ကြယ်
From Wikipedia, the free encyclopedia
ကြယ်ဆိုသည်မှာ ပါဝင်ဖွဲ့စည်းသည့် အက်တမ်တို့ များပြားသဖြင့် ထိုဒြပ်များပြားမှုကြောင့် ဗဟိုပိုင်းသည် နျူကလီးယား ပေါင်းစည်းမှု (nuclear fusion) ဖြစ်သည်အထိ ပြင်းစွာ ဖိသိပ်ခံရလျက်ဖြင့် အလင်း နှင့် စွမ်းအင်များ အစဉ်ဖြာထွက်နေသည့် ဒြပ်သားအစုအဝေး ဖြစ်သည်။ ဖြာထွက်သော စွမ်းအင်များသည် လျှပ်စစ်သံလိုက်လှိုင်းအသွင်ဖြင့် ပျံ့နှံ့ထွက်ခွါသည်။
ကမ္ဘာနှင့် အနီးဆုံးကြယ်မှာ နေဖြစ်ပြီး ၎င်းသည် ကမ္ဘာမြေအတွက် စွမ်းအင်အများစု၏ အရင်းအမြစ်ဖြစ်သည်။ နေရောင်မမြင်ရသော ညကောင်းကင်တွင် အခြားကြယ်များကို သိသာစွာ တွေ့မြင်ရတတ်သည်။ သမိုင်းအစဉ်အဆက်တွင် ကောင်းကင်ထက်ရှိ ထင်ရှားသော ကြယ်များကို အစုဖွဲ့၍ နက္ခတ်တာရာ အဖြစ် သတ်မှတ်ကြပြီး အတောက်ပဆုံးသော ကြယ်များမှာ စနစ်တကျ အမည်ပေးခြင်း ခံရသည်။ နက္ခတ်ဗေဒပညာရှင်များက ကြယ်များအတွက် အလွန် စေ့စပ်သော ကက်တလောက်များကို ပြုစုထားပြီး စံနှုန်းအဖြစ် သတ်မှတ်ထားသော နာမည်များကို ထိုကက်တလောက်များမှ လေ့လာတွေ့ရှိနိုင်သည်။
ကြယ်သည် ၎င်း၏သက်တမ်းတလျှောက်တွင် သူ၏ဗဟိုထုတွင်းမှ သာမိုနျူကလီးယား ပေါင်းစပ်မှုများဖြင့် စွမ်းအင်ကို လွှတ်ထုတ်လေ့ရှိပြီး ထိုစွမ်းအင်များသည် ကြယ်၏ အတွင်းပိုင်းကို ကန့်လန့်ဖြတ်ဖြတ်သွားကြပြီးနောက် ပြင်ပအာကာသအတွင်းသို့ ပျံနှံ့ထွက်ခွာသွားကြသည်။ ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်တို့ထက်လေးသော ဒြပ်စင်များအားလုံးလိုလိုသည် ကြယ်များအတွင်းရှိ ထိုသို့ပေါင်းစပ်ခြင်း အဖြစ်အပျက်များမှထွက်ပေါ်လာကြခြင်းဖြစ်သည်။ အာကာသသိပ္ပံပညာရှင်များသည် ကြယ်တို့၏ ဒြပ်ထု၊ သက်တမ်း၊ ဓာတုဗေဒဓာတ်များပေါင်းစပ်ခြင်း အချိုးအစားနှင့် အခြား ဂုဏ်သတ္တိများတို့ကို ကြယ်တို့၏ ဖြာထွက်ရောင်ခြည်များ၊ အလင်းရောင် ထွန်းလင်းတောက်ပမှုများနှင့် အာကာသအတွင်း ရွေ့လျားပုံတို့မှတဆင့် သိရှိနိုင်သည်။ ကြယ်တို့၏ စုစုပေါင်းဒြပ်ထုသည် ၎င်းတို့၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်လာခြင်း နှင့် အဆုံးသတ်မှေးမှိန်ပျောက်ကွယ် သွားခြင်းတို့အတွက် အဓိက အဆုံးအဖြတ်ပေးသည့် အရာဖြစ်သည်။ ကြယ်၏ အခြားစရိုက်သဘာဝများကိုမူ ကြယ်၏အချင်း၊ လည်ပတ်ပုံ၊ ရွေ့လျားပုံ နှင့် အပူချိန်တို့အပါအဝင် ၎င်း၏ ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲတိုးတက်လာခြင်း သမိုင်းကြောင်း မှ ဆုံးဖြတ်ပေးသည်။ ကြယ်များ၏ အပူချိန်နှင့် ၎င်း၏ အလင်းရောင်ထွန်းလင်းတောက်ပမှု တို့အား နှိုင်းယှဉ်ရေးဆွဲထားသော ပုံကို ဟတ်ဇပရင်း-ရပ်ဆဲလ်ပုံ (Hertzsprung-Russell diagram) သို့ H–R diagram ဟုခေါ်ဝေါ်ကြပြီး ထိုပုံမှတဆင့် ကြယ်၏ သက်တမ်းနှင့် ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲမှု တို့ကို တိုင်းတာနိုင်သည်။
ကြယ်များသည် အဓိကအားဖြင့် ဟိုက်ဒရိုဂျင်ပါဝင်ပြီး ဟီလီယမ်နှင့် အခြားလေးလံသော ဒြပ်စင်များ အနည်းငယ်မျှ ပါဝင်သော အရာဝတ္ထု အစုအဝေးတို့ သိပ်သည်းစွာ စုစည်းခြင်းမှ တဆင့် စတင်ဖြစ်ပေါ်လာကြသည်။ ကြယ်၏ အတွင်းပိုင်းတွင် လုံလောက်သော သိပ်သည်းမှု ရရှိသော အချိန်တွင် အချို့သော ဟိုက်ဒရိုဂျင်ဓာတ်တို့သည် နျူးကလီးယား ပေါင်းစပ်ခြင်း နည်းလမ်းအားဖြင့် ဟီလီယမ် အဖြစ်သို့ ပြောင်းလဲသွားကြသည်။[1] ကျန်ရှိသော ကြယ်၏အတွင်းပိုင်းများသည် ဖြာထွက်ရောင်ခြည်နည်းလမ်းနှင့် အရည်အတွင်း မော်လီကျူးများ လှုပ်ခါခြင်း နည်းလမ်း နှစ်ခုတို့ ပေါင်းစပ်ခြင်းအားဖြင့် ဗဟိုထုမှ စွမ်းအင်ကို ပြင်ပသို့ လွှတ်ထုတ်ကြသည်။ ဗဟိုထုအတွင်းရှိ ဟိုက်ဒရိုဂျင်လောင်စာများ ကုန်ဆုံးသွားသောအခါတွင် နေ၏ဒြပ်ထုထက် ၁၀ ပုံ ၄ ပုံမျှရှိသောကြယ်များသည်[2] ဧရာမ ကြယ်နီ အဖြစ် ပြောင်းလဲသွားကြသည်။ တခါတရံတွင် ပိုမို လေးလံသော ဒြပ်ထုများကို ဗဟိုထု၌ သို့မဟုတ် ဗဟိုထု၏ ပတ်ပတ်လည်ရှိ အခွံများ၌ ပျော်ဝင်ပေါင်းစပ်သွားစေသည်။ ထို့နောက်တွင် ကြယ်များသည် ပြိုကွဲပျက်စီးသော ပုံသဏ္ဌန်သို့ ရောက်ရှိကြပြီး ဒြပ်ထုများ၏ တစိတ်တပိုင်းကို ပတ်ဝန်းကျင်သို့ လွှတ်ထုတ်ကြသည်။ ထိုနေရာများတွင် ပိုမိုလေးလံသော ဒြပ်ထုများ၏ အဆ ပိုမိုပါဝင်သည့် မျိုးဆက်သစ်ကြယ်များကို ဖြစ်ပေါ်စေသည်။ [3]
ဒွိကြယ် နှင့် ကြယ်များစု စနစ်များတွင် ကြယ်နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုသော ကြယ်များ ပါဝင်ကြပြီး ၎င်းတို့ကို ဆွဲငင်အားဖြင့် အချင်းချင်း ထိန်းချုပ်ထားကြကာ ကြယ်တစ်ခုနှင့်တစ်ခု ပုံသဏ္ဌန်မပြောင်းသော ပတ်လမ်းအတွင်းတွင် ယေဘူယျအားဖြင့် လှည့်ပတ်နေကြသည်။ ထိုသို့ အချင်းချင်းလှည့်ပတ်နေသော ကြယ်နှစ်လုံးတွင် အလွန်နီးကပ်သော ပတ်လမ်းရှိပါက ၎င်းတို့၏ ဆွဲငင်အား အချင်းချင်း အပြန်အလှန် သက်ရောက်မှုသည် ၎င်းတို့၏ ဆင့်ကဲဖြစ်ပေါ်မှုတွင် သိသာစွာ အကျိုးသက်ရောက်မှု ရှိသည်။ [4] ကြယ်များစုတို့သည် ကလပ်စတာ နှင့် ဂယ်လက်ဆီ တို့ကဲ့သို့သော ဆွဲငင်အားဖြင့် ထိန်းချုပ်ထားသော ပုံသဏ္ဌန်တို့၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဖြစ်ပေါ်နိုင်သည်။