ချင်းမိုင်ခရိုင်
From Wikipedia, the free encyclopedia
Remove ads
ချင်းမိုင်ခရိုင် (ထိုင်း: เชียงใหม่ [မှတ်စု ၁], အင်္ဂလိပ်: Chiang Mai Province) သည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အကြီးဆုံးခရိုင်ဖြစ်ပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ချင်းမိုင်မြို့သည် အဆိုပါခရိုင်၏ မြို့တော်ဖြစ်သည်။ ဘန်ကောက်မြို့၏ မြောက်ဘက် ၇၀၀ ကီလိုမီတာ (၄၃၅ မိုင်) အကွာတွင် တည်ရှိသည်။
Remove ads
သမိုင်းကြောင်း
ချင်းမိုင်ဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်ကပင် လူများစတင်နေထိုင်ခဲ့ကြောင်း ရှေးဟောင်းသုတေသန အထောက်အထားများအရ သိရသည်။ အစောပိုင်းနေထိုင်သူများမှာ လာဝါ (Lawa) လူမျိုးများဖြစ်ကြပြီး နောက်ပိုင်းတွင် ဒွာရာဝတီ (Dvaravati) ခေတ် (၆ ရာစုမှ ၁၀ ရာစု) မှ မွန်လူမျိုးများ ဝင်ရောက်လာခဲ့သည်။ ၈ ရာစုတွင် မွန်လူမျိုးတို့သည် ပင်မြစ် (Ping River) တစ်လျှောက် ကုန်သွယ်မှုကြောင့် ဟာရိပုဉ္ဇိုင်း (Hariphunchai) (ယခု လမ်ဖွန်) ကို တည်ထောင်ခဲ့ကြသည်။
၁၂၉၆ ခုနှစ်တွင် မန်ရိုင်းဘုရင် (King Mangrai) သည် ယခု ချင်းမိုင်မြို့ကို စတင်တည်ထောင်ခဲ့ပြီး လန်နာ (Lanna) ဘုရင့်နိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ လန်နာဘုရင့်နိုင်ငံ (ဇင်းမယ်ပြည်) သည် ၁၅ ရာစုတစ်လျှောက်လုံး ရွှေခေတ်ကို ခံစားခဲ့ရပြီး လက်ရှိ မြောက်ပိုင်းထိုင်း၊ အနောက်မြောက်ပိုင်း လာအို၊ မြန်မာနိုင်ငံ၏ အရှေ့ပိုင်း ရှမ်းပြည်နယ်များနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တောင်ပိုင်းရှိ ရှေ့ရှောင်ဘန်န (Xishuangbanna) အထိ လွှမ်းမိုးနိုင်ခဲ့သည်။
၁၅၅၈ ခုနှစ်မှ ၁၇၇၄ ခုနှစ်အထိ နှစ်ပေါင်း ၂၀၀ ကျော်ကြာ ချင်းမိုင်သည် မြန်မာတို့၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့သည်။ မြန်မာတို့သည် ချင်းမိုင်ကို အယုဒ္ဓယနှင့် စစ်ပွဲများအတွက် စစ်ရေးအခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့ကြသည်။ ၁၇၇၅ ခုနှစ်တွင် ထိုင်းတပ်ဖွဲ့များနှင့် လန်နာတပ်ဖွဲ့များ ပူးပေါင်းကာ မြန်မာတို့ကို ချင်းမိုင်မှ မောင်းထုတ်ခဲ့ပြီးနောက် ချင်းမိုင်သည် ထိုင်းနိုင်ငံ၏ လက်အောက်ခံပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။
၁၉ ရာစုတွင် မြောက်ပိုင်းရှိ ကျွန်းသစ်တောများအပေါ် အနောက်တိုင်း၏ စိတ်ဝင်စားမှု မြင့်တက်လာသောကြောင့် ၁၈၉၂ ခုနှစ်တွင် ဆယမ်ဘုရင် ချူလာလောင်ကွန်း (Rama V) က အုပ်ချုပ်ရေးကို သိမ်းယူခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ချင်းမိုင်ကို ထိုင်းနိုင်ငံ၏ ခရိုင်တစ်ခုအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။
Remove ads
ပထဝီဝင်အနေအထား
ချင်းမိုင်ခရိုင်သည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် တည်ရှိပြီး ဧရိယာအားဖြင့် ၂၂,၃၁၁ စတုရန်းကီလိုမီတာ (၈,၆၁၄ စတုရန်းမိုင်) ခန့် ကျယ်ဝန်းသည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် ဧရိယာအကြီးဆုံး ခရိုင်ဖြစ်သည်။ မြောက်ဘက်တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး အရှေ့မြောက်ဘက်တွင် ချင်းရိုင်းခရိုင်၊ တောင်ဘက်တွင် လမ်ပန်ခရိုင်နှင့် လမ်ဖွန်ခရိုင်၊ အနောက်တောင်ဘက်တွင် တာ့ခ်ခရိုင်၊ အနောက်ဘက်တွင် မယ်ဟောင်ဆောင်ခရိုင်တို့ဖြင့် ဝန်းရံလျက်ရှိသည်။
ချင်းမိုင်ခရိုင်သည် တောင်တန်းများဝန်းရံထားသော ပင်မြစ်ဝှမ်းဒေသတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ၃၀၀ မီတာ (၁,၀၀၀ ပေ) ခန့် မြင့်မားသည်။ ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သော ဒွိုင်အင်ထာနွန် (Doi Inthanon) တောင် (၂,၅၆၅ မီတာ/၈,၄၁၅ ပေ) သည် ဤခရိုင်တွင် တည်ရှိသည်။
ပင်မြစ်သည် ချင်းမိုင်ခရိုင်၏ အဓိကမြစ်ဖြစ်ပြီး ချိုဖရားမြစ်၏ မြစ်လက်တက်တစ်ခုလည်း ဖြစ်သည်။ ဒွိုင်အင်ထာနွန်အပါအဝင် ဒွိုင်ဆုထပ်-ပုရီ (Doi Suthep-Pui)၊ အော့ပ်လုံ (Ob Luang)၊ ဩီလန်န (Sri Lanna)၊ ဟူအိုင်နမ်ဒန် (Huai Nam Dang)၊ မယ်ဝမ် (Mae Wang) နှင့် ဖာဒန် (Pha Daeng) စသည့် အမျိုးသားဥယျာဉ်များလည်း တည်ရှိသည်။
Remove ads
လူဦးရေနှင့် လူမျိုးစုများ
၂၀၂၄ ခုနှစ် လူဦးရေစာရင်းအရ ချင်းမိုင်ခရိုင်တွင် လူဦးရေ ၁.၇၈ သန်းခန့် နေထိုင်သည်။ ခရိုင်၏ လူဦးရေအများစုမှာ ထိုင်းမြောက်ပိုင်းလူမျိုးများ (ယွန်းလူမျိုး) ဖြစ်ကြပြီး ၎င်းတို့သည် လန်နာဘုရင့်နိုင်ငံဟောင်း နယ်မြေ၏ မူရင်းတိုင်းရင်းသားများ ဖြစ်ကြသည်။ ထို့အပြင် တောင်တန်းဒေသများတွင် အာခါ (Akha)၊ ကရင် (Karen)၊ လားဟူ (Lahu)၊ လီဆူ (Lisu)၊ မုံ (Hmong)၊ ပအိုဝ်း (Pa-O)၊ ရှမ်း (Tai Yai) စသည့် တိုင်းရင်းသားလူမျိုးစုများလည်း နေထိုင်ကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသော ရှမ်းတိုင်းရင်းသားများသည် ချင်းမိုင်ခရိုင်တွင် များပြားစွာ နေထိုင်ကြသည်။
စီးပွားရေး
ချင်းမိုင်ခရိုင်သည် ထိုင်းနိုင်ငံမြောက်ပိုင်း၏ စီးပွားရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဗဟိုချက်ဖြစ်သည်။ ခရိုင်၏ စီးပွားရေးသည် အဓိကအားဖြင့် ဝန်ဆောင်မှုကဏ္ဍ၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းအပေါ် မှီခိုသည်။ ခရီးသွားလုပ်ငန်းသည် ချင်းမိုင်၏ ဒေသတွင်း ကုန်ထုတ်လုပ်မှုတန်ဖိုး (GPP) ၏ ၇၆% ကျော်ကို ပံ့ပိုးပေးသည်။ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း၊ ဒေသခံလူမျိုးစုများ၏ ယဉ်ကျေးမှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွဲဆောင်မှုများကြောင့် နှစ်စဉ် ပြည်တွင်းပြည်ပ ခရီးသွားသန်းပေါင်းများစွာ လာရောက်လည်ပတ်ကြသည်။
စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများသည်လည်း စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ စိုက်ပျိုးရေးကဏ္ဍသည် GPP ၏ ၁၁.၄၂% ခန့်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍသည် ၁၁.၃၉% ခန့် ပံ့ပိုးပေးသည်။ ချင်းမိုင်ခရိုင်တွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားအများအပြား နေထိုင်ကြပြီး ၎င်းတို့သည် အဓိကအားဖြင့် ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လုပ်ကိုင်ကြသည်။
Remove ads
အုပ်ချုပ်ရေး

ချင်းမိုင်ခရိုင်တွင် မြို့နယ်ပေါင်း ၂၅ ခုရှိပြီး၊ မြို့နယ်များကို တမ်ဘွန် ခေါ် ကျေးရွာအုပ်စုပေါင်း ၂၀၄ ခုနှင့် မူးဘန် ခေါ် ရွာပေါင်း ၂၀၆၆ ခုဖြင့် ဖွဲ့စည်းထားသည်။
၁။ မောင်းချင်းမိုင်မြို့နယ်: 500
၂။ ချွမ်ထောင်မြို့နယ်
၃။ မယ်ကျဲမ်မြို့နယ်
၄။ ချင်းဒေါင်မြို့နယ်
၅။ ဒွိုင်စကတ်မြို့နယ်
၆။ မယ်သဲင်မြို့နယ်
၇။ မယ်ရိမ်မြို့နယ်
၈။ ဆမောင်းမြို့နယ်
၉။ ဖန်မြို့နယ်
၁၀။ မယ်အိုင်မြို့နယ်
၁၁။ ဖရောင်မြို့နယ်
၁၂။ ဆန်ပါသောင်းမြို့နယ်
၁၃။ ဆန်ကမ်ဖဲင်မြို့နယ်
၁၄။ ဆန်ဆိုင်မြို့နယ်
၁၅။ ဟန်ဒေါင်မြို့နယ်
၁၆။ ဟော့တ်မြို့နယ်
၁၇။ ဒွိုင်သာအိုမြို့နယ်
၁၈။ အွမ်ကွယ်မြို့နယ်
၁၉။ ဆရဖီမြို့နယ်
၂၀။ ဝိုင်းဟဲင်မြို့နယ်
၂၁။ ချိုင်ပရာကန်မြို့နယ်
၂၂။ မယ်ဝန်မြို့နယ်
၂၃။ မယ်အွန်မြို့နယ်
၂၄။ ဒွိုင်လောမြို့နယ်
၂၅။ ကလျာဏီဝဒ္ဓနမြို့နယ်ဒေသန္တရအစိုးရအဖွဲ့အစည်းများ
ချင်းမိုင်ခရိုင်ကို အုပ်ချုပ်ရေးအရ အများစုမှာ အမ်ဖေါ ခေါ် မြို့နယ်များအဖြစ် ပိုင်းခြားထားသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ချင်းမိုင်ခရိုင်တွင် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့အစည်း (องค์การบริหารส่วนจังหวัด - ongkan borihan suan changwat) တစ်ခုနှင့် မြို့ပြအုပ်ချုပ်ရေးနယ်မြေ (ထေဆဘန်- thesaban) ၁၂၁ ခု ရှိသည်။
ခရိုင်မြို့တော်ဖြစ်သော ချင်းမိုင်မြို့ကြီးသည် ''ထေဆဘန်.နခွန်'' (thesaban nakhon) ခေါ် မြို့ကြီးအဆင့် အုပ်ချုပ်ရေးဒေသဖြစ်သည်။ မယ်ဂျို (Mae Jo)၊ မယ်ဟီယာ (Mae Hia)၊ မိုင်းကင်ဖတ်ထန (Mueang Kaen Phatthana) နှင့် တုံပဝ် (Ton Pao) တို့မှာ ''ထေဆဘန် မောင်း'' (thesaban mueang) ခေါ် မြို့ငယ်အဆင့် မြူနီစီပယ် အုပ်ချုပ်ရေးဒေသများဖြစ်သည်။
ထို့အပြင် ကျေးရွာအုပ်စုမြူနီစီပယ် (thesaban tambon) ၁၁၆ ခု ထပ်မံရှိသည်။ မြို့ကြီးအဆင့် မြူနီစီပယ်အုပ်ချုပ်ရေးနယ်မြေမဟုတ်သော ဒေသများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့အစည်းများ (องค์การบริหารส่วนตำบล - ongkan borihan suan tambon) ၈၉ ခုဖြင့် အုပ်ချုပ်လျက်ရှိသည်။
Remove ads
ခရီးသွားလုပ်ငန်း
ချင်းမိုင်ခရိုင်သည် သမိုင်းဝင်အဆောက်အအုံများ၊ ဘုရားကျောင်းကန်များ၊ သဘာဝအလှတရားများ၊ တိုင်းရင်းသားယဉ်ကျေးမှုများနှင့် လန်နအမွေအနှစ်များ ပေါကြွယ်ဝသောကြောင့် ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်သည်။ ထင်ရှားသော ခရီးသွားနေရာများမှာ-
- ဒွိုင်ဆုထပ် (Doi Suthep) - ချင်းမိုင်မြို့၏ သင်္ကေတတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အထွဋ်အမြတ်ထားရာ ဘုရားကျောင်းတစ်ကျောင်းဖြစ်သော ဝတ်ဘုရားဓာတ် ဒွိုင်ဆူထေ့ပ် (Wat Phra That Doi Suthep) တည်ရှိရာ တောင်ဖြစ်သည်။
- ဒွိုင်အင်ထာနွန် (Doi Inthanon) - ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်ပြီး အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားကာ သဘာဝရေတံခွန်များ၊ လှပသောရှုခင်းများနှင့် လှပသောဥယျာဉ်များ တည်ရှိသည်။
- ချင်းမိုင်မြို့ဟောင်း - ရှေးဟောင်းမြို့ရိုးများနှင့် ကျုံးများဖြင့် ဝန်းရံထားပြီး ရှေးဟောင်းဘုရားကျောင်းများစွာ တည်ရှိသည်။
- ညဈေးနှင့် လမ်းမများ - ရိုးရာလက်မှုပညာပစ္စည်းများ၊ ဒေသထွက်ကုန်များနှင့် ဒေသအစားအစာများကို ဝယ်ယူမြည်းစမ်းနိုင်သည့် နေရာများဖြစ်သည်။
ချင်းမိုင်သည် ၂၀၁၇ ခုနှစ်တွင် ယူနက်စကို (UNESCO) ၏ ဖန်တီးမှုမြို့ပြကွန်ရက် (Creative Cities Network) တွင် လက်မှုပညာနှင့် ရိုးရာအနုပညာနယ်ပယ်အတွက် ရွေးချယ်ခံခဲ့ရသည်။
Remove ads
မှတ်စု
- ထိုင်းအသံထွက်အားဖြင့် "ကျန်ဝတ် ချင်းမိုင်" ဟုခေါ်သည်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads