အာဇာနည်ဗိမာန်
မြန်မာနိုင်ငံရှိ ဗိမာန် From Wikipedia, the free encyclopedia
Remove ads
အာဇာနည်ဗိမာန် သည် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်အနီးတွင် တည်ရှိသည်။ ဂူဗိမာန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်များကိုလည်း မြှုပ်နှံထားသည်။ အာဇာနည်ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်သည်။[၁][၂][၃]
အာဇာနည်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံသားအားလုံး နိုင်ငံခေါင်းဆောင်ကြီးများကို အရိုအသေပေးကာ အလေးပြုကြသည်။ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် တစ်နိုင်ငံလုံးရှိ မြန်မာနိုင်ငံတော်အလံများကိုလည်း ထက်ဝက်ခန့်နှိမ့်ချ ထားကြသည်။

Remove ads
သမိုင်းကြောင်း
၁၉၄၇ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်များသည် မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် လုပ်ကြံသူတို့ လက်ချက်ဖြင့် သေဆုံးခဲ့ကြရသည်။ လုပ်ကြံခံခဲ့ရသည့် နေရာသည် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံးတွင် အစည်းအဝေးလုပ်နေခိုက် ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူများ
- ဗိုလ်ချုပ်အောင်ဆန်း − ဝန်ကြီးချုပ်
- ဒီးဒုတ်ဦးဘချို − ပြန်ကြားရေးဌာနဝန်ကြီး
- မန်းဘခိုင် − စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး
- ဦးဘဝင်း − ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး
- သခင်မြ − ပြည်ထဲရေး ဝန်ကြီးဌာနဝန်ကြီး
- ဦးရာဇတ် − ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာနဝန်ကြီး
- မိုင်းပွန်စော်ဘွားစဝ်စံထွန်း − တောင်တန်းဒေသရေးရာဝန်ကြီးဌာနဝန်ကြီး
- ဦးအုန်းမောင် − လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အတွင်းဝန်
- ရဲဘော်ကိုထွေး − ဦးရာဇတ်၏ သက်တော်စောင့်[၄]
လုပ်ကြံမှုပြီးဆုံးပြီး မကြာမီ မြန်မာနိုင်ငံ၏ ဗြိတိသျှနောက်ဆုံးအစိုးရဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆာ ဟူး ဘတ်ရန့် က ဦးနုကို ကြားဖြတ်အစိုးရ အဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံသည်လည်း ဇန်နဝါရီလ ၄ ရက်၊ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည်။ ဦးနုသည်လည်း မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့ အဖြစ် အားလပ်ရက် သတ်မှတ်ခဲ့သည်။[၄]
Remove ads
မြှုပ်နှံထားသူများ စာရင်း
အာဇာနည်ဗိမာန်တွင် မြှုပ်နှံထားသော ရုပ်အလောင်းများမှာ
- ဗိုလ်ချုပ်အောင်ဆန်း
- သခင်မြ
- ဒီးဒုတ်ဦးဘချို
- ဦးဘဝင်း
- မန်းဘခိုင်
- ဦးအုန်းမောင် တို့ ဖြစ်သည်။
စဝ်စံထွန်း၏ ရုပ်အလောင်းကို သူ၏ မွေးရပ်မြေ မိုင်းပွန်နယ်တွင် သင်္ဂြိုဟ်ခဲ့သည်။ စဝ်စံထွန်း၏ အရိုးပြာများကို သူ၏မွေးရပ်မြေနှင့် အာဇာနည်ဗိမာန်တို့တွင် ဂူသွင်းခဲ့သည်။[၅] ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို တာမွေမြို့နယ်ရှိ မူဆလင်သုသာန်တွင် ဂူသွင်းခဲ့သည်။[၆]
ပိုမိုဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads