အာယုကပ်
From Wikipedia, the free encyclopedia
Remove ads
အာယုကပ်ဟူသည် တည်နေရသော အသက်ကိုလိုက်၍ သတ်မှတ်အပ်သောကပ် ဖြစ်သည်။ (အာယု = အသက်) အသက်တရာတမ်းဖြစ်လျှင် အနှစ်တရာသည် အာယုကပ် တကပ်၊ တထောင်တမ်းဖြစ်လျှင် အနှစ်တထောင်သည် အာယုကပ် တကပ်ဖြစ်၏ဟု ဆိုလိုသည်။
မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား “အာနန္ဒာ ငါဘုရားသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ်ပြီ၊ ငါဘုရားအလိုရှိလျှင် တကပ်လုံးသော်၎င်း အနည်းငယ်ပို၍သော်၎င်း တည်နေနိုင်သည်”ဟု မိန့်ကြားတော်မူရာ.... ကပ္ပအရမှာ အာယုကပ်ကို ယူရမည်၊ အာယုကပ်ဟူသည် ထိုထိုကာလ၌ လူတို့၏ အသက်တမ်းပမာဏပင် ဖြစ်သည်။ သို့ဖြစ်၍ ငါဘုရားအလိုရှိလျှင် အနှစ်တရာသော်၎င်း အနည်းငယ်ပို၍သော်၎င်း တည်နေနိုင်သည်ဟု ဟောတော်မူခြင်းဖြစ်ကြောင်း အဋ္ဌကနိပါတ် အင်္ဂုတ္တရအဋ္ဌကထာ၌ ဖွင့်ပြတော်မူသည်။
မဟာသီဝထေရ်ကမူကား.. ဘဒ္ဒကခေါ်သော မဟာကပ်ကို ယူရမည်ဟု ဆို၏။ (ထိုသို့ ဆိုတော်မူခြင်းမှာ ဘုရားအလောင်းတော်များ၏ နောက်ဆုံး ဘုရားဖြစ်သည့်ဘဝ ပဋိသန္ဓေကျိုးကို ဖြစ်စေသောကံသည် နှစ်ပေါင်းအသင်္ချေကြာအောင် အသက်ရှည်စေနိုင်သော အစွမ်းသတ္တိရှိ၏ဟု နှလုံးသွင်းတော်မူပြီးလျှင် မြတ်စွာဘုရားတို့၏ အာယုသင်္ခါရခေါ်သော ဇီဝိတသန္တာန် အဆက်ပြတ်မသွားအောင် ပြုပြင်စောင့်ထိန်းပေးနိုင်သည့် အာယုပါလကဖလသမာပတ်တော်သည် ဇီဝိတ၏ ဘေးရန်တို့ကို ပယ်ရှားဟန့်တား ထားနိုင်ကြောင်း ပါဠိတော်၌ လာသောကြောင့် မိန့်ကြားခြင်း ဖြစ်သည်။) ထိုမထေရ်၏ဝါဒကို အဋ္ဌကထာဆရာတော်တို့က လက်မခံကြပေ။
ဝိနယ စူဠဝဂ္ဂပါဠိတော် သံဃဘေဒကက္ခန္ဓက၌ “သံဃာကို သင်းခွဲသောသူသည် ငရဲ၌ဖြစ်၍ တကပ်ပတ်လုံး ကျက်ရ၏”ဟု ဟောတော်မူသည်။ ထိုကပ်သည် အဝီစိငရဲဘုံသားတို့၏ အာယုကပ်ပင်ဖြစ်ကြောင်း ၎င်းအဋ္ဌကထာ၌ ဖွင့်ဆိုသည်။ ထိုအဝီစိငရဲဘုံသားတို့၏ အာယုကပ်သည် မဟာကပ်ကြီးကို အပုံရှစ်ဆယ်ပုံလျှင် တပုံစာကာလနှင့် ညီမျှသည်ဟူ၍ တေရသကဏ်ခေါ်သော ဝိနည်းဋီကာကြီး၌ ဖွင့်ပြသည်။ ထိုဋီကာကြီး၌ပင် အပုံရှစ်ဆယ်၏ တပုံစာကာလကို အန္တရကပ်ဟူ၍ အမှတ်အသားပြုအပ်ကြောင်း အထူးဖွင့်ပြလျက်ရှိသည်။ ဤဋီကာကြီး၌ အပုံရှစ်ဆယ်၏ တပုံစာကာလကို အန္တရကပ် (အဝီစိငရဲဘုံသားတို့၏ အန္တရကပ်) ဟု ဖွင့်ပြသဖြင့် မဟာကပ်ကြီးတကပ်လျှင် အဝီစိငရဲဘုံသားတို့၏ အရေအတွက်အားဖြင့် အန္တရကပ် ရှစ်ဆယ်ရှိ၏ဟု အဓိပ္ပါယ်ကျရောက်သည်။
ဤစကားအရ ရှင်းလင်းဖော်ပြရန် ရှိသည်မှာ… ဆိုအပ်ပြီးသောအတိုင်း မဟာကပ်တကပ်မှာ အသင်္ချေယျလေးကပ်၊ အသင်္ချေယျတကပ်မှာ အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ်စီ ရှိသည်ဖြစ်၍ မဟာကပ် တကပ်လျှင် လူတို့အရေအတွက်အားဖြင့် အန္တရကပ်ပေါင်း (၂၅၆) နှစ်ရာငါးဆယ့်ခြောက်ကပ် ရှိသည်ဟု သိမှတ်ရာ၏။
ထိုနှစ်ရာငါးဆယ့်ခြောက်ကပ်ကို ရှစ်ဆယ်ဖြင့်စားလျှင် သုံးကပ်နှင့် ငါးပုံ့တပုံ (၃၁/၅) စီရ၏။ သို့ဖြစ်၍ လူတို့၏ အန္တရကပ်ပေါင်း သုံးကပ်နှင့် ငါးပုံ့တပုံသည် အဝီစိငရဲဘုံသားတို့၏ အန္တရကပ် တကပ်ဖြစ်၏။ (အဝီစိငရဲမှာ လူ့ပြည်၌ကဲ့သို့ တက်ကပ် ဆုတ်ကပ်ဟူ၍ မရှိ၊ အချိန်ရှိသမျှ ဒုက္ခဖိစီး ပျက်စီးဆင်းရဲ၍သာ နေရသဖြင့် လူ့ပြည်၌ကဲ့သို့ ဆုတ်ကပ်၏အဆုံးအဆုံး ဖြစ်ပွါးသော ကပ်ကြီးသုံးပါးဖြင့်လည်း ပိုင်းခြားရန် မလို။ ထိုအဝီစိငရဲဘုံသားတို့၏ အာယုကပ်ဖြစ်သည့် မဟာကပ်ကြီး၏ အပုံရှစ်ဆယ်မှ တပုံစာကာလသည်ပင် အန္တရကပ် တကပ်မည်တော့သည်။ သို့ဖြစ်၍ အဝီစိအန္တရကပ် တကပ်လျှင် လူတို့၏အန္တရကပ် သုံးကပ်နှင့် ငါးပုံ့တပုံ ရှိ၏ဟု ဆိုလိုသည်။)
ဤနည်းအရ အသင်္ချေယျတကပ်၌ လူတို့၏ အရေအတွက်အားဖြင့် အန္တရကပ် ခြောက်ဆယ့်လေးကပ်၊ အဝီစိငရဲဘုံသားတို့၏ အရေအတွက်အားဖြင့် အန္တရကပ် နှစ်ဆယ်ရှိ၏ဟု ဆိုနိုင်လေသည်။ သို့ဖြစ်သောကြောင့် အချို့ ပါဠိကျမ်းဂန်တို့မှာ အသင်္ချေယျတကပ်လျှင် အန္တရကပ် ခြောက်ဆယ့်လေးကပ် ရှိ၏။ အန္တရကပ် နှစ်ဆယ်ရှိ၏ဟူ၍လည်း ဆိုကြကြောင်း (ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ ဋီကာကျော် စသည်တို့၌) ဖွင့်ပြသောအရာမှာ… စင်စစ် ဝါဒကွဲသည်မဟုတ်၊ လူတို့၏ အရေအတွက်နှင့် အဝီစိငရဲဘုံသားတို့၏ အရေအတွက်အားဖြင့် ရေတွက်ပုံနည်းချင်း ကွာခြားသောကြောင့်သာ (ခြောက်ဆယ်လေးနှင့် နှစ်ဆယ်) ကွာခြားနေသည်။ အချိန်ကာလချင်းမှာ အတူအမျှသာ ဖြစ်၏ဟု မှတ်ယူသင့်ပေ၏။
မှတ်ဖွယ်အထူးတရပ်မှာ... သမ္မောဟဝိနောဒနီမည်သော အဘိဓမ္မာဝိဘင်း အဋ္ဌကထာ ဉာဏဝိဘင်းအဖွင့်၌- “သံဃဘေဒက = (သံဃာကို သင်းခွဲသော) ကံသာလျှင် ကပ်ပတ်လုံး တည်စေနိုင်၏။ ကပ်တည်စ၌ဖြစ်စေ ကပ်အလယ်၌ဖြစ်စေ သံဃဘေဒကကံကိုပြု၍ အဝီစိငရဲသို့ ကျသွားလျှင် ကပ်ပျက်မှသာ လွတ်၏။ နက်ဖန် ကပ်ပျက်တော့မည်ဆိုလျှင် ယနေ့ သံဃာကိုသင်းခွဲ၍ ငရဲသို့ကျအံ့၊ တရက်သာခံရပြီး နက်ဖန်ပင် လွတ်မည်ဖြစ်၏၊ (သို့သော်) ဤသို့ပြုခြင်းကား မရှိနိုင်”ဟူ၍ ဖွင့်ပြ၏။
ဤစကားရပ်ကို အကြောင်းပြုကာ “သံဃဘေဒကကံသည် တကမ္ဘာလုံး ငရဲကျစေနိုင်၏၊ ကမ္ဘာပျက်မှသာလွတ်၏”ဟူ၍ ပြောဆိုမှတ်သားကြသူများလည်း ရှိသည်။ အမှန်မှာ… ထိုဝိဘင်း အဌကထာကြီး၌ ကပ္ပဋ္ဌိတိယော = (ကပ်ပတ်လုံး တည်စေနိုင်၏)ဟု သာမညသာ ဖွင့်ဆိုသည်၊ မဟာကပ္ပဋ္ဌိတိယော = (မဟာကပ်ပတ်လုံး တည်စေနိုင်၏)ဟု ဝိသေသ မဖွင့်ပြ။ ကပ္ပဋ္ဌိတိယော = (ကပ်ပတ်လုံး တည်စေနိုင်၏)ဟု ဖွင့်ခြင်းမှာလည်း “အာပါယိကော နေရယိကော၊ ကပ္ပဋ္ဌော သံဃဘေဒကော ၊ပ၊ သံဃံ သမဂ္ဂံ ဘိန္ဒိတွာ၊ ကပ္ပံ နိရယမှိ ပစ္စတိ”ဟူသော ဝိနယ စူဠဝဂ္ဂပါဠိတော်ကို အခြေခံထား၍ ဖွင့်ပြခြင်းဖြစ်သည်။ ထိုစူဠဝဂ္ဂအဋ္ဌကထာ၌ ကပ္ပအရ အာယုကပ်ကိုသာ ယူရမည့်အကြောင်း အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာဆရာ ကိုယ်တိုင်ကပင် “ကပ္ပန္တိ အာယုကပ္ပံ”ဟု ဖွင့်ပြထားသောကြောင့် သံဃဘေဒကကံကြောင့် အဝီစိငရဲ၌ခံရသော ကပ်၏အရ အာယုကပ်ကိုသာ ယူရာ၏၊ မဟာကပ်ခေါ်သော ကမ္ဘာကြီးကို မယူရာ။ အဘိဓမ္မာ ကထာဝတ္ထု အဋ္ဌကထာ (၁၃)ဝဂ် ကပ္ပဋ္ဌကထာအဖွင့်၌ “အပါယိကော နေရယိကော” စသော ပါဠိကို မဟာကပ်၏ အပုံရှစ်ဆယ်ပုံလျှင် တပုံစာအချိန်ကာလ (အဝီစိငရဲဘုံသားတို့၏) အာယုကပ်ကို ရည်ညွှန်း၍ ဟောကြားကြောင်း ဖွင့်ပြထားသည်။[၁]
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads