ခို၊ ချိုးနှင့် အလားတူငှက်များ

From Wikipedia, the free encyclopedia

ခို၊ ချိုးနှင့် အလားတူငှက်များ
Remove ads

ခို၊ ချိုးနှင့် အလားတူငှက်များ[မှတ်စု ၁]သည် မျိုးစဉ် Columbidae (/kəˈlʌmbɪd/) တွင်ရှိသော ငှက်မျိုးရင်းဖြစ်သည်။ မျိုးရင်းတစ်ခုတည်းတွင် ပါဝင်သည့်အတိုင်း ချိုးနှင့် ခို သည် အလေ့အကျင့်နှင့် ပုံပန်းသဏ္ဌာန်တွင် ဆင်တူကြသည်။ သို့သော် ချိုးတွင် အမျိုးပေါင်းများစွာ ရှိသည့် အတွက် တစ်မျိုးနှင့်တစ်မျိုးကို ခွဲခြားသိရန်မှာ များစွာ မလွယ်ကူလှချေ။ ရှေးခေတ် ဟီဗြူလူမျိုးတို့သည် သိုးငယ်များကို ယဇ်ပူဇော်လေ့ရှိကြရာ၊ မတတ်နိုင်သော ဆင်းရဲသားဖြစ်က သိုးအစား ချိုးကို အစားထိုး၍ ပူဇော်ပသနိုင်ခွင့် ရှိလေသည်။ သမ္မာကျမ်းစာတွင် ချိုးကို အပြစ်ကင်းသောငှက်ဟု ဖော်ပြထားသည့် အတိုင်း၊ ထိုစဉ်က ဟီဗြူလူမျိုးတို့သည် ချိုးကို အမြတ်တနိုးထားခဲ့ကြောင်း သိသာနိုင်သည်။ ယခုခေတ်တွင်လည်း ကမ္ဘာ အရပ်ရပ်၌ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ်ဖြင့် ချိုးငှက်ကိုပင် ပုံဆောင်ပြကြလေသည်။ မြန်မာနိုင်ငံတွင် ကျက်စားသော ချိုးအမျိုးမျိုးအနက် ထင်ရှားသောချိုးမျိုးများမှာ ချိုးစိမ်းချိုးပိန်တူးချိုးလင်းပြာချိုးလည်ပြောက်နှင့် ချိုးနီပု သို့မဟုတ် ချိုးနီတိုများ ဖြစ်ကြသည်။

အချက်တိုများ မျိုးရိုးခွဲခြားခြင်း, မျိုးရင်းခွဲများ ...

ခိုသည် မြန်မာနိုင်ငံတွင် လူသိများသော ငှက်တစ်မျိုးဖြစ်သည်။ ခိုသည် ချိုးနှင့်အတူ ကိုလမ်ဗီဒီ မျိုးရင်းတွင်ပါဝင်၍ တစ်ကမ္ဘာလုံး၌ ယခုအခါ ခိုနှင့် ချိုးမျိုးစိတ်ပေါင်း ၃၄၄ ခုရှိပြီး မျိုးစု ၅၀ အဖြစ် ပိုင်းခြားထားသည်။ မျိုးစိတ်ပေါင်း ၁၃ ခုမှာ မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီဖြစ်သည်။[] အရွယ်အားဖြင့်ကား၊ ခိုက ချိုးထက်ကြီးလေသည်။ အင်္ဂလိပ်ဘာသာစကားတွင်လည်း သေးငယ်သောမျိုးစိတ်ကို ချိုးဟုခေါ်ပြီး ပိုကြီးသောမျိုးစိတ်ကို ခိုဟုခေါ်ဆိုသည်။[] ဝင်ရိုးစွန်းဒေသများမှလွဲလျှင် ကမ္ဘာအရပ်ရပ်၌ ခိုကို တွေ့နိုင်၍ အထူးသဖြင့် အပူပိုင်းဒေသများတွင် ပေါများသည်။ မြန်မာနိုင်ငံတွင်မူ အမြို့မြို့ အရွာရွာမှာပင် ခိုကို တွေ့ရသည်။ ခိုတွင် အမျိုးများသလောက် အဆင်းသဏ္ဌာန်တွင်လည်း အနည်းနှင့်အများ ကွဲပြားကြသည်။ သို့သော် အပြာရောင်ကို အများဆုံးတွေ့ရ၏။ ယေဘူယျအားဖြင့် ခိုအားလုံးသည် အမြီးကော့၍၊ ခြေထောက်နီသည်။ အလျား ၁၃ လက်မခန့် ရှိ၍ ကိုယ်ကာယ တုတ်ခိုင်သည်။ ထူးခြားချက်ကား ခိုနှင့် ချိုးတို့သည် ရေသောက်ရာတွင် အခြားငှက်များကဲ့သို့ ခေါင်းမမော့ဘဲ တစ်ဆက်တည်း သောက်လေ့ရှိကြသည်။

ခိုသည် သဘာဝအားဖြင့် တောတွင်းကျက်စားသော ငှက်ဖြစ်သော်လည်း အလွန်ယဉ်ပါးလွယ်သည်။ ခိုရိုင်းများကို ရှေးနှစ်ပေါင်း ၅ဝဝဝ လောက်ကစ၍ မွေးမြူခဲ့ကြောင်း အမှတ်အသားများ တွေ့ရသည်။ ခိုသည် သစ်သီးနှင့် သစ်စေ့များကို စားတတ်သည်။ အဖိုနှင့်အမ တစ်စုသည် ရာသက်ပန် ပေါင်းသင်း၍ စုံတွဲသော်လည်းကောင်း၊ သင်းဖွဲ့၍သော်လည်းကောင်း နေတတ်သည်။ ခိုသည် နေရာမြဲ၍ ကျက်စားရာ ဒေသကို များစွာခင်တွယ်သည့်အတိုင်း မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်မှ နေရင်းဌာနသို့ ရောက်အောင် ပြန်လာတတ်သည်။ ထို့ကြောင့် ရှေးဂရိနှင့် ရောမလူမျိုးတို့ လက်ထက်မှစ၍ ပြီးခဲ့သော ဒုတိယကမ္ဘာစစ်ကြီးအထိ ခိုမျိုး အချို့ကို သတင်းပို့ ခိုများအဖြစ်နှင့် မွေးမြူအသုံးပြုခဲ့ကြရာ၊ ယင်းတို့၏ စွမ်းဆောင် စွန့်စားမှုကို တစ်ကမ္ဘာလုံးကပင် အံ့ဩချီးကျူးခဲ့ကြရပေသည်။ သတင်းပို့ခိုတို့သည် တစ်နာရီ လျှင် ပျှမ်းမျှမိုင် ၄ဝ နှုန်း ပျံသန်းနိုင် ခဲ့ကြသည်ဟု အဆိုရှိလေသည်။

ခိုသည် တစ်နှစ်ပတ်လုံး သားပေါက်တတ်၍၊ အသိုက်များကို သစ်ပင်သစ်ကိုင်းထက်နှင့်တကွ အိမ်၊ တန်ဆောင်း၊ကျောင်းစသည့် ခေါင်မိုးများပေါ်တွင် သစ်ခက်၊ အမွှေးအတောင်တို့ဖြင့် ဆောက်လုပ်ကြသည်။ တစ်မြုံလျှင် ၂ ဥ ရှိတတ်၍ အသိုက်လုပ်ရာ၌လည်းကောင်း၊ သားငယ်သမီးငယ်များကို စောင့်ရှောက်ရာ၌ လည်းကောင်း၊ အဖိုနှင့် အမ ၂ ကောင်စလုံးပင် တာဝန်ယူလေ့ရှိသည်ကို တွေ့ရသည်။[]

Remove ads

မှတ်စု

  1. ကျော်ညွန့်လွင်; ခင်မမသွင် (၂၀၀၃)။ မြန်မာနိုင်ငံ ငှက်များ။ ချိုတေးသံစာပေ။ pp. ဍ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads