ပအိုဝ်းလူမျိုး
မြန်မာတိုင်းရင်းသားမျိုးနွယ်စု / From Wikipedia, the free encyclopedia
ပအိုဝ်းလူမျိုး သို့မဟုတ် တောင်သူလူမျိုး (ရှမ်း: ပဢူဝ်း; အရှေ့ပိုး: တံင်သူ; ကရင်: တီသူ) သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးဖြစ်ပြီး လူဦးရေ ၆၀၀,၀၀၀ ခန့်ရှိသောလူမျိုး ဖြစ်သည်။[1]
ပအိုဝ်ႏစွိုးခွိုꩻ | |
---|---|
ရှမ်းပြည်တောင်ပိုင်း၊ ကလောအနီးရှိ ပအိုဝ်းအမျိုးသမီးတစ်ဦး | |
လူဦးရေ စုစုပေါင်း | |
၆၀၀,၀၀၀ | |
အများစု နေထိုင်သည့် နေရာ | |
မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ | |
ဘာသာစကား | |
ပအိုဝ်း၊ မြန်မာ၊ ထိုင်း | |
ကိုးကွယ်မှု | |
ထေရဝါဒ ဗုဒ္ဓဘာသာ | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
ကရင်လူမျိုး |
- ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင် မျိုးနွယ်စုဝင် ဖြစ်သည်။
- ဒဏ္ဍာရီပုံပြင်များအရ ပအိုဝ်း တိုင်းရင်းသားများသည် ဝိဇ္ဇာနှင့် နဂါးမတို့ ချစ်ခင်စုံဖက်ရာမှ ဆင်းသက်လာသည်ဟု ဆိုသည်။
ပအိုဝ်းလူမျိုး(ပအိုဝ်ႏခွိုꩻ)တို့သည် ကရင်အနွယ်ဖြစ်သော လူမျိုးတစ်မျိုး ဖြစ်သည်။ တောင်ပေါ်ကရင်၊ ကွင်းကရင် နှစ်မျိုးလုံး၌ ထက်ဝက်ခန့်စီ ပါဝင်သည်။ သို့သော် မူလက တောင်ပေါ်၌ အနေများသော လူမျိုးများဖြစ်၍လည်း တောင်သူဟူ၍ ခေါ်ဝေါ်ဟန်တူသည်။(တောင်သူနာမည်သည် ပအိုဝ်းလူမျိုးတို့၏ ရှေးအမည်ဖြစ်ပြီး ယခုထက်ထိ ရှမ်း(တွင်သူ) ကရင်(တီၤသူ၊တံင်သူ) မွန်(တံင်သူ) ဟုဆက်လက်ခေါ်ဆိုနေသည်။ တောင်သူဟူသော အသုံးသည် မြန်မာစကားအရ တောင်ယာလုပ်သူထက် ပို၍ လေးနက်ပြီး ပျူလူမျိုးတို့ကို မွန်တို့ခေါ်ဆိုသည့် တိရ်စုလ် နှင့်ဆက်စပ်ရသော် ပအိုဝ်းနှင့်ပျူသည် လူမျိုးတစ်မျိုးတည်း (သို့) ဆက်နွယ်မူရှိသည်ဟုဆိုနိုင်သည်။
ကရင်လူမျိုးတို့သည် အမျိုးအလိုက် မိမိတို့ကိုယ်ကို ခေါ်ဝေါ်သော အမည်များရှိကြသည်။ ပုံစံအားဖြင့် ကရင်နီတို့သည် မိမိတို့ကိုယ်ကို ကယားဟု ခေါ်ကြသည်။ ပအိုဝ်းဟူသော အမည်သည်လည်း အမျိုးအလိုက် ခေါ်ဝေါ်သော အမည်ဖြစ်သည်။
ပအိုဝ်းတို့သည် ကရင်မျိုးတို့တွင် လူဦးရေအားဖြင့် တတိယ အများဆုံးဖြစ်သည်။ ပအိုဝ်းတို့ကို မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ၊ တောင်ပိုင်းရှမ်းပြည်နယ် အလယ်ပိုင်းနှင့် အနောက်ဘက် နယ်စပ်ဒေသတို့တွင် အနှံ့အပြားတွေ့ရှိရသည်။ ပအိုဝ်းတို့၏ အချက်အချာဒေသ ၂ ခုမှာ သံလွင်မြစ်အောက်ပိုင်း ပတ်ဝန်းကျင်ဒေသများနှင့် တောင်ပိုင်းရှမ်းပြည်ရှိ သထုံနယ်တို့ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်းရှိ ကျိုက္ခမီခရိုင်နှင့် သထုံခရိုင်တို့တွင် ပအိုဝ်းလူမျိုး အများဆုံး နေထိုင်ကြသည်။ တောင်ငူခရိုင်၊ ပဲခူးခရိုင်၊ ဖားအံခရိုင်၊ ကယားပြည်နယ်နှင့် ကော့ကရိတ်မြို့နယ် လခတို့တွင်လည်း ပအိုဝ်းလူမျိုးများ အနှံ့အပြား နေထိုင်ကြသည်။ မြန်မာနိုင်ငံမှအပ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံများနှင့် မဲခေါင်မြစ် အောက်ပိုင်းဒေသတို့တွင်လည်း ပအိုဝ်းများ အထင်အရှား ရှိလေသည်။
မြန်မာနိုင်ငံတောင်ပိုင်း သထုံခရိုင်သည် ပအိုဝ်းတို့၏ မူလဇာတိဒေသဖြစ်သည်။ ဒဏ္ဍာရီပုံပြင်များအရ ပုဂံပြည်သို့ အနော်ရထာမင်း သုံ့ပန်းအဖြစ် ဖမ်းယူသွားသော သထုံပြည့်ရှင် မနူဟာမင်းသည် မွန် - ပအိုဝ်ကပြားဟု ဆိုသည်။ မနူဟာမင်းကား အရမညမင်း၏သားတော်ဖြစ်သည်။ အရမညမင်း၏ ခမည်းတော်မှာ မွန်လူမျိုးဖြစ်ပြီး မယ်တော်မှာ ပအိုဝ်းလူမျိုး ဖြစ်သည်ဟုဆို၏။ အရမည မင်းသည် သက်တော် ၈၂ နှစ်သို့ရောက်သောအခါ နတ်ရွာစံ၏။
ပုဂံသို့ မနူဟာမင်း ပါသွားပြီးနောက် နိုင်ငံပြိုကွဲ၍ အချို့ပအိုဝ်းတို့သည် မူလသထုံမှမြေလှည်းကိုးစီး ရေလှည်းကိုးစီးကိုယူဆောင်ကာ မြောက်ဘက်သို့ ရောက်သွားပြီးလျှင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် သထုံနယ်သစ် (ယခု ဆီဆိုင်မြို့) ကို တည်ထောင်ခဲ့ကြသည်ဟု ဆိုသည်။ သထုံပြည်မှ ပြေးလာသော ပအိုဝ်းတို့သည် မြေလတ်တွင်လည်း အခြေစိုက်ကြသည်။ ပုဂံကျောက်စာတို့တွင် တောင်သူဟူ၍ ဖော်ပြပါရှိရကား ပုဂံခေတ်ကပင် ပအိုဝ်းနှင့် မြန်မာတို့ အဆက်အသွယ်ရှိသည်ဟု ယူဆရပေသည်။
ရှမ်းပြည်နယ် သထုံနယ်တွင် ပအိုဝ်းတို့သည် နန်းခေ၊ တတုတ်၊ ကွန်လောင်၊ တန်စန်နှင့် ခိုင်ဟူ၍ လူမျိုးစု ၅ စု ကွဲသည်ဟုဆိုသည်။ တစ်ခါတစ်ရံ ရှမ်းပြည်နယ်မှ ပအိုဝ်းတို့ကို ရှမ်းတောင်သူဟုလည်း ခေါ်ကြသည်။ ရှမ်းပအိုဝ်းတို့သည် မိမိတို့ကိုယ်ကို သထုံပန်းရင်ဟုလည်း ခေါ်ကြသည်။ ရှမ်းပြည်နယ်၊ သထုံနယ်ကိုလည်း အုပ်ချုပ်သူ မြို့စားသည် ပအိုဝ်းလူမျိုးဖြစ်သည်။
ပအိုဝ်းတို့သည် ကရင်ဘာသာစကားနှင့် နီးစပ်သော ဘာသာစကားကို ပြောဆိုကြသည်။ ကိုယ်ပိုင် စာပေရှိကာ အရွယ်ရောက်သူတိုင်း ပအိုဝ်းစာပေကို ဖတ်တတ်ကြသည်။ ပအိုဝ်းကလေးများသည် အစိုးရကျောင်းများတွင် ဒုတိယတန်း အောင်မြင်ပြီးပါက ပအိုဝ်းလိတ်မွူးခေါ်(သင်ပုန်းကြီး) ကို စတင် သင်ယူကြသည်။ ယခုအခါ ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုကော်မတီက ဆရာဖြစ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းကို နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ ပအိုဝ်းတို့သည် ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။ ကျောင်းကန်ဘုရားများ တည်ဆောက်ကြသည်။ သို့သော် နတ်ကိုးကွယ်မှုကိုလည်း တွေ့ရသည်။ ရွာနတ်၊ အိမ်စောင့်နတ်များကို မပျက်မကွက် ပူဇော်ပသမှုလည်း ရှိသည်။ ရှမ်းပြည်မှ ပအိုဝ်းအမျိုးသားတို့သည် ရှမ်းအမျိုးသားများကဲ့သို့ ရှမ်းဘောင်းဘီပွ၊ ရှမ်းပေါ်ဖုံးအင်္ကျီတို့ကို ဝတ်ဆင်ကြသည်။ အမျိုးသမီးတို့သည် ကရင်သင်တိုင်းကဲ့သို့ သင်တိုင်းအမည်းရောင်တွင် အနီရောင် အနားသတ်ထားသည်ကို ဝတ်ဆင်ဖုံးလွှမ်း၍ ထမီတိုတို ဝတ်ဆင်ကြသည်။ ခေါင်းတွင် ပန်းပွားပါသော တံပတ်မည်းကို ပေါင်းကြ၍ တံပတ်မရွေ့လျားရအောင် ငွေဆံညှပ်၊ ငွေကြိုးတို့ဖြင့် ထိန်းတွယ် စည်းနှောင်ထားသည်။ ဆံပင်နောက်တွဲ ထုံးကြသည်။ ငွေနားသံသီး၊ ငွေလက်ကောက် ခေါင်းပွများကိုလည်း ဝတ်ဆင်ကြသည်။ အောက်မြန်မာနိုင်ငံမှ ပအိုဝ်းတို့သည် မြန်မာကဲ့သို့ပင် ဝတ်ဆင်ကြသည်။
ပအိုဝ်းတို့၏ သာရေးနာရေး ထုံးတမ်းစဉ်လာ ဆောင်ရွက်မှုတို့သည် မြန်မာထုံးတမ်းစဉ်လာတို့အတိုင်း ပုံစံအားဖြင့် အပျိုအား လူပျိုလှည့်ပုံ၊ လင်မယား ကွာရှင်းပုံ၊ လူသေလျှင် ကူးတို့ခထည့်ပုံ စသည်တို့မှာ ဆင်တူရိုးမှား ဖြစ်ကြလေသည်။