ကာဠဒေဝီလရသေ့
From Wikipedia, the free encyclopedia
Remove ads
ကာဠဒေဝလ (ပု) [ကာဠ+ဒေဝလ] သည် ကာဠဒေဝီလ အမည်ရှိသော ပုဂ္ဂိုလ်ကို ရည်ညွှန်းသည်။ ([၁] တွင် "ဒေဝလ" ဟုသာ ရှိပြီး ဇာတကအဋ္ဌကထာများ၌ "ဒေဝီလ" ဟူသော နှစ်မျိုးလုံးကို တွေ့ရသည်။)
ဤအမည်သည် ဘုရားလောင်း သိဒ္ဓတ္ထမင်းသား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးထံ မကြာခဏ ကြွရောက်လေ့ရှိသော ရသေ့တစ်ဦး၏ အမည်ဖြစ်သည်။ ထိုရသေ့သည် သမာပတ်ရှစ်ပါးနှင့် ပြည့်စုံပြီး နေ့အခါ အနားယူရန် တာဝတိံသာနတ်ပြည်သို့ ကြွလေ့ရှိသည်။
တစ်နေ့သ၌ တာဝတိံသာသို့ ကြွရောက်ရာ နတ်သားများ အလွန်ဝမ်းမြောက်နေကြသည်ကို တွေ့၍ အကြောင်းကို မေးလေ၏။ နတ်တို့က "သုဒ္ဓေါဒနမင်းကြီး၌ သားတော်တစ်ပါး ဖွားမြင်တော်မူပြီ။ ထိုသားတော်သည် ဗောဓိပင်ရင်း၌ ဘုရားဖြစ်၍ ဓမ္မစကြာတရားတော်ကို ဟောကြားပေလိမ့်မည်။ ထိုဘုရားရှင်၏ တင့်တယ်ခြင်းကို မကြာမီ ဖူးမြော်ရတော့မည်ဖြစ်၍ ကျွန်ုပ်တို့ ဝမ်းမြောက်နေကြခြင်း ဖြစ်ပါသည်" ဟု လျှောက်ထားကြသည်။
ထိုသတင်းကိုကြားသောအခါ ကာဠဒေဝီလရသေ့သည် နတ်ပြည်မှ ဆင်းသက်၍ သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်သို့ ကြွရောက်ကာ သားတော်ကို ဖူးတွေ့လိုကြောင်း မိန့်ကြား၏။ မင်းကြီးသည် အဆင်တန်ဆာ ဆင်ယင်ထားသော သားတော်လေးကို ရသေ့အား ရှိခိုးစေရန် ကြိုးပမ်းသည်။ သို့သော် ဘုရားလောင်းသည် ရသေ့ကို ရှိမခိုးသည့်အပြင် ရသေ့၏ ဆံကျစ်ပေါ်၌ မတ်မတ်ပင် ရပ်တော်မူလေသည်။
အမှန်စင်စစ် ဘုရားဖြစ်မည့် ဘဝ၌ ဘုရားလောင်းက ရှိခိုးရမည့်သူ၊ ဘုရားလောင်း၏ ရှိခိုးခြင်းကို ခံနိုင်မည့်သူဟူ၍ မရှိချေ။ အကယ်၍ မသိနားမလည်သူတို့က ဘုရားလောင်း၏ ဦးခေါင်းကို ရသေ့၏ ခြေရင်း၌ အတင်းအကျပ်ထားပါက ထိုရသေ့၏ ဦးခေါင်းသည် ခုနစ်စိတ်ခုနစ်မွှာ ကွဲသွားပေလိမ့်မည်။ ကာဠဒေဝီလရသေ့သည် ဤအကြောင်းကို ကြိုတင်သိမြင်သောကြောင့် နေရာမှထ၍ လက်အုပ်ချီကာ ဘုရားလောင်းကို အရိုအသေပြုလေသည်။
ထို့နောက် ရသေ့သည် ဘုရားလောင်းကို ကြည့်၍ ပြုံးလည်းပြုံး၊ ငိုလည်းငိုလေသည်။ အကြောင်းမှာ သူသည် အတိတ်ကမ္ဘာ ၄၀ နှင့် အနာဂတ်ကမ္ဘာ ၄၀ ကို မြင်နိုင်စွမ်းသော ဉာဏ်ရှိ၏။ ထို့ကြောင့် ဤမင်းသားငယ်သည် ဧကန်စင်စစ် ဘုရားဖြစ်မည်ကို သိမြင်၍ ဝမ်းမြောက်သောကြောင့် ပြုံးတော်မူသည်။ တစ်ဖန် ထိုသားတော် ဘုရားဖြစ်သည့်အခါ မိမိဖူးတွေ့ခွင့် ရမည်၊ မရမည်ကို ဆင်ခြင်လတ်သော် "မိမိသည် သားတော် ဘုရားမဖြစ်မီပင် စုတေ၍ နာမ်တရားချည်းသာရှိသော အရူပဘုံ၌ ဖြစ်ရလိမ့်မည်" ဟု သိမြင်လေသည်။ ထို့ကြောင့် ဘုရားရှင်နှင့် အကြီးအကျယ် လွဲရတော့မည်ကို နှလုံးမသာမယာဖြစ်ကာ ငိုကြွေးခြင်း ဖြစ်သည်။ ဤသို့လျှင် ဘုရားလောင်းကို ကြည့်ကာ ပြုံးခြင်း၊ ငိုခြင်း နှစ်မျိုးစလုံးကို ပြုခဲ့လေသည်။ [၂]။
ဤရသေ့ကို အသိတရသေ့ ဟူ၍လည်း ခေါ်သည်။ သူသည် သုဒ္ဓေါဒနမင်းကြီး၏ ဆရာပုရောဟိတ် ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ရသေ့ပြုခဲ့သူ ဖြစ်သည်။ အခြားအမည်များမှာ ကဏှသိရိ၊ သိရိကဏှ တို့ ဖြစ်ကြသည်။ ([၃]။
Remove ads
ဤအမည်သည် ဂေါတမဘုရားလောင်း သရဘင်္ဂရသေ့ ဖြစ်စဉ်အခါက တပည့်ကြီး ခုနစ်ဦးအနက် တစ်ဦး၏ အမည်လည်း ဖြစ်သည်။ သူသည် ဆရာသရဘင်္ဂရသေ့၏ ညွှန်ကြားချက်အရ ဒက္ခိဏာပထ၊ အဝန္တိတိုင်း၌ ထောင်ပေါင်းများစွာသော ရသေ့တို့အား အကြီးအမှူးပြု၍ နေထိုင်ခဲ့သည်။ [၄]။
ထိုရသေ့သည် ဂေါတမဘုရားရှင် ပွင့်တော်မူသောအခါ ဘုရားရှင်၏ တပည့်သာဝက အရှင်မဟာကစ္စာယနမထေရ် ဖြစ်လာခဲ့သည်။ [၅]။
ဆက်စပ်ဖတ်ရှုရန်
ပြင်ပလင့်များ
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads