မဟာဝိပဿနာ
From Wikipedia, the free encyclopedia
Remove ads
ရုပ်ကမ္မဋ္ဌာန်းနှင့် နာမ်ကမ္မဋ္ဌာန်းကို လေ့လာပြီးသော ယောဂီပုဂ္ဂိုလ်သည် ဘင်္ဂါနုပဿနာမှစ၍ တဆင့်တက်သောအခါ သမ္မသနဉာဏ်ပိုင်း၌ မဟာဝိပဿနာ (၁၈) မျိုးကို ပွားများရပါသည်။[၁] ဤမဟာဝိပဿနာတို့သည် သရုပ်အားဖြင့်လည်းကောင်း၊ ကိစ္စအားဖြင့်လည်းကောင်း အလုံးစုံသော အခြင်းအရာတို့ကို ထိုးထွင်းသိမြင်စေပြီး သက်ဆိုင်ရာ အနုပဿနာဉာဏ်တို့၏ ဆန့်ကျင်ဘက်ဖြစ်သော နိစ္စသညာ စသည့် အမှတ်မှားမှုများကို ပယ်ရှားပေးနိုင်စွမ်းရှိပါသည်။
မဟာဝိပဿနာ (၁၈) မျိုးနှင့် ပယ်ရှားနိုင်သော တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- အနိစ္စာနုပဿနာ: မမြဲခြင်းကို အဖန်ဖန်ရှုခြင်း။ ဤသို့ပွားများသော ယောဂီသည် နိစ္စသညာ (မြဲ၏ဟု အမှတ်မှားခြင်း) ကို ပယ်ခွာ၏။
- ဒုက္ခာနုပဿနာ: ဆင်းရဲခြင်းကို အဖန်ဖန်ရှုခြင်း။ ဤသို့ပွားများသော ယောဂီသည် သုခသညာ (သုခဟု အမှတ်မှားခြင်း) ကို ပယ်ခွာ၏။
- အနတ္တာနုပဿနာ: အတ္တမဟုတ်ခြင်းကို အဖန်ဖန်ရှုခြင်း။ ဤသို့ပွားများသော ယောဂီသည် အတ္တသညာ (အတ္တဟု အမှတ်မှားခြင်း) ကို ပယ်ခွာ၏။
- နိဗ္ဗိဒါနုပဿနာ: သင်္ခါရတရားတို့ကို ငြီးငွေ့သော အခြင်းအရာအားဖြင့် အဖန်ဖန်ရှုခြင်း။ ဤသို့ပွားများသော ယောဂီသည် နန္ဒီ (သင်္ခါရတရားတို့၌ နှစ်သက်မြတ်နိုးခြင်း) ကို ပယ်ခွာ၏။
- ဝိရာဂါနုပဿနာ: သင်္ခါရတရားတို့ကို ရွံရှာစက်ဆုပ်ဖွယ် အခြင်းအရာအားဖြင့် အဖန်ဖန်ရှုခြင်း (သင်္ခါရတို့၏ ပျက်ခြင်းသဘောကို ရှုခြင်း)။ ဤသို့ပွားများသော ယောဂီသည် ရာဂ (သင်္ခါရတရားတို့၌ တပ်မက်ခြင်း) ကို ပယ်ခွာ၏။
- နိရောဓာနုပဿနာ: သင်္ခါရတရားတို့၏ ချုပ်ပျက်ခြင်းကို အဖန်ဖန်ရှုခြင်း။ ဤသို့ပွားများသော ယောဂီသည် သမုဒယ (သင်္ခါရတရားတို့၏ အကြောင်းရင်း) ကို ပယ်ခွာ၏။
- ပဋိနိဿဂ္ဂါနုပဿနာ : သင်္ခါရတရားတို့ကို စွန့်လွှတ်ကြောင်းဖြစ်သော အခြင်းအရာအားဖြင့် အဖန်ဖန်ရှုခြင်း။ ဤသို့ပွားများသော ယောဂီသည် သင်္ခါရတရားတို့ကို စွဲယူခြင်း၊ နိစ္စစသည်ဖြင့် စွဲလမ်းခြင်း တို့ကို ပယ်ခွာ၏။
- ခယာနုပဿနာ: သင်္ခါရတရားတို့၏ ကုန်ခန်းပျက်စီးခြင်းကို အဖန်ဖန်ရှုခြင်း။ ဤသို့ပွားများသော ယောဂီသည် ဃနသညာ (ရုပ်တုံးရုပ်ခဲ၊ နာမ်တုံးနာမ်ခဲဟု အတုံးအခဲအားဖြင့် အမှတ်မှားခြင်း) ကို ပယ်ခွာ၏။
- ဝယာနုပဿနာ: သင်္ခါရတရားတို့၏ ပျက်ခြင်း၊ ချုပ်ခြင်းကို အဖန်ဖန်ရှုခြင်း။ ဤသို့ပွားများသော ယောဂီသည် အာယူဟန (ကုသိုလ်၊ အကုသိုလ်သင်္ခါရတို့ကို စုစည်းတတ်သော တဏှာ) ကို ပယ်ခွာ၏။
- ဝိပရိဏာမာနုပဿနာ : သင်္ခါရတရားတို့၏ ဖောက်ပြန်ပျက်စီးခြင်းသဘောကို အဖန်ဖန်ရှုခြင်း။ ဤသို့ပွားများသော ယောဂီသည် ဓုဝသညာ (မြဲမြံသည်ဟု အမှတ်မှားခြင်း) ကို ပယ်ခွာ၏။
- အနိမိတ္တာနုပဿနာ : နိမိတ်မရှိခြင်းကို အဖန်ဖန်ရှုခြင်း (အနိစ္စာနုပဿနာ၏ အမည်တစ်မျိုး)။ ဤသို့ပွားများသော ယောဂီသည် နိမိတ် (ရုပ်နာမ်တို့၏ အတုံးအခဲ၊ သဏ္ဌာန် စသည့် အမှတ်အသားများကို စွဲယူခြင်း) ကို ပယ်ခွာ၏။
- အပ္ပဏိဟိတာနုပဿနာ : တောင့်တစရာမရှိဟု အဖန်ဖန်ရှုခြင်း (ဒုက္ခာနုပဿနာ၏ အမည်တစ်မျိုး)။ ဤသို့ပွားများသော ယောဂီသည် ပဏိဓိ (သုခကို တောင့်တတတ်သော တဏှာ) ကို ပယ်ခွာ၏။
- သုညတာနုပဿနာ : အတ္တမှ ဆိတ်သုဉ်းသည်ကို အဖန်ဖန်ရှုခြင်း (အနတ္တာနုပဿနာ၏ အမည်တစ်မျိုး)။ ဤသို့ပွားများသော ယောဂီသည် အတ္တာဘိနိဝေသ (အတ္တဟု မှားသောအားဖြင့် နှလုံးသွင်းခြင်း) ကို ပယ်ခွာ၏။
- အဓိပညာဓမ္မဝိပဿနာ: လွန်ကဲသော ပညာဖြင့် တရားတို့ကို ရှုခြင်း (သင်္ခါရတို့၏ နိစ္စ၊ သုခ၊ အတ္တမှ ဆိတ်သုဉ်းမှုကို ရှုခြင်း)။ ဤသို့ပွားများသော ယောဂီသည် သာရာဒါနာဘိနိဝေသ (နိစ္စသာရစသည်ကို စွဲယူမှု၊ တဏှာနှင့် ဒိဋ္ဌိ) ကို ပယ်ခွာ၏။
- ယထာဘူတဉာဏဒဿန: အမှန်အတိုင်း သိမြင်ခြင်း (အကြောင်းနှင့်တကွသော နာမ်ရုပ်၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မှန်ကန်စွာ ရှုမြင်ခြင်း)။ ဤသို့ပွားများသော ယောဂီသည် သမ္မောဟာဘိနိဝေသ (အတိတ်ဘဝ၊ ဖန်ဆင်းရှင် စသည်တို့၌ မှားယွင်းစွာ နှလုံးသွင်းမှု) ကို ပယ်ခွာ၏။
- အာဒီနဝါနုပဿနာ : အပြစ်မြင်အောင် အဖန်ဖန်ရှုခြင်း (သင်္ခါရတရားတို့ကို ကြောက်မက်ဖွယ် ဘေးဆိုးအဖြစ် ရှုမြင်ခြင်း)။ ဤသို့ပွားများသော ယောဂီသည် အာလယာဘိနိဝေသ (မှီခိုရာဟု ကပ်ငြိတတ်သော တဏှာ) ကို ပယ်ခွာ၏။
- ပဋိသင်္ခါနုပဿနာ: အဖန်ဖန် ဆင်ခြင်ရှုပွားခြင်း (သင်္ခါရတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသည်ကို ဆင်ခြင်ခြင်း)။ ဤသို့ပွားများသော ယောဂီသည် အပ္ပဋိသင်္ခ (မဆင်ခြင်ခြင်း၊ ဝိပဿနာဉာဏ်၏ ဆန့်ကျင်ဘက် အဝိဇ္ဇာ) ကို ပယ်ခွာ၏။
- ဝိဝဋ္ဋာနုပဿနာ : ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ရှုခြင်း (သင်္ခါရုပေက္ခာဉာဏ်၊ အနုလောမဉာဏ်သို့ ဆိုက်စေခြင်း)။ ဤသို့ပွားများသော ယောဂီသည် သံယောဂါဘိနိဝေသ (ကာမဂုဏ် စသည့် ကိလေသာတို့၌ မှားယွင်းစွာ နှလုံးသွင်းခြင်း) ကို ပယ်ခွာ၏။
Remove ads
ပဋိသမ္ဘိဒါမဂ်နှင့် ဝိသုဒ္ဓိမဂ်တို့အရ အချို့အနုပဿနာများသည် အမည်အားဖြင့်သာ ကွဲပြားသော်လည်း အနက်အဓိပ္ပာယ်အားဖြင့် တူညီကြပါသည်-
- အနိစ္စာနုပဿနာ နှင့် အနိမိတ္တာနုပဿနာ တို့သည် အနက်အားဖြင့် တူ၏။
- ဒုက္ခာနုပဿနာ နှင့် အပ္ပဏိဟိတာနုပဿနာ တို့သည် အနက်အားဖြင့် တူ၏။
- အနတ္တာနုပဿနာ နှင့် သုညတာနုပဿနာ တို့သည် အနက်အားဖြင့် တူ၏။
အနိမိတ္တာနုပဿနာသည် အနိစ္စာနုပဿနာနှင့် အနက်တူသော်လည်း "နိမိတ်" ကို ပယ်ခွာခြင်း၌ အလေးထားပါသည်။ "နိမိတ်" ဟူသည် သင်္ခါရတရား (ရုပ်နာမ်တရား) တို့ကို အတုံးအခဲ (ဃန) အဖြစ်လည်းကောင်း၊ အဆက်မပြတ် တည်တံ့နေသော (သန္တတိ) အရာအဖြစ်လည်းကောင်း၊ ပုံသဏ္ဌာန် (သဏ္ဌာနပညတ်) အဖြစ်လည်းကောင်း မှားယွင်းစွာ စွဲယူမှုကို ဆိုလိုပါသည်။
- ဃနပြိုခြင်း: ဝိပဿနာရှုသောအခါ ရုပ်ကလာပ်၊ နာမ်ကလာပ်တို့ကို ဉာဏ်ဖြင့် ဖြိုခွဲ၍ သန္တတိဃန (အစဉ်အတန်း အတုံးအခဲ)၊ သမူဟဃန (အပေါင်းအစု အတုံးအခဲ)၊ ကိစ္စဃန (လုပ်ငန်းကိစ္စ အတုံးအခဲ)၊ အာရမ္မဏဃန (အာရုံယူတတ်သော နာမ်တရားတို့၏ အတုံးအခဲ) တို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာနိုင်ရပါမည်။
- ပရမတ်ကိုရှုခြင်း: ဤသို့ ဃနများပြိုပြီး ပရမတ်အစစ် (ဥပမာ - ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဓာတ်များ သို့မဟုတ် ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဝိညာဏ်ဟူသော နာမ်တရားများ) ၏ ဖြစ်ခြင်း-ပျက်ခြင်း (ဥပါဒ်-ဘင်) ကို ရှုနိုင်မှသာ အနိမိတ္တာနုပဿနာ (သို့မဟုတ် အနိစ္စာနုပဿနာအစစ်) ဖြစ်ပါသည်။
- နိမိတ်ကိုရှုခြင်း၏ အားနည်းချက်: အတုံးအခဲလိုက် (ဥပမာ - "ငါ့လက်" ဟူသော ပညတ်အမြင်၊ သို့မဟုတ် ရုပ်ကလာပ်ကိုပင် အပေါင်းအစုအဖြစ်) ရှုနေသ၍ နိမိတ်ကိုသာ ရှုနေခြင်းဖြစ်ပြီး အနိမိတ္တကို ရှုသည်မမည်ပေ။ ထိုအခါ အနိစ္စာနုပဿနာအစစ် မဖြစ်သေးပါ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
