အနတ္တာနုပဿနာ
From Wikipedia, the free encyclopedia
Remove ads
အနတ္တာနုပဿနာ ဆိုသည်မှာ ရုပ်နာမ်သင်္ခါရတရားတို့ကို "အတ္တမဟုတ်၊ အစိုးမရ" ဟု အဖန်ဖန် ရှုဆင်ခြင်သုံးသပ်တတ်သော ဝိပဿနာဉာဏ် ဖြစ်ပါသည်။ ဤဉာဏ်သည် မဟာဝိပဿနာ (၁၈) ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ [၁]
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ၊၂၅၉) နှင့် ဝိသုဒ္ဓိမဂ် (ဝိသုဒ္ဓိ၊၂၊၂၆၅) တို့၌ "ယာ စ အနတ္တာနုပဿနာ ယာ စ သုညတာနုပဿနာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။" ဟု ဖွင့်ဆိုထားသည့်အတိုင်း၊ အနတ္တာနုပဿနာ (အတ္တမဟုတ်ဟု ရှုသောဉာဏ်) နှင့် သုညတာနုပဿနာ (အတ္တမှ ဆိတ်သုဉ်းသည်ဟု ရှုသောဉာဏ်) တို့သည် အနက်သဘောအားဖြင့် တစ်မျိုးတည်းသာ ဖြစ်ကုန်၏၊ စကားလုံးအသုံးအနှုန်းသာလျှင် ကွဲပြားထူးခြားကုန်၏။
အနတ္တလက္ခဏာ၏ အဓိကအချက်မှာ "အဝသဝတ္တန" ပင်ဖြစ်သည်။ ဆိုလိုသည်မှာ မိမိအလိုသို့ လိုက်စေနိုင်သော အစိုးရသတ္တိမရှိခြင်း၊ မိမိ၏အလိုအတိုင်း ဖြစ်စေ၊ မဖြစ်စေဟု တားမြစ်ချုပ်ချယ်နိုင်စွမ်း မရှိခြင်းပင်တည်း။
- အကယ်၍ သင်္ခါရတရားတို့သည် အတ္တဖြစ်ပါက၊ မိမိအလိုသို့ လိုက်သင့်သည်။ သို့သော် ၎င်းတို့သည် အနတ္တစင်စစ်ဖြစ်သောကြောင့် မိမိအလိုသို့ မလိုက်နိုင်၊ အစိုးမရချေ။
- ဤသို့ အစိုးမရသော အနတ္တဖြစ်သည့် သင်္ခါရတရားတို့ကိုပင် အတ္တဟု စွဲယူနေခြင်းသည် အမှားသာဖြစ်သည်။
- ဥဒါန်းပါဠိတော်လာ မေဃိယသုတ်အဋ္ဌကထာ (ဥဒါန၊ဋ္ဌ၊၂၁၄) ၌ "အနတ္တသညာ သဏ္ဌာတီတိ အသာရကတော အဝသဝတ္တနတော ပရတော ရိတ္တတော တုစ္ဆတော သုညတော စ 'သဗ္ဗေ ဓမ္မာ အနတ္တာ' တိ ဧဝံ ပဝတ္တာ အနတ္တာနုပဿနာသင်္ခါတာ အနတ္တသညာ စိတ္တေ သဏ္ဌာတိ" ဟု ဖွင့်ဆိုထားရာ၊ အနတ္တသညာ (အနတ္တာနုပဿနာ) သည် တရားအားလုံးကို အနှစ်သာရမရှိခြင်း (အသာရကတော)၊ အစိုးမရခြင်း (အဝသဝတ္တနတော)၊ သူတစ်ပါးအလိုသို့လိုက်ရခြင်း (ပရတော)၊ အချည်းနှီးသက်သက်ဖြစ်ခြင်း (ရိတ္တတော၊ တုစ္ဆတော၊ သုညတော) ဟူသောအကြောင်းတို့ကြောင့် အတ္တမဟုတ်ဟု ရှုမြင်ခြင်း ဖြစ်သည်။[၂]
Remove ads
- အနတ္တာနုပဿနာကို ပွားများခြင်း၏ အဓိကအကျိုးကျေးဇူးမှာ "အတ္တသညာ" (အတ္တဟု အမှတ်မှားသောသညာ) ကို ပယ်ခွာနိုင်ခြင်း ဖြစ်သည်။
- အတ္တသညာကို ပယ်ခွာနိုင်သောကြောင့် အတ္တဒိဋ္ဌိ အစရှိသော မိစ္ဆာဒိဋ္ဌိအားလုံးကို အမြစ်ပြတ် ပယ်သတ်နိုင်စွမ်းရှိသည်။ အဘယ့်ကြောင့်ဆိုသော် မိစ္ဆာဒိဋ္ဌိဟူသမျှသည် အတ္တဝါဒ၊ အတ္တဒိဋ္ဌိကို အခြေခံ၍သာ ဖြစ်ပေါ်လာသောကြောင့်တည်း။ အနတ္တာနုပဿနာသည် ထိုအတ္တဒိဋ္ဌိ၏ တိုက်ရိုက်ဆန့်ကျင်ဘက်ဖြစ်သည်။
သင်္ခါရတရားတို့ကို အနတ္တဟု ရှုမြင်ရာ၌ ၎င်းတို့၏ အခြားသော လက္ခဏာနှစ်ပါးဖြစ်သည့် အနိစ္စ (မမြဲခြင်း) နှင့် ဒုက္ခ (ဆင်းရဲခြင်း) သဘောတို့ကိုပါ ပူးတွဲရှုမြင်ရန် အရေးကြီးသည်။
- အနိစ္စ: သင်္ခါရတရားတို့သည် ရှေးကမရှိဘဲ ယခုမှ ရုတ်ခြည်းဖြစ်ပေါ်လာပြီး ချက်ချင်းပင် ပျက်စီးသွားတတ်သောကြောင့် မမြဲသော အနိစ္စသဘောရှိသည်။
- ဒုက္ခ: ထိုသို့ အဆက်မပြတ် ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် ညှဉ်းပန်းနှိပ်စက်ခံနေရသောကြောင့် ဆင်းရဲသော ဒုက္ခသဘောရှိသည်။
ဤသို့ အနတ္တ၊ အနိစ္စ၊ ဒုက္ခ လက္ခဏာရေးသုံးတန်လုံးကို တင်၍ရှုမြင်မှသာ ဒိဋ္ဌိကို ပယ်ခွာနိုင်မည်ဖြစ်သည်။
ကျမ်းဂန်များက အနုပဿနာဉာဏ်တစ်ခုသည် အခြားအနုပဿနာဉာဏ်နှစ်ခုတို့၏ အားကြီးသော မှီရာဥပနိဿယသတ္တိဖြင့် အားပေးထောက်ပံ့မှသာလျှင် သက်ဆိုင်ရာ ကိလေသာကို တဒင်္ဂအားဖြင့် ခွာနိုင်၊ ပယ်နိုင်သည်ဟု ညွှန်ပြထားသည်။
- အနတ္တာနုပဿနာဉာဏ် သည် ထက်မြက်စူးရှလာ၍ အနိစ္စာနုပဿနာဉာဏ် နှင့် ဒုက္ခာနုပဿနာဉာဏ်တို့က အစဉ်တစိုက်လိုက်ပါ အားဖြည့်သောအခါ ဒိဋ္ဌိ ကို ပယ်ခွာနိုင်သည်။
- အနိစ္စာနုပဿနာဉာဏ် သည် ထက်မြက်စူးရှလာ၍ ဒုက္ခာနုပဿနာဉာဏ် နှင့် အနတ္တာနုပဿနာဉာဏ်တို့က အစဉ်တစိုက်လိုက်ပါ အားဖြည့်သောအခါ မာန ကို ပယ်ခွာနိုင်သည်။
- ဒုက္ခာနုပဿနာဉာဏ် သည် ထက်မြက်စူးရှလာ၍ အနိစ္စာနုပဿနာဉာဏ် နှင့် အနတ္တာနုပဿနာဉာဏ်တို့က အစဉ်တစိုက်လိုက်ပါ အားဖြည့်သောအခါ တဏှာ (နိကန္တိ) ကို ကုန်ခန်းစေနိုင်သည်။
ထို့ကြောင့် လက္ခဏာရေးသုံးတန်လုံးကို ညီညွတ်မျှတစွာ ပွားများအားထုတ်မှသာ တဏှာစွဲ၊ မာနစွဲ၊ ဒိဋ္ဌိစွဲဟူသော အစွဲသုံးမျိုးလုံးကို အပြီးတိုင် ပယ်ခွာနိုင်မည် ဖြစ်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
