ဒီပင်္ကရာဘုရား
ဤဘဒ္ဒကမ္ဘာမှလွန်လေပြီးသော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းက ပွင့်သောမူခဲ့သောဗုဒ္ဓ။ From Wikipedia, the free encyclopedia
Remove ads
ဤကမ္ဘာမှ နောက်ပြန်ရေတွက်သော် လေးအသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ သာရမဏ္ဍကမ္ဘာတွင် ပွင့်တော်မူကြသော တ. မေ. သ. ဒီ-ဘုရားလေးဆူတို့တွင် နောက်ဆုံးလေးဆူမြောက်မှာ ဒီပင်္ကရာဘုရား ဖြစ်သည်။
သရဏင်္ကရာဘုရား ပွင့်ပြီးနောက် အာယုဟာယန ဆုပ်ကပ်ဖြစ်သော အန္တရကပ်တစ်ခု၌ လူတို့၏ သက်တမ်း အနှစ် (၁၀၀,၀၀၀) တစ်သိန်းတမ်းကာလ၌ တုသိတာနတ်ပြည်မှ လူတို့ပြည် ရမ္မဝတီမြို့ သုဒေဝမင်းကြီးနှင့် သုမေဓာမိဖုရားကြီးတို့မှ ဖွားမြင်သော သားရတနာ မင်းသားတစ်ပါးဖြစ်သည်။
အလောင်းတော်မင်းသား အရွယ်ရောက်လျှင် ပဒုမာမင်းသမီးနှင့် ထိမ်းမြား၍ ရွှေနန်းစည်းစိမ်ကို နှစ်ပေါင်း (၁၀,ဝဝဝ) တစ်သောင်း စိုးစံခံစားတော်မူသည်။ ကြင်ယာတော် ပဒုမာ မင်းသမီးမှ သားတော် ဥသဘက္ခန္ဓကို မွေးဖွားပြီးနောက် ဥယျာဉ်တော်ထွက်ရာတွင် သူအို၊ သူနာ၊ သူသေ ဟူသော နိမိတ်ကြီးသုံးပါးကို တွေ့မြင်ကာ ထိတ်လန့်မှု သံဝေဂရ၍ တောထွက်တော်မူသည်။ ဒုက္ကရစရိယာ အကျင့်ကို (၁၀) ဆယ်လ ကျင့်တော်မူ၍ သဗ္ဗညုတဉာဏ်တော်ကို ရကာ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ် ဖြစ်တော်မူသည်။ သီတင်းသုံးမှီရာ ဗောဓိပင်မှာ ပိပ္ဖလိရုက္ခ ညောင်ကြတ်ပင်ဖြစ်သည်။
Remove ads
- အဂ္ဂသာဝက တပည့်ကြီးများမှာ- လက်ျာတော်ရံ ရှင်သုမင်္ဂလထေရ်၊ လက်ဝဲတော်ရံ ရှင်တိဿထေရ် နှစ်ပါးဖြစ်ကြသည်။
- အနီးကပ် လုပ်ကျွေးသောရဟန်းကား ရှင်သာဂတထေရ် ဖြစ်သည်။
- အဂ္ဂသာဝိကာ အမြတ်ဆုံးတပည့်မကြီးနှစ်ပါးမှာ-လက်ျာတော်ရံ ရှင်မ နန္ဒထေရီ၊ လက်ဝဲတော်ရံ ရှင်မ သုနန္ဒာထေရီ တို့ဖြစ်ကြသည်။
အရပ်တော်မှာ အတောင် (၈၀) ရှိ၍၊ ရောင်ခြည်တော်ကား (၁၂) ယူဇနာ တိုင်တိုင် ထွန်းလင်း၏။
ဒီပင်္ကရာမြတ်စွာဘုရားသည် ရမ္မဝတီမြို့တွင်းသို့ ရဟန္တာပေါင်းခြံရံကာ ဆွမ်းခံကြွတော်မူစဉ် ကျွန်ုပ်တို့၏ ဂေါတမမြတ်ဘုရားအလောင်းတော် သုမေဓာရသေ့သည် ရွှံ့ညွန်ဗွက်တွင် ဘုရားရှင် ချမ်းသာစွာ ကြွနိုင်စေရန် မိမိခန္ဓာကိုယ်ကို တံတားခင်းပေးသည်။ ဒီပင်္ကရာ မြတ်စွာဘုရားကား ဤရသေ့ သူမွန်သည် ဤသာရမဏ္ဍကမ္ဘာမှ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကို လွန်သော ဘဒ္ဒကမ္ဘာ၌ ဂေါတမအမည်ရှိသော သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ် ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်စကားကို မိန့်ကြားတော်မူသည်။
ဒီပင်္ကရာ မြတ်စွာဘုရားသည် ဝေနေယျသတ္တဝါ အများတို့အား တရားရေအေးတိုက်ကျွေး ဟောချွတ်တော်မူခြင်းဟူသော ဗုဒ္ဓကိစ္စကို ဆောင်ရွက်ခြင်း ကိစ္စပြီးပြည့်စုံသည်။ ဗုဒ္ဓဓမ္မတာအတိုင်း ထိုအချိန်လူ့သက်တမ်း၏ ၅ပုံ၄ပုံအရောက် သက်တော် အနှစ် (၈၀,ဝဝဝ) ရှစ်သောင်းရှိသောအခါ နန္ဒာမ ဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူသည်။ . . .
- ဒီပင်္ကရော ကရော ဒီပံ နရာသဘောတမောပဟံ။
- ဒီပံ ဝီရဇံ ဝန္ဒေ၊ သော မေ ဒေတု ဇိနော ဇယံ။[၁]
- ဒီပင်္ကရာဗုဒ္ဓဝင်ကို ကြည့်ပါ။
- ဒီပင်္ကရာဘုရားရှင်ကို ကြည့်ပါ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads