားဟောပိဋကတ်သုံးပုံကိုအကျယ်ချဲ့ဖွင့်ဆိုထားသောကျမ်းများ From Wikipedia, the free encyclopedia
Remove ads
ပထမသင်္ဂါယနာတင်သောအခါ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော ဒေသနာတို့ကို ရှင်မဟာကဿပ အမှူးပြုသော ရဟန္တာတို့က ပိုင်းခြားသတ်မှတ်ခဲ့ကြရာ ပါဠိတော်တို့ကိုသာ ပိုင်းခြားသတ်မှတ် ခဲ့ကြသည်မဟုတ်၊ ဝိနည်းပိဋကတ်နှင့်ဆိုင်ရာ၊ သုတ္တန်ပိဋကတ်နှင့်ဆိုင်ရာ၊ အဘိဓမ္မာပိဋကတ်နှင့် ဆိုင်ရာ စသည်ဖြင့် ပကိဏ္ဏကဒေသနာစုတို့ကိုလည်း ပိုင်းခြား သတ်မှတ်ခဲ့ကြသည်။ ထိုအခါမှစ၍ အဋ္ဌကထာဟူ၍ ထင်ပေါ်ခဲ့သည်။
အဋ္ဌကထာဟူသည် မြတ်စွာဘုရားဟောကြားအပ်သော ပိဋကတ်သုံးပုံ ပါဠိတော်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ပြသောစကားဖြစ်သည်။ မြတ်စွာဘုရားသည်ပင် ပိဋကတ်သုံးပုံပါဠိတော်ကို ဟောကြားရာ၌ ပါဠိတော် သက်သက်ကိုသာ ဟောကြားသည်မဟုတ်၊ အနက်အဓိပ္ပာယ်အဖွင့်ဖြစ်သော အဋ္ဌကထာကိုလည်း ဟောကြားတော်မူသည်။ ထို့ကြောင့် မြတ်စွာဘုရားဟောကြားအပ်သော ပြိုးပြွမ်းသော ပကိဏ္ဏကဒေသနာကို အဋ္ဌကထာဟု မှတ်ယူရမည်။
ထိုအဋ္ဌကထာကိုပင် ထိုထိုပါဠိတော်တို့၌ အတ္ထဟူ၍ လည်းကောင်း၊ ပရိပုစ္ဆာဟူ၍လည်းကောင်း၊ သံဝဏ္ဏနာဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးစွဲ၍ ဟောကြားသည်ကို တွေ့မြင်ရသည်။
ယင်းအဋ္ဌကထာ ထင်ရှားပေါ်ထွက်လာအောင်ရှင်းလင်း၍ပြဆိုဦးအံ့။ မြတ်စွာဘုရား လေးဆယ့်ငါးဝါပတ်လုံးဟောကြားအပ်သော ဒေသနာတော်တို့ကို ပထမသင်္ဂါယနာမတင်မီ တပည့်သား ရဟန်း၊ သာမဏေ၊ ဥပါသကာ၊ ဥပါသကီတို့သည် သင်အံ့ပို့ချ ဆောင်ရွက်လာကြသော်လည်း ပိဋကတ်အားဖြင့် လည်းကောင်း၊ နိကာယ်စသည်အားဖြင့်လည်းကောင်း ပိုင်းခြားသတ်မှတ်လျက်မရှိသေး၊ ဟောကြားအပ်သော အတိုင်းသာ မပျောက်မပျက်ရအောင် ဆောင်ရွက်ထားကြရသည်။ ပထမသင်္ဂါယနာတင်သောအခါ ရှင်မဟာကဿပ စသော ရဟန္တာတို့သည် သင်အံပို့ချဆောင်ရွက် လွယ်အောင်
ဤဒေသနာစုကား ဝိနည်းပိဋကတ်၊ ဤဒေသနာစုကား သုတ္တန်ပိဋကတ်၊ ဤဒေသနာစုကား အဘိဓမ္မာပိဋကတ်ဟု ပိဋကတ်အားဖြင့်လည်းကောင်း၊ ဤဒေသနာစုကား ဒီဃနိကာယ်၊ ဤ ဒေသနာစုကား မဇ္ဈိမနိကာယ်၊ ဤဒေသနာစုကား သံယုတ္တနိကာယ်၊ ဤဒေသနာစုကား အင်္ဂုတ္တရနိကာယ်၊ ဤဒေသနာစုကား ခုဒ္ဒကနိကာယ်ဟုနိကာယ် စသည်အားဖြင့် လည်းကောင်း ပိုင်းခြားသတ်မှတ်ကြသည်။
ပိုင်းခြားသတ်မှတ်ထားသောအခါ၌လည်း ပါဠိတော်တို့ကိုသာ ပိုင်းခြားသတ်မှတ်သည်မဟုတ်၊ ဝိနည်းပိဋကတ်နှင့်ဆိုင်ရာ ပကိဏ္ဏကဒေသနာစုကို ဝိနည်းအဋ္ဌကထာ၊ သုတ္တန်ပိဋကတ်နှင့်ဆိုင်ရာ ပကိဏ္ဏကဒေသနာစုကို သုတ္တန်အဋ္ဌကထာ၊ အဘိဓမ္မာပိဋကတ်နှင့်ဆိုင်ရာ ပကိဏ္ဏကဒေသနာစုကို အဘိဓမ္မာ အဋ္ဌကထာဟူ၍လည်းကောင်း၊ ဒီဃနိကာယ်နှင့်ဆိုင်ရာ ပကိဏ္ဏ ကဒေသနာစုကို ဒီဃနိကာယ် အဋ္ဌကထာ၊ မဇ္ဈိမနိကာယ်ဆိုင်ရာ ပကိဏ္ဏကဒေသနာစုကို မဇ္ဈိမနိကာယ်အဋ္ဌကထာ၊ ဤသို့လျှင် သံယုတ္တနိကာယ်အဋ္ဌကထာ၊ အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ၊ ခုဒ္ဒကနိကာယ်အဋ္ဌကထာဟူ၍လည်းကောင်း စသည်ဖြင့် ပိုင်းခြားသတ်မှတ်ကြသည်။ ထိုအခါမှစ၍ အဋ္ဌကထာဟု ထင်ရှားပေါ်ထွက်လာသည်။ ထိုအဋ္ဌကထာကို မဟာအဋ္ဌကထာ ဟုခေါ်ဆိုကြသည်။
မဟာအဋ္ဌကထာတို့ကို မဇ္ဈိမဒေသ သင်္ဂါယနာသုံးတန်တင်ရာဝယ်၊ ပိဋကတ်သုံးပုံပါဠိတော်နှင့်တကွ သင်္ဂါယနာတင်ကြသည်။ စတုတ္ထသင်္ဂါယနာ ပေထက်အက္ခရာတင်ရာဝယ်လည်း အဋ္ဌကထာတို့နှင့်တကွ တင်ကြသည်။ သင်္ဂါယနာတင်ရာဝယ် မပါဝင်ဘဲ ဘုရားလက်ထက်တော်မှစ၍ ရဟန္တာအစဉ်အဆက်၊ ဆရာအစဉ်အဆက်တို့ ဆောင်ရွက်မှတ်သားလာသော ပါဠိတော်မှအလွတ်ဖြစ်၍ ပြိုးပြွမ်းသော (ပါဠိမုတ္တ က-ပကိဏ္ဏက ဒေသနာ) အဋ္ဌကထာ စကားအစဉ်တို့လည်း ဘုရားဟောဒေသနာတို့ပင်ဖြစ်သည်။ ထို့နောက် မဟာအဋ္ဌကထာတို့မှတပါး ပြန့်ပွားဖြစ်ပေါ်လာကြသော အဋ္ဌကထာတို့အား
- မူလအဋ္ဌကထာ၊
- မဟာပစ္စရိအဋ္ဌကထာ၊
- စူဠပစ္စရိအဋ္ဌကထာ၊
- ကုရုန္ဒီအဋ္ဌကထာ၊
- အန္ဓက အဋ္ဌကထာ၊
- သင်္ခေပအဋ္ဌကထာ၊
- အရိယအဋ္ဌကထာဟု အဋ္ဌကထာကြီး ခုနှစ်ကျမ်း၊ မဟာအဋ္ဌကထာနှင့်တကွ ရှစ်ကျမ်းဖြစ်လာသည်။ ယင်းအဋ္ဌကထာကျမ်းကြီးတို့ကား ရှေးကျမ်းဟောင်းကြီးတို့ ဖြစ်ကြသည်။
- မှတ်ချက်။။ဤ၌ အဋ္ဌကထာကြီးရှစ်ကျမ်းဆိုသော်လည်း မဟာအဋ္ဌကထာ၊ မူလအဋ္ဌကထာ၊ အရိယအဋ္ဌကထာတို့ကား အမည်သာထူးခြား၍ တစ်ကျမ်းတည်းဖြစ်ဟန် တူသည်။ စူဠပစ္စရိအဋ္ဌကထာနှင့် မဟာပစ္စရိအဋ္ဌကထာတို့မှာလည်း အကျဉ်းအကျယ်မျှသာ ထူးခြားဟန်တူသည်။ သင်္ခေပအဋ္ဌကထာမှာလည်း မဟာအဋ္ဌကထာကို ချုံးထားဟန်တူသည်။
ထို့ကြောင့် မဟာအဋ္ဌကထာ၊ မဟာပစ္စရိအဋ္ဌကထာ၊ ကရုန္ဒီ အဋ္ဌကထာ၊ အန္ဓကအဋ္ဌကထာဟု ကျမ်းရင်းလေးကျမ်းသာ ဖြစ်ဟန်တူသည်။
သာသနာနှစ် ၂၃၆ ခုသို့ ရောက်သောအခါ ရှင်မဟိန္ဒ အမှူးရှိသော ရဟန္တာငါးပါးတို့ သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွလာသောအခါ ပိဋကတ်သုံးပုံပါဠိတော်နှင့် အဋ္ဌကထာတို့ကို ဆောင်ယူလာခဲ့ကြသည်။ မဟိန္ဒ ထေရ်
ထိုပါဠိတော် နှင့်အဋ္ဌကထာတို့ကို စတုတ္ထသင်္ဂါယနာမတင်မီ နှစ်ပေါင်းများစွာ နှုတ်ဖြင့် ဆောင်ရွက်ထားကြသည်။ သာသနာနှစ် ၄၅ဝ ပြည့် စတုတ္ထသင်္ဂါယနာတင်ရာဝယ် ပေထက်အက္ခရာတင်ထားကြ သည်။
ရှင်ဗုဒ္ဓဃောသ၏ အဋ္ဌကထာများ ရှင်ဗုဒ္ဓဃောသသည် သာသနာနှစ် ၉၆၅ ခု မဟာနာမမင်းလက်ထက်တွင် သီဟိုဠ်ကျွန်းသို့ ရောက်၍၊ သီဟိုဠ်မထေရ်ကြီးတို့ထံ သီဟိုဠ်ဘာသာ အဋ္ဌကထာကျမ်းကြီးတို့ကို သင်ယူတတ်မြောက်ပြီးလျှင်၊ ပိဋိကတ်သုံးပုံ အဋ္ဌကထာတို့ကို စတင်စီရင်ရေးသားသည်။ (ဤ၌ မဟာစည်ဆရာတော်စီရင်အပ်သော ဝိသုဒ္ဓိမဂ် မြန်မာပြန်စာအုပ်နိဒါန်းအရ၊ ရှင်ဗုဒ္ဓဃောသ သီဟိုဠ်ရောက်သော သာသနာနှစ်ကို ရေးသားလိုက်သည်။ သထုံရာဇဝင်ပေါင်းချုပ်နှင့် သာသနာလင်္ကာရ ပိဋကတ်သမိုင်းတို့ကား ၉၃ဝ ဆိုကြသည်။)
စီရင်ရေးသားပုံမှာ ဘုရားဟောပကိဏ္ဏက ဒေသနာဖြစ်သော မဟာအဋ္ဌကထာကြီးတို့ကို ကိုယ်ထည်ထား၍ ကြွင်းသော အဋ္ဌကထာကြီးတို့မှ ယူသင့်ယူထိုက်သော အနက်အဓိပ္ပာယ် အဆုံးအဖြတ်နှင့် ထေရဝါဒတို့ကို ယူငင်ထည့်သွင်းကာ၊ ခြေ-လက်ပြုလျက် အထပ်အထပ်ဖွင့်ဆိုထားသဖြင့် ကျယ်ဝန်းသော အရာတို့ကို အကျဉ်းချုံး၍ သီဟိုဠ်ဘာသာ ပါဠိဘာသာသို့သာ ပြန်ဆိုစီရင်ရေးသားခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းအဋ္ဌကထာ တို့ကိုလည်း မဟာအဋ္ဌကထာကြီးတို့ကဲ့ပင် အလေးအမြတ်ပြုအပ်သည်။
ရှင်ဗုဒ္ဓဃောသစီရင်ရေးသားသော အဋ္ဌကထာတို့ကို ရှေးအဋ္ဌကထာဟောင်းကြီးတို့ကို ထောက်၍ အဋ္ဌကထာသစ်တို့ ဟူ၍လည်းကောင်း၊ ကျယ်ဝန်းသော အဋ္ဌကထာဟောင်းကြီးတို့ကို အကျဉ်းချုံး၍ထားသဖြင့် သင်္ဂဟအဋ္ဌကထာတို့ ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။
ယင်းအဋ္ဌကထာသစ်တို့ကိုပင် ပဉ္စမသင်္ဂါယနာ၊ ဆဋ္ဌသင်္ဂါယနာတင်ရာတို့၌ ပါဠိတော်နှင့်တကွ တင်ကြသည်။
Remove ads
သုမင်္ဂလသိလာသိနီမည်သော သုတ်သီလက္ခန်အဋ္ဌကထာ၊ သုတ်မဟာဝါအဋ္ဌကထာ၊ သုတ်ပါထေယျအဋ္ဌကထာတို့ကို သုမင်္ဂလာကျောင်းတိုက်နေ ဒါဌာနာဂမထေရ်တောင်းပန်၍ ရှင်ဗုဒ္ဓဃောသ စီရင်သည်။
ပပဉ္စသူဒနီမည်သော မူလပဏ္ဏာသအဋ္ဌကထာ၊ မဇ္ဈိမ ပဏ္ဏာသအဋ္ဌကထာ၊ ဥပရိပဏ္ဏာသ အဋ္ဌကထာတို့ကို မယူရဒူတသင်္ဘောဆိပ်၌ အတူနေဖူးသော ရှင်ဗုဒ္ဓမိတ္တ မထေရ်တောင်းပန်၍ ရှင်ဗုဒ္ဓဃောသ စီရင်သည်။
သာရတ္ထပကာသိနီမည်သော သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ၊ နိဒါ နဝဂ္ဂ-ခန္ဓဝဂ္ဂ-သဠာယတနဝဂ္ဂ-ဓဟာဝဂ္ဂသံယုတ်အဋ္ဌကထာတို့ကို ရှင်ဇောတိပါလမထေရ် တောင်းပန်၍ ရှင်ဗုဒ္ဓဃောသစီရင်သည်။
မနော ရထပူရ ပူရဏီမည်သော ဧကင်္ဂုတ္ထရ အဋ္ဌကထာ၊ ဒွိက-တိက- စတုက-ပဉ္စ-ဆက္က-သတ္တ-အဋ္ဌ-နဝ-ဒသ-ဧကာဒသင်္ဂုတ္ထရ အဋ္ဌ ကထာတို့ကို ကဉ္စိပူရမြို့ စသည်၌လည်းကောင်း၊ မဟာဝိဟာရကျောင်းတိုက်၌လည်းကောင်း အတူနေဖူးသော ရှင်ဇောတိပါလမထေရ်နှင့် ပိဋကတ်သုံးပုံကိုတတ်မြောက်သော ဇီဝကဥပါသကာတို့ တောင်းပန်၍ ရှင်ဗုဒ္ဓဃောသ စီရင်သည်။
ပရမတ္တဇောတိကမည်သော ခုဒ္ဒကပါဌအဋ္ဌကထာကို ရှင်ဗုဒ္ဓဃောသ စီရင်သည်။ ဓမ္မပဒအဋ္ဌကထာကို သီရိကူဋပြာဿာဒ်၌နေစဉ် ရှင်ကု မာရကဿပမထေရ် တောင်းပန်၍ ရှင်ဗုဒ္ဓဃောသစီရင်သည်။ ပရမတ္တဒီပနီမည်သော ဥဒါန်းအဋ္ဌကထာ၊ ဣတိဝုတ် အဋ္ဌကထာတို့ကို သီဟိုဠ်ကျွန်း အရာဓမြို့အနောက် ဗဒရတိတ္ထ ကျောင်းနေ ရှင်ဓမ္မပါလစီရင်သည်။ (ဆရာဓမ္မပါလ-လည်း ခေါ်သည်။) သုတ္ထနိပါတ်အဋ္ဌကထာကို ရှင်ဗုဒ္ဓဃောသစီရင်သည်။ ပရမတ္ထဒီပနီမည်သော ဝိမာနဝတ္ထု-ပေတဝတ္ထု-ထေရ ဂါထာ ထေရီဂါထာ အဋ္ဌကထာတို့ကို ရှင်ဓမ္မပါလစီရင်သည်။ ဇာတတ္ထကီမည်သော ဧက-ဒုက-တိက-စတုက- ပဉ္စက-ဆက္က-သတ္တ-အဋ္ဌ-နဝ-ဒသ-ဧကာဒသ-ဒွါဒသ-တေရ သ-ပကိဏ္ဏက-ဝီသတိ-တိံသ-စတ္တာလီသ-ပညာသ-သဋ္ဌိ-သတ္တ တိ အသီတိနိပါတ်ဇာတ် အဋ္ဌကထာတို့ကို အတ္ထဒဿီ မထေရ်၊ ဗုဒ္ဓမိတ္တမထေရ် ဗုဒ္ဓဒေဝမထေရ်တို့ တောင်းပန်၍ ရှင်ဗုဒ္ဓဃောသ စီရင်သည်။ တေမိ-ဇနက-သုဝဏ္ဏသာမ-နေမိ-မဟောသဓ-ဘူရိဒတ္တ-စန္ဒကုမာရ-နာရဒ-ဝိဓူရ- ဝေဿန္တရာ ဇာတ်အဋ္ဌကထာတို့ကို ရှင်ဗုဒ္ဓဃောသစီရင်သည်။ သဒ္ဒမ္မပဇ္ဇောတိကာမည်သော မဟာနိဒ္ဒေသအဋ္ဌကထာကို သီဟိုဠ်ကျွန်း အနုရာဓမြို့တောင်ဘက် မဟာဝိဟာရကျောင်းတိုက်နေ ရှင်ဥပသေန စီရင်သည်။ သဒ္ဒမ္မပကာသိနီမည်သော ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာကို မဟာဝိဟာရကျောင်းတိုက်နေ ရှင်မဟာဘိဓာန စီရင်သည်။ (ကျောက်ရေးဆရာတို့က မာရဂင် အဋ္ဌကထာဟုရေးသည်။)
ဝိသုဒ္ဓဇနဝိလာသိနီမည်သော ထေရအပဒါန်အဋ္ဌကထာ ကို မဟာဝိဟာရကျောင်းတိုက်နေ အမည်မသိမထေရ် စီရင်သည်။
မဓုရတ္ထဝိလာသိနီမည်သော ဗုဒ္ဓဝင်အဋ္ဌကထာကို စောဠ
တိုင်း ကာဝီရပဓနသင်္ဘောဆိပ် ကျောင်းတိုက်နေ ရှင်ဗုဒ္ဓဒတ္ထ စီရင်သည်။
ပရမတ္ထဒီပနီမည်သော စရိယာပိဋကတ်အဋ္ဌကထာ၊
နေတ္ထိအဋ္ဌကထာတို့ကို ရှင်ဓမ္မပါလ စီရင်သည်။
သုတ္တသင်္ဂဟ အဋ္ဌကထာကို အမည်မသိဆရာစီရင် သည်။
သာရတ္ထသင်္ဂ အဋ္ဌကထာကို မဟာဝိဟာကျောင်းတိုက်၌နေ အရှင်ဗုဒ္ဓပီယ၏တပည့် အရှင်သိဒ္ဓတ္ထစီစဉ်သည်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို ရှင်သင်္ဃပါလမထေရ်တောင်းပန်၍ ရှင်ဗုဒ္ဓဃောသစီရင်
သည်။ (ဤအဋ္ဌကထာကား ရှင်ဗုဒ္ဓဃောသစီရင်သော အဋ္ဌကထာတိုတွင် ရှေးဦး အစစီရင်အပ်သော အဋ္ဌကထာဖြစ်သည်။)
Remove ads
သမန္တပါသာဒိကာမည်သော ပါရာဇိကဏ်အဋ္ဌကထာ၊ ပါစိတ်အဋ္ဌကထာ၊ ဝိနည်းမဟာဝဂ္ဂအဋ္ဌကထာ၊ စူဠဝဂ္ဂအဋ္ဌကထာ၊ ပရိဝါ အဋ္ဌကထာတို့ကို ဗုဒ္ဓသီရိမထေရ်တောင်းပန်၍ ပဓာနဃရ ပရိဝုဏ် မဟာနိဂမ သာမိဒါယကာ ပြာဿာဒ်၌ နေစဉ် ရှင်ဗုဒ္ဓဃောသစီရင်သည်။ ကင်္ခါဝိတရဏီ အဋ္ဌကထာကို ရှင်သောဏမထေရ် တောင်းပန်၍ ရှင်ဗုဒ္ဓဃောသစီရင်သည်။
အတ္တသာလိနီမည်သော ဓမ္မသင်္ဂဏီအဋ္ဌကထာ၊ သမ္မောဟဝိနောဒနီမည်သော ဝိဘင်းအဋ္ဌကထာတို့ကို သောတတ္ထကီကို စီရင်သော ရှင်ဗုဒ္ဓဃောသ တောင်းပန်၍ ရှင်ဗုဒ္ဓဃောသစီရင်သည်။ (ဤ၌ တောင်းပန်သောပုဂ္ဂိုလ်နှင့် စီရင်သောပုဂ္ဂိုလ်ဘွဲ့မည် တူနေသောကြောင့် အချို့စီရင်သူ ရှင်ဗုဒ္ဓဃောသဟုတ်ပါလေလား သံသယ ရှိနေကြသည်။ သို့အတွက် သံသယကင်းအောင် အဋ္ဌသာလိနီ နိဿယ ပြန်ဆိုသောအခါ တောင်းပန်ပုဂ္ဂိုလ်ကို စူဠဗုဒ္ဓဃောသ ဟု မြန်မာပြန်သည်။ သည်ကို အစွဲပြု၍ ကျမ်းပြုပုဂ္ဂိုလ်ကို မဟာဗုဒ္ဓဃောသဟု ရေးကြအသိအမှတ်ပြုကြသည်။) ပဉ္စပကြိုဏ်မည်သော ဓာတုကထာ-ပုဂ္ဂလပညတ်- ကထာဝတ္ထု-ယမိုက်-ပဋ္ဌာန်း အဋ္ဌကထာတို့ကို ရှင်ဗုဒ္ဓဃောသ စီရင်သည်။
Remove ads
ဋီကာမှာ အဋ္ဌကထာ၏အနက်အဓိပ္ပာယ်ကို ဖွင့်ပြသောကျမ်း ဖြစ်သည်။ အချို့က ပါဠိတော်မှထောက်လျှင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာဟု သုံးခုမြောက်ကျမ်း ဖြစ်သောကြောင့် တိကဖြစ်သည်။ ယင်းမှ ဋီကာဖြစ်လာသည်ဟု ဆိုကြသည်။ အနုဋီကာမှာဋီကာရင်းတွင် မထင်ရှား မပေါ်လွင်သည် ကို ထင်ရှားပေါ်လွင်အောင် တဖန် ထပ်ဆင့်၍ ဖွင့်သောကျမ်း ဖြစ်သည်။ မဓုဋီကာမှာ ဋီကာရင်း၌ကြွင်းကျန်ခြင်း၊ မသိသာခြင်း တို့ကို ကုန်စင်သိသာအောင် ဋီကာရင်းနှင့် ပေါင်း၍ပြသဖြင့် မြိန်မြက်သောကျမ်းဖြစ်သည်။ ယောဇနမှာ ကျမ်းရင်း၌ ခက်ခဲတိမ်မြုပ်နေသော ပုဒ် တို့ကို သိသာပေါ်လွင်သောပုဒ်တို့ဖြင့် ဖွင့်ပြ အနက်ပြန်ဆိုသော ကျမ်းဖြစ်သည်။ ဂဏ္ဌိမှာ အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ယောဇနတို့ ကဲ့သို့ ပုဒ်စဉ်အတိုင်းမဖွင့်ဘဲ၊ ခက်ခဲဆစ်ဖုသော အရာတို့ကိုသာ ဖွင့်ပြသဖြင့် ဉာဏ်အထူး၏ တည်ရာကျမ်းဖြစ်သည်။ လက်သန်းမှာ သေးငယ်သောကျမ်းဖြစ်၍ လက်ငါး ချောင်းတွင် အငယ်ဆုံးလက်သန်းနှင့်တူသောကြောင့် လက်သန်း ခေါ်သည်မဟုတ်၊ စင်စစ်ကား ပါဠိ၌ လက္ခဏာပုဒ်၊ သက္ကတ၌ လက္ခဏပုဒ်မှ လက်ခဏ်၊ လက်ချန်၊ လက်သန်၊ လက်သန်းဟု အဆင့်ဆင့် ပြောင်းလဲလာသောစကား ဖြစ်သည်။ အဓိပ္ပာယ်မှာ အကျဉ်းချုံးထားသော အမှတ်အသား မှတ်စုကျမ်းဖြစ်လေသည်။
သာဓုဇနဝိလာသိနီမည်သော သုတ်သီ လက္ခန် ဋီကာသစ်ကို ဘိုးတော်မင်းတရားကြီးလက်ထက် ပထမမောင်းထောင် သာသနာပိုင် စီရင်သည်။ လီနတ္ထပကာသနီမည်သော သုတ်သီလက္ခန် ဋီကာ ဟောင်း၊ သုတ်မဟာဝါဋီကာ၊ သုတ်ပါထေယျ ဋီကာ တို့ကို ရှင်ဓမ္မပါလ စီရင်သည်။
လီနတ္ထပကာ သနီမည်သော မူလပဏ္ဏာသ၊ မဇ္ဈိမပဏ္ဏာသ၊ ဥပရိပဏ္ဏာသဋီကာ တို့ကို ရှင်ဓမ္မပါလ စီရင်သည်။
လီနတ္ထပကာ သနီမည်သော သဂါထာဝဂ္ဂသံယုတ်၊ နိဒါန ဝဂ္ဂသံယုတ်၊ ခန္ဓ ဝဂ္ဂသံယုတ်၊ သဠာယတနဝဂ္ဂသံယုတ်၊ မဟာဝဂ္ဂသံယုတ်ဋီကာ တို့ကို ရှင်ဓမ္မပါလ စီရင်သည်။
ဧကင်္ဂုတ္တရ၊ ဒုကင်္ဂုတ္တရ၊ တိကင်္ဂုတ္တရ ဋီကာဟောင်းတို့ကို ရှင်ဓမ္မပါလ စီရင်သည်။ သာရတ္ထမဉ္ဇူသာမည်သော ဧကင်္ဂုတ္တရဋီကာသစ်၊ ဒုက- တိက-စတုက-ပဉ္ဇ-ဆက္က-သတ္တ-အဋ္ဌ-နဝ-ဒသ- ဧကာဒ သင်္ဂုတ္တရ ဋီကာသစ်တို့ကို ရှင်သာရိပုတြာ စီရင်သည်။
ပရမတ္ထသူဒနီ မည်သော ခုဒ္ဒကပါဌဋီကာကို ရှင်အာဒိစ္စဝံသ ငါးခုန်ဆရာတော် စီရင် သည်။ ဓမ္မပဒတ္ထဒီပနီကို သီဟိုဠ်ကျွန်း အမည်မသိဆရာ စီရင် သည်။ ဓမ္မပဒဋီကာသစ်ကို ပခန်းကြီးမြို့ ရေစကြိုရွာဇာတိ ရှင်ဝရသမ္ဗောဓိ စီရင်သည်။ ဥဒါန်းဋီကာ-ဣတိဝုတ်-သုတ္တနိပါတ်-ဝိမာနဝတ္ထု-ပေတဝတ္ထု-ထေရဂါထာ-ထေရီဂါထာဋီကာတို့ကား သီဟိုဠ်ကျွန်းမှ မြန်မာနိုင်ငံသို့မရောက်။ ပါဌဇာတ်ဋီကာကို ရှင်ဓမ္မပါလ စီရင်သည်။ (ငါးရာ ငါးဆယ်ဇာတ် ဋီကာလည်းခေါ်သည်။) မဟာနိဒ္ဒေသဋီကာ-သီဟိုဠ်ကျွန်းမှ မြန်မာနိုင်ငံသို့ မရောက်။ ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်ကို အနုရာဓမြို့ မဟိန္ဒသေန ကျောင်းတိုက်နေ မဟာထူပဝင်ကျမ်းပြု မထေရ် စီရင်သည်။ ထေရအပဒါန်-ဗုဒ္ဓဝင်-စရိယာပိဋကဋီကာ တို့ကား သီဟိုဠ်ကျွန်းမှ မြန်မာနိုင်ငံသို့မရောက်။ နေတ္တိဋီကာဟောင်းကို ရှင်ဓမ္မပါလ စီရင်သည်။ ပေဋကာလင်္ကာရ ဋီကာသစ်ကို ပထမမောင်းထောင် သာသနာပိုင် စီရင်သည်။ (နေတ္တိ မဟာ ဋီကာသစ်လည်း ခေါ်သည်။) နေတ္တိဝိဘာဝနီဋီကာကို အဝမြို့ နရပတိမင်းကြီး လက်ထက် သေနာပတိအမတ်ကြီး တောင်းပန်၍ ရှင်သဒ္ဓမ္မ စီရင်သည်။ ပရမတ္ထမဉ္ဇူသာမည်သော ဝိသုဒ္ဓိမဂ်ဋီကာကို ရှင်ဓမ္မ ပါလ စီရင်သည်။ (မဟာဋီကာလည်း ခေါ်သည်။) ဝိသုဒ္ဓိမဂ္ဂသင်္ခေပဋီကာကို မဟာထူပဝင်ကျမ်းပြုမထေရ် စီရင်သည်။ ဝိသုဒ္ဓိမဂ် ဂဏ္ဌိပုဒ်ကိုတမ္ပဒီပတိုင်း ပုဂံမြို့ ရှင်သဒ္ဓမ္မ ဇောတိပါလ စီရင်သည်။ ဇိနာလင်္ကာရစာကိုယ်-ဇိနာလင်္ကာရဋီကာကို သီဟိုဠ် ကျွန်းရောဟနဇနပုဒ်ဖွား ရှင်ဗုဒ္ဓရက္ခိတ စီရင်သည်။ ဇိနာလင်္ကာရဒီပနီကို ရတနာပုရ အဝမြို့ ရှင်ဥပတိဿ စီရင်သည်။ (ဂုဠတ္ထဒီပနီလည်း ခေါ်သည်။)
ဝဇိရဗုဒ္ဓိဋီကာကို မဟာဝိဟာရကျောင်းတိုက်နေ ရှင်ဝဇိရဗုဒ္ဓိ စီရင်သည်။ (ကျမ်းပြုဆရာအမည်ကိုစွဲ၍ ဋီကာကိုလည်း ဝဇိရဗုဒ္ဓိဋီကာ ခေါ်သည်။) သာရတ္ထဒီပနီဋီကာ-တေရသကဏ်ဋီကာတို့ကို ရှင်သာ ရိပုတ္တရာ စီရင်သည်။
ဝိမတိဝိနောဒနီဋီကာကို သီဟိုဠ်ကျွန်း စောဠတိုင်းသား ရှင်မဟာကဿပ စီရင်သည်။ ပါရာဇိကဏ်အဋ္ဌကထာ ယောဇနာကို ဝိဇယပုရ- ပင်းယမြို့ဆင်ဖြူလေးစီးရှင် သီဟသူမင်းလက်ထက် မြို့သစ်မြို့နေ ရှင်သီရိမင်္ဂလ စီရင်သည်။
ပါစိတျာဒိအဋ္ဌကထာ ယောဇနာကို ရွှေပြည့်ရန်အောင် အနောက်ဘက် ကဖြူရွာဇာတိ ဘုရားကြီးဆရာတော် ရှင်ဇာဂရ စီရင်သည်။
ကင်္ခါဝိတရဏီ ဋီကာဟောင်းကို အနုရာဓမြို့နေ အမည်မသိဆရာ စီရင်သည်။ ကင်္ခါဝိတရဏီ ဋီကာသစ်ကို မဟာဝိဟာရကျောင်း တိုက်နေ ရှင်သာရိပုတ္တရာတပည့် ရှင်ဗုဒ္ဓနာဂ စီရင်သည်။
မူလဋီကာကို မဟာဝိဟာရ ကျောင်းတိုက်နေ လူမည် မောင်အာနန္ဒာ၊ ရဟန်းမည် ဝနရတနတိဿ မဟာသာမိ စီရင်သည်။
အနုဋီကာကို ရှင်ဓမ္မပါလ စီရင်သည်။ မဏိဒီပဋီကာကို ပင်းယမြို့ နရပတိမင်းကြီးလက်ထက် စကားအင်းရွာဇာတိ ရှင်အရိယဝံသ ဓမ္မသေနာပတိ စီရင်သည်။
မဓုသာရတ္ထဒီပနီဋီကာကို ဟံသာဝတီမြို့ ဆင်ဖြူများ ရှင်လက်ထက် ရှင်မဟာနာမ စီရင်သည်။ အဋ္ဌသာလိနီ အဋ္ဌကထာ ယောဇနာ-သမ္မောဟ ဝိနော ဒနီ အဋ္ဌကထာ ယောဇနာတို့ကို ရှင်သီရိမင်္ဂလာ စီရင်သည်။ ဓာတုကထာဋီကာဝဏ္ဏနာ၊ ဓာတုကထာ အနုဋီကာဝဏ္ဏ နာတို့ကို အနောက်ဘက်လွန် မင်းတရားလက်ထက် ပုခန်းကြီးမြို့ ဆိတ်ဆင်းရွာဇာတိ ရှင်တိလောကဂုရု စီရင်သည်။ ဓာတုကထာယောဇနာကို ဟံသာဝတီရောက်မင်း လက်ထက် ပုခန်းကြီးမြို့ ပုပ္ဖာရုံဆရာတော် ရှင်သာရဒဿီ စီရင်သည်။
ယမကဝဏ္ဏနာဋီကာကို ရှင်တိလောကဂုရု စီရင်သည်။ ပဋ္ဌာနသာရဒီပနီဋီကာကို ဟံသာဝတီ ဆင်ဖြူများရှင် လက်ထက် ရှင်သဒ္ဓမ္မာလင်္ကာရ စီရင်သည်။ ပဋ္ဌာနဝဏ္ဏနာဋီကာကို ရှင်တိလောကဂုရု စီရင်သည်။ အဘိဓမ္မာဂဏ္ဌိပုဒ်ကို မဟာဝိဟာရကျောင်းတိုက်နေ ရှင်မဟာကဿပ စီရင်သည်။
ဝီသတိဝဏ္ဏနာကို သာလွန်မင်းတရားလက်ထက် စလင်း မြို့မဇာတိ တိပိဋကာလင်္ကာရ တောင်ဖီလာ ပုဂ္ဂိုလ်ကျော် စီရင်သည်။
ဝိနယသင်္ဂဟအဋ္ဌကထာ၊ ဝိနယသင်္ဂဟငယ် အဋ္ဌကထာတို့ကို ရှင်သာရိပုတ္တရာ စီရင်သည်။
ဝိနယသင်္ဂဟငယ်အဋ္ဌကထာကို အဝမြို့ စဉ့်ကူးမင်း ဆရာ စီရင်သည်။ ဝိနယသင်္ခေပအဋ္ဌကထာကို အမည်မသိဆရာ စီရင် သည်။ ဝိနယဝိနိစ္ဆယအဋ္ဌကထာ-ဥတ္တရဝိနိစ္ဆယအဋ္ဌကထာတို့ကို ရှင်ဗုဒ္ဓဒတ္တ စီရင်သည်။
ခုဒ္ဒသိက္ခာအဋ္ဌကထာကို သီဟိုဠ်ကျွန်းနေ ဓမ္မသီရိ စီရင် သည်။ မူလသိက္ခာအဋ္ဌကထာကို သီဟိုဠ်ကျွန်းနေ ရှင်မဟာ သာမိ စီရင်သည်။ နိပုဏပဒသင်္ဂဟအဋ္ဌကထာ-သီလာဝဟအဋ္ဌကထာတို့ကို အမည်မသိဆရာတို့ စီရင်ကြသည်။ သီမာလင်္ကာရအဋ္ဌကထာ-သီမာသင်္ဂဟအဋ္ဌကထာတို့ကို အနုရာဓမြို့နေ ရှင်ဝါစိဿရ စီရင်သည်။ သိက္ခာပဒဝလဉ္ဇနအဋ္ဌကထာကို အမည်မသိဆရာ စီရင် သည်။ ပါတိမောက္ခလေခနကို ပုခန်းကြီးမြို့ ပိုက်သင်ရွာဇာတိ ပထမကျော်အောင်စံထားဆရာတော် ရှင်ဉာာဏဝရ စီရင်သည်။ ပါတိမောက္ခဝိသောဓနီကို ဟံသာဝတီမြို့ အမည်မသိ ဆရာ စီရင်သည်။ သီမဗန္ဓနီကို အမည်မသိဆရာ စီရင်သည်။ ပါတိမောက္ခအနုပဒတ္ထဝဏ္ဏနာကို စလင်းမြို့ ရှင်ဝိစိတ္တာ လင်္ကာရ စီရင်သည်။ ဝိနယဂုဠတ္ထ ဒီပနီကို ပုဂံမြို့ ရှင်သဒ္ဓမ္မ ဇောတိပါလ စီရင်သည်။ ဝိနယဂုဠတ္ထပကာသနီ-ပါတိမောက္ခဂဏ္ဌိတို့ကို အမည် မသိဆရာတို့ စီရင်ကြသည်၊
အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာ-ပရမတ္ထ ဝိနိစ္ဆယ အဋ္ဌကထာ- နာမရူပ ပရိစ္ဆေဒအဋ္ဌကထာတို့ကို နမ္ပမည်သော ဒါယကာ တောင်းပန်၍ မူလသောမ ကျောင်းတိုက်နေ ရှင်အနုရုဒ္ဓာ စီရင်သည်။ အဘိဓမ္မာဝတာရအဋ္ဌကထာ-ရူပါရူပဝိဘာဂ အဋ္ဌကထာ တို့ကို ရှင်ဗုဒ္ဓဒတ္တ စီရင်သည်။ ခေမာပကရဏအဋ္ဌကထာကို သီဟိုဠ်ကျွန်း အနုရာဓမြို့ ရှင်ခေမာ စီရင်သည်။ နာမစာရဒီပကကို ရှင်သဒ္ဓမ္မဇောတိပါလ စီရင်သည်။ မောဟဝိစ္ဆေဒနီအဋ္ဌကထာကို သီဟိုဠ်ကျွန်း စောလ တိုင်းသား ရှင်မဟာကဿပ စီရင်သည်။ သုစိတ္တာလင်္ကာရကို ပုခန်းကြီးမြို့ ငါးရန့်အိုရွာဇာတိ ဘိုးသူတော် စီရင်သည်။ ပရမတ္ထဗိန္ဓုကို ပုဂံပြည် ကျစွာမင်း စီရင်သည်။ သစ္စသံခိပ်အဋ္ဌကထာကို ရှင်ဓမ္မပါလ စီရင်သည်။
ဝိနယ သင်္ဂဟ ဋီကာဟောင်းကို ရှင်သာရိပုတ္တရာ စီရင်သည်။ ဝိနယာလင်္ကာရဋီကာသစ်ကို တောင်ဖီလာပုဂ္ဂိုလ်ကျော် စီရင်သည်။ ခုဒ္ဒသိက္ခာဋီကာဟောင်းကို သီဟိုဠ်ကျွန်း အရာဓမြို့ နေ ရှင်ရေဝတ စီရင်သည်။ သုမင်္ဂလပသာဒနီမည်သော ခုဒ္ဒသိက္ခာဋီကာသစ်ကို သီဟိုဠ်ကျွန်း အနုရာဓမြို့နေ ရှင်သင်္ဃရက္ခိတမဟာသာမိ စီရင်သည်။ ခုဒ္ဒသိက္ခာဋီကာဟောင်းကို သီဟိုဠ်ကျွန်း အနုရာဓမြို့ နေ ရှင်ရေဝတ စီရင်သည်။ သုမင်္ဂလပသာဒနီမည်သော ခုဒ္ဒသိက္ခာဋီကာသစ်ကို သီဟိုဠ်ကျွန်း အနုရာဓမြို့နေ ရှင်သင်္ဃ ရက္ခိတ မဟာသာမိ စီရင်သည်။ ခုဒ္ဒသိက္ခာယောဇနာကို စစ်ကိုင်းမြို့ တောရနေ အမည်မသိဆရာ စီရင်သည်။ ခုဒ္ဒသိက္ခာဒီပနီကို စလင်းမြို့သူကြီး မဟာသမန်း ကိုးကွယ်သော ပန်းလွှားဆရာတော် ရှင်သီလာစာရ စီရင်သည်။ မူလသိက္ခာဋီကာဟောင်းကို သီဟိုဠ်ကျွန်း အနုရာဓမြို့ နေ ရှင်ဝိမလသာရ စီရင်သည်။ ဝိနယဝိမတိစ္ဆေဒနီ မည်သော မူလသိက္ခာဋီကာသစ်ကို ပင်းယမြို့နေ ရှင်သမန္တဂုဏသာဂရ စီရင်သည်။ ဝိနယတ္ထသာရသန္ဒီပနိယ မည်သော ဝိနယဝိနိစ္ဆယ ဋီကာနှင့် ဥတ္တရဝိနိစ္ဆယဋီကာတို့ကို သီဟိုဠ်ကျွန်း အနုရာဓမြို့ ရှင်မဟာဥပတိဿ စီရင်သည်။ ဝိနယဝိနိစ္ဆယ ယောဇနာကို စစ်ကိုင်းမြို့ တောရနေ အမည်မသိဆရာ စီရင်သည်။ သီမာလင်္ကာရဋီကာကို ပုဂံမြို့ ရှင်သန္ဓမ္မဇောတိပါလ စီရင်သည်။ သီမာသင်္ဂဟဋီကာ-ဝိနယသင်္ခေပဋီကာတို့ကို အမည် မသိဆရာ စီရင်သည်။
အဘိဓမ္မတ္ထ သင်္ဂဟဋီကာဟောင်းကို သီဟိုဠ်ကျွန်း အနုရာဓမြို့ ရှင်သာရိပုတ္တရာတပည့် ရှင်နဝဝိမလ စီရင်သည်။ အဘိဓမ္မတ္ထဝိဘာဝနီဋီကာသစ်ကို သီဟိုဠ်ကျွန်း အနု ရာဓမြို့တောင်ဘက် မဟာဝိဟာရကျောင်းတိုက်နေ ရှင်သာရိပုတ္တရာတပည့် ရှင်သုမင်္ဂလသာမိ စီရင်သည်။ (ဋီကာလှဟူ၍ လည်းကောင်း၊ ဋီကာကျော်ဟူ၍လည်းကောင်း ခေါ်ကြသည်။) သင်္ခေပဝဏ္ဏနာဋီကာကို ပုဂံမြို့ ရှင်သဒ္ဓမ္မဇောတိပါလ စီရင်သည်။ အဘိဓမ္မတ္ထသင်္ဂဟ ဒီပနီကို ပန်းလွှားဆရာတော် ရှင် သီလာစာရ စီရင်သည်။ မဏိသာရမဉ္ဇူသာဋီကာကို ပင်းယမြို့ စကားအင်းရွာ ဇာတိ ရှင်မဟာအရိယဝံသ စီရင်သည်။ စူဠဋီကာမည်သော အဖေဂ္ဂုသာရဒီပနီဋီကာကို ဟံသာ ဝတီဆင်ဖြူများရှင် သမီးတော် သီဝလိဒေဝီ ဆရာ ရှင်ပိဋကဓရ စီရင်သည်။ ပရမတ္ထဝိနိစ္ဆယဋီကာဟောင်းကို သီဟိုဠ်ကျွန်း အနုရာဓ မြို့တောင်ဘက် မဟာဝိဟာရကျောင်းတိုက်နေ ရှင်မဟာဗောဓိ စီရင်သည်။ ပရမတ္ထဝိနိစ္ဆယဋီကာသစ်ကို မဟာဝိဟာရကျောင်းတိုက် နေ အမည်မသိဆရာ စီရင်သည်။ နာမရူပ ပရိစ္ဆေဒဋီကာဟောင်းကို သီဟိုဠ်ကျွန်း အနု ရာဓမြို့နေ ရှင်ဝါစိဿရ မဟာသာမိ စီရင်သည်။ နာမရူပ ပရိစ္ဆေဒဋီကာသစ်ကို မဟာဝိဟာရကျောင်း တိုက်နေ အမည်မသိဆရာ စီရင်သည်။ အဘိဓမ္မာဝတာရဋီကာဟောင်းကို ရှင်ဝါစိဿရ မဟာ သာမိ စီရင်သည်။ အဘိဓမ္မတ္ထဝိကာသိနီမည်သော အဘိဓမ္မာဝတာရဋီကာ သစ်ကို ရှင်သုမင်္ဂလသာမိ စီရင်သည်။ ရူပါရူပဝိဘာဂဋီကာကို ပုဂံမြို့ ရှင်မဟာကဿပ စီရင် သည်။ သစ္စသံခိပ်ဋီကာဟောင်းကို ရှင်ဝါစိဿရ မဟာသာမိ စီရင်သည်။ သာရတ္ထသာလိနီမည်သော သစ္စသံခိပ်ဋီကာသစ်ကို မဟာဝိဟာရကျောင်းတိုက်နေ အမည်မသိဆရာ စီရင်သည်။ [၁]
| စဉ် | ကျမ်းအမည် | ကျမ်းပြုဆရာ | သင်္ကေတ |
| ၁။ | ပါရာဇိကဏ်အဋ္ဌကထာ (သမန္တပါသာဒိကာအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | ဝိ၊ဋ္ဌ၊၁ |
| ၂။ | ပါစိတျာဒိ အဋ္ဌကထာ (သမန္တပါသာဒိကာအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | ဝိ၊ဋ္ဌ၊၂ |
| ၃။ | စူဠဝဂ္ဂါဒိအဋ္ဌကထာ (သမန္တပါသာဒိကာအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | ဝိ၊ဋ္ဌ၊၃ |
| ၄။ | ပါတိမောက်အဋ္ဌကထာ (ကင်္ခါဝိတရဏီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | ကင်္ခါ၊ဋ္ဌ |
| ၅။ | ဝိနယသင်္ဂဟ အဋ္ဌကထာ (ပါဠိမုတ္တကဝိနိစ္ဆယသင်္ဂဟအဋ္ဌကထာ) | အရှင်သာရိပုတ္တရာ | ဝိ၊သင်္ဂဟ |
| ၆။ | သီလက္ခန်အဋ္ဌကထာ (သုမင်္ဂလဝိလာသိနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | ဒီ၊ဋ္ဌ၊၁ |
| ၇။ | မဟာဝဂ္ဂအဋ္ဌကထာ (သုမင်္ဂလဝိလာသိနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | ဒီ၊ဋ္ဌ၊၂ |
| ၈။ | ပါထိကအဋ္ဌကထာ (သုမင်္ဂလဝိလာသိနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | ဒီ၊ဋ္ဌ၊၃ |
| ၉။ | မူလပဏ္ဏသအဋ္ဌကထာ (ပ) (ပပဉ္စသူဒနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | မဋ္ဌ၊၁ |
| ၁၀။ | မူလပဏ္ဏသအဋ္ဌကထာ (ဒု) (ပပဉ္စသူဒနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | မဋ္ဌ၊၂ |
| ၁၁။ | မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ (ပပဉ္စသူဒနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | မဋ္ဌ၊၃ |
| ၁၂။ | ဥပရိပဏ္ဏာသအဋ္ဌကထာ (ပပဉ္စသူဒနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | မဋ္ဌ၊၄ |
| ၁၃။ | သံယုဂ်အဋ္ဌကထာ (ပ) (သာရတ္ထပ္ပကာသနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | သံ၊ဋ္ဌ၊၁ |
| ၁၄။ | သံယုဂ်အဋ္ဌကထာ (ဒု) (သာရတ္ထပ္ပကာသနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | သံ၊ဋ္ဌ၊၂ |
| ၁၅။ | သံယုဂ်အဋ္ဌကထာ (တ) (သာရတ္ထပ္ပကာသနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | သံ၊ဋ္ဌ၊၃ |
| ၁၆။ | အင်္ဂုတ္တရအဋ္ဌကထာ (ပ) (မနောရထပူရဏီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | အံ၊ဋ္ဌ၊၁ |
| ၁၇။ | အင်္ဂုတ္တရအဋ္ဌကထာ (ဒု) (မနောရထပူရဏီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | အံ၊ဋ္ဌ၊၂ |
| ၁၈။ | အင်္ဂုတ္တရအဋ္ဌကထာ (တ) (မနောရထပူရဏီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | အံ၊ဋ္ဌ၊၃ |
| ၁၉။ | ခုဒ္ဒကပါဌအဋ္ဌကထာ (ပရမတ္ထဇောတိကာအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | ခုဒ္ဒကဋ္ဌ |
| ၂၀။ | ဓမ္မပဒအဋ္ဌကထာ (ပ) (ပရမတ္ထဇောတိကာအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | ဓမ္မ၊ဋ္ဌ၊၁ |
| ၂၁။ | ဓမ္မပဒအဋ္ဌကထာ (ဒု) (ပရမတ္ထဇောတိကာအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | ဓမ္မ၊ဋ္ဌ၊၂ |
| ၂၂။ | ဥဒါနအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) | အရှင်ဓမ္မပါလ | ဥဒါန၊ဋ္ဌ |
| ၂၃။ | ဣတိဝုတ္တကအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) | အရှင်ဓမ္မပါလ | ဣတိဝုတ္တဋ္ဌ |
| ၂၄။ | သုတ္တနိပါတအဋ္ဌကထာ (ပ) (ပရမတ္ထဇောတိကာအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | သုတ္တနိ၊ဋ္ဌ၊၁ |
| ၂၅။ | သုတ္တနိပါတအဋ္ဌကထာ (ဒု) (ပရမတ္ထဇောတိကာအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | သုတ္တနိ၊ဋ္ဌ၊၂ |
| ၂၆။ | ဝိမာနဝတ္ထုအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) | အရှင်ဓမ္မပါလ | ဝိမာနဋ္ဌ |
| ၂၇။ | ပေတဝတ္ထုအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) | အရှင်ဓမ္မပါလ | ပေတဋ္ဌ |
| ၂၈။ | ထေရဂါထာအဋ္ဌကထာ (ပ) (ပရမတ္ထဒီပနီအဋ္ဌကထာ) | အရှင်ဓမ္မပါလ | ထေရ၊ဋ္ဌ၊၁ |
| ၂၉။ | ထေရဂါထာအဋ္ဌကထာ (ဒု) (ပရမတ္ထဒီပနီအဋ္ဌကထာ) | အရှင်ဓမ္မပါလ | ထေရ၊ဋ္ဌ၊၂ |
| ၃၀။ | ထေရီအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) | အရှင်ဓမ္မပါလ | ထေရီ၊ဋ္ဌ |
| ၃၁။ | အပဒါနအဋ္ဌကထာ (ပ) (ဝိသုဒ္ဓဇနဝိလာသိနီအဋ္ဌကထာ) | (အမည်မသိ) | အပ၊ဋ္ဌ၊၁ |
| ၃၂။ | အပဒါနအဋ္ဌကထာ (ဒု) (ဝိသုဒ္ဓဇနဝိလာသိနီအဋ္ဌကထာ) | (အမည်မသိ) | အပ၊ဋ္ဌ၊၂ |
| ၃၃။ | ဗုဒ္ဓဝံသအဋ္ဌကထာ (မဓုရတ္ထဝိလာသိနီအဋ္ဌကထာ) | အရှင်ဗုဒ္ဓဒတ္တ | ဗုဒ္ဓဝံ၊ဋ္ဌ |
| ၃၄။ | စရိယာပိဋကအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) | အရှင်ဓမ္မပါလ | စရိယာ၊ဋ္ဌ |
| ၃၅။ | ဇာတကအဋ္ဌကထာ (ပ) | အရှင်မဟာဗုဒ္ဓဃောသ | ဇာ၊ဋ္ဌ၊၁ |
| ၃၆။ | ဇာတကအဋ္ဌကထာ (ဒု) | အရှင်မဟာဗုဒ္ဓဃောသ | ဇာ၊ဋ္ဌ၊၂ |
| ၃၇။ | ဇာတကအဋ္ဌကထာ (တ) | အရှင်မဟာဗုဒ္ဓဃောသ | ဇာ၊ဋ္ဌ၊၃ |
| ၃၈။ | ဇာတကအဋ္ဌကထာ (စ) | အရှင်မဟာဗုဒ္ဓဃောသ | ဇာ၊ဋ္ဌ၊၄ |
| ၃၉။ | ဇာတကအဋ္ဌကထာ (မ) | အရှင်မဟာဗုဒ္ဓဃောသ | ဇာ၊ဋ္ဌ၊၅ |
| ၄၀။ | ဇာတကအဋ္ဌကထာ (ဆ) | အရှင်မဟာဗုဒ္ဓဃောသ | ဇာ၊ဋ္ဌ၊၆ |
| ၄၁။ | ဇာတကအဋ္ဌကထာ (သ) | အရှင်ဥပသေန | ဇာ၊ဋ္ဌ၊၇ |
| ၄၂။ | မဟာနိဒ္ဒေသအဋ္ဌကထာ (သဒ္ဓမ္မပ္ပဇ္ဇောတိကာအဋ္ဌကထာ) | အရှင်ဓမ္မပါလ | မဟာနိ၊ဋ္ဌ |
| ၄၃။ | စူဠနိဒ္ဒေသအဋ္ဌကထာ (သဒ္ဓမ္မပ္ပဇ္ဇောတိကာအဋ္ဌကထာ) | အရှင်ဓမ္မပါလ | စူဠနိ၊ဋ္ဌ |
| ၄၄။ | နေတ္တိအဋ္ဌကထာ (သဒ္ဓမ္မပ္ပဇ္ဇောတိကာအဋ္ဌကထာ) | အရှင်ဓမ္မပါလ | နေတ္တိ၊ဋ္ဌ |
| ၄၅။ | ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ (ပ) (သဒ္ဓမ္မပ္ပကာသိနီအဋ္ဌကထာ) | အရှင်မဟာနာမ | ပဋိသံ၊ဋ္ဌ၊၁ |
| ၄၆။ | ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ (ဒု) (သဒ္ဓမ္မပ္ပကာသိနီအဋ္ဌကထာ) | အရှင်မဟာနာမ | ပဋိသံ၊ဋ္ဌ၊၂ |
| ၄၇။ | ဓမ္မသင်္ဂဏီအဋ္ဌကထာ (အဋ္ဌသာလိနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | အဘိ၊ဋ္ဌ၊၁ |
| ၄၈။ | ဝိဘင်္ဂအဋ္ဌကထာ (သမ္မောဟဝိနောဒနီအဋ္ဌကထာ) | အရှင်မဟာဗုဒ္ဓဃောသ | အဘိ၊ဋ္ဌ၊၂ |
| ၄၉။ | ပဉ္စပကရဏအဋ္ဌကထာ | အရှင်မဟာဗုဒ္ဓဃောသ | အဘိ၊ဋ္ဌ၊၃ |
| ၅၀။ | ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပ) | အရှင်မဟာဗုဒ္ဓဃောသ | ဝိသုဒ္ဓိ၊ဋ္ဌ၊၁ |
| ၅၁။ | ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဒု) | အရှင်မဟာဗုဒ္ဓဃောသ | ဝိသုဒ္ဓိ၊ဋ္ဌ၊၂ |
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads